>quote for april 2009

>

ဧပြီလ စာကိုး စကားကိုး
ဧပြီ ၃ဝ၊ ၂ဝဝ၉


“အလွန် စိတ်မ၀င်စားလှသေးဘူးဗျ။ ဒါပေမဲ့ အထိုက်အလျောက်တော့ သိစ ပြုလာပြီပေါ့၊ ၀က်တုပ်ကွေး ဆိုတဲ့ရောဂါ ရှိနေပြီ ဆိုတာလောက်တော့ သိတယ်။ ဒါပေမဲ့ အဲဒီအပေါ်မှာ သတိထားဖို့တို့၊ ဆင်ခြင်ဖို့တို့ အဲဒါမျိုးတော့ ဘာမှ သိပ် မတွေ့ရသေး ဘူးဗျ။ နိုင်ငံခြား ရေဒီယိုတွေ နားထောင်တဲ့ လူလောက်ပဲ သိပြီး စိတ်ဝင်စားမယ် ထင်တယ်။ ပြည်တွင်းက လူတွေကတော့ ပွင့်ပွင့် လင်းလင်း ပြောရရင် သတင်းစာလည်း သိပ် မဖတ်ဖြစ်ဘူးဗျ။ ဖတ်ဖြစ်တဲ့လူ နည်းတယ်ပေါ့နော်။ နောက်တခုက တီဗွီ ဆိုရင်လည်း ဇာတ်လမ်းတွဲလောက်ပဲ ကြည့်တာကိုး”
ဒေါက်တာမြင့်ဇော်၊ မြန်မာနိုင်ငံ ဆရာဝန်များအသင်း ပြောခွင့်ရပုဂ္ဂိုလ်
ဗွီအိုအေ အသံလွှင့်ဌာန၊ ဧပြီ ၃၀

ရန်ကုန်မှ သင်္ကြန်မဏ္ဍပ်တခု (ဓာတ်ပုံ – flappingwings)
“သံချပ်ထိုးကြသည့် ဓလေ့သည် တစ်စတစ်စ တိမ်ကောစ ပြုလာ သလို အချို့မြို့ကြီးများတွင် သင်္ကြန် အလှပြကားဖြင့် လည်ပတ်မှုသည်လည်း ကုန်ကျစရိတ် အခက်အခဲကြောင့် နည်းပါးလာသည်ကို တွေ့ရသည်။ သံချပ်များနေရာတွင် ဟစ်ဟော့ပ် သီချင်းများ၊ Remix များက နေရာရ လာသလို ရေပက်ခံ မဏ္ဍပ်တို့တွင်လည်း ဒီဂျေဟု ထင်ရှားသည့် Disc Jockey များက အရောအနှော သံစဉ် တို့ဖြင့် အသုံးတော်ခံကြသည်”
ဇေဝင်းနောင်၊ စာနယ်ဇင်းသမား
Weekly Eleven ဂျာနယ်၊ ဧပြီ ၈

“ထိုင်းဥပဒေအရ – အသက် ၁၇ နှစ်ပြည့် အမျိုးသားတိုင်း တပ်သားသစ် ခေါ်ယူရေးရုံးသို့ အရန်တပ်ဖွဲ့အတွက် သွားရောက် မှတ်ပုံတင် ထားရသည်။ အနီနှင့် အမည်းရောင် စာရွက် ထည့်ထားသော မဲပုံးမှ မဲနှိုက် ရသည်။ အနီရောင်ကို နှိုက်မိသောသူသည် စစ်သင်တန်း တက်ရန် လက်မှတ်ကို ရယူရမည် ဖြစ်ပြီး အမည်းရောင်ကို နှိုက်မိသောသူသည် (စစ်မှုမထမ်းရမည့်) လွတ်ငြိမ်း ချမ်းသာခွင့် လက်မှတ်ကို ရယူရမည်ဖြစ်သည်။ တပ်သားသစ်တိုင်းသည် အမည် ခေါ်ခံရပြီးလျှင် မဲနှိုက်ရသည်၊ မဲနိုက်ချိန်တွင် အနီရောင်မဲ နှိုက်မိသူ ထိတ်လန့်ပြီး သတိလစ်မသွားအောင် အခြားအရာရှိတစ်ဦးက ကြိုတင်ဖက်ထားရသည်ဟု ဆို၏”
သျှမ်းသံတော်ဆင့် သတင်းဌာန၊ ဧပြီ ၎

“အရင်တုန်းက ကိုယ့်ဘလော့မှာ နိုင်ငံရေး မရေးရင် Spy လိုလို၊ စစ်တပ်ကလိုလို အထင်ခံရမယ့် ကာလလေးတွေ ရှိခဲ့ပါတယ်။ ဒီပို့စ်ရေးနေတဲ့ ယနေထက်တိုင်တော့ ဘလော့မှာ ရသမရေးရင် စာရေးရာ မမြည်ဘူးဆိုတဲ့ အတွေးအခေါ်လေးတွေ ရှိနေဆဲပါ။ ဟုတ်တော့လည်း ဟုတ်တာပဲ။ ဘလော့ရေးတာပဲ၊ စာ(ရသစာပေ) ရေးတာမှ မဟုတ်တာ။ ကျွန်တော် ဘလော့ စရေးတုန်းကလည်း အတွေးအခေါ်လည်း မဟုတ်၊ ရသလည်း မပေးနိုင်လို့ ကျွန်တော့် ဘလော့က ပုံမှန် အားပေးနေကြသူတွေ ကလွဲရင် တော်ရုံတန်ရုံ အတန်းထဲ မထည့်ချင်ပါဘူး။ အဲဒီတော့ We She Me က “အထွေထွေ” ဘလော့ဂ် ဖြစ်နေတာပေါ့”
We She Me၊ ဘလော်ဂါ
wesheme.blogspot.com ဧပြီ ၂ဝ

“နာမည်ကြီးစားသောက်ဆိုင်တွေမှာ လူတွေစားတာနည်းသွားလို့ တချို့ဆိုင်တွေ ပိတ်လိုက် ရတယ်လို့ကြားတယ်။ တပေါင်တန်ဆိုင်လို့ခေါ်တဲ့ ဘာဝယ်ဝယ် တပေါင်ပဲ ပေးရလေ့ရှိတဲ့ ဆိုင်တွေ စီးပွားဖြစ်ကြတယ်။ လူတွေနေ့လယ်ဆို ထမင်းဘူး ယူလာကြလို့ ထမင်းဘူးတွေ အရောင်းတက်တယ်။ ပြည်ပကို အားလပ်ရက်ထွက်တာမျိုးမလုပ်ဘဲ ပြည်တွင်းမှာပဲလည်ကြလို့ ပြည်တွင်းက ပန်းခြံတွေ အပန်းဖြေနေရာတွေက လုပ်ငန်းရှင်တွေ စီးပွားဖြစ်တယ်။

အပေါင်ဆိုင်တွေမှာ လူတွေပိုစည်လာတယ်။ အိမ်နားကဆိုင်မှာ ရွှေဆိုရင် ငွေပိုပေးတယ်လို့ လွန်ခဲ့တဲ့တလလောက်က ဆိုင်းဘုတ်ကြီးကပ်လိုက်တယ်။ သူခိုးတွေလဲ ပိုပေါလာတယ်။ မိတ်ဆွေတယောက်ရဲ့အိမ်အဖောက်ခံရတာ အင်္ကျီတောင်မချန် ယူသွားကြတယ်”
ဇီဇဝါ၊ ဘလော်ဂါ
zizawa.wordpress.com ဧပြီ ၂၁

“အချက်အပြုတ်နဲ့ ပတ်သက်ပြီး အသစ်အဆန်း ချက်ကြည့် စမ်းသပ်လုပ်ကြည့်ရတာကို ပျော်တယ်။ အများကြီးလည်း မစမ်းသပ်ဖြစ်ပါဘူး။ Blog တွေ လိုက်ဖတ်ကြည့်ပြီး ဟင်းချက်နည်း အသစ်တွေ့ရင် စမ်း ချက်ကြည့်လိုက်တာပဲ။ ကောင်းတာလည်း ရှိ၊ ပျက်တာလည်း ရှိ၊ လွှင့်ပစ်ရတာလည်း ရှိပေါ့။ ဟိုတလောကတောင် တိုဖူး စမ်း ကျိုကြည့်လိုက်သေးတယ်။ မအောင်မြင်သေးဘူး။ အရင် မြန်မာပြည်မှာတုန်းက စားချင်တာ အလွယ်တကူ ဝယ်စားလို့ရပေမယ့် မြန်မာပြည် ပြင်ပ ရောက်နေတော့လည်း ချက်ပြုတ်တာက အလိုလို ဝါသနာ ပါလာရတော့တာပဲ။ မပါလည်း အငတ်မှ မနေနိုင်တာကိုး။ အခုဆို မြန်မာ ဟင်းချက် Blog တွေ များလာလို့ ဟင်းချက်ရတာ ပိုတောင် ပျော်ဖို့ ကောင်းလာသေးတယ်”
နုစံ၊ ဘလော်ဂါ
sakura-myanmar.blogspot.com ဧပြီ ၂၁

“နေပြည်တော်လေဆိပ်ကို အေးရှားဝေါ(လ်)ကုမ္ပဏီ လီမိတက်က ၂ဝဝ၂ ခုနှစ် မေ၂၃ရက်တွင် မြေကြီးလုပ်ငန်းများ စတင်ဆောင်ရွက်”
မြန်မာ့အလင်း သတင်းစာ၊ ဧပြီ ၂၄

“ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုက်ရိုက်ဆွေးနွေးပါ။ ကြားက ဦးအောင်ကြည်တွေ ဘာတွေ မလိုချင်ဘူး”
ဒေါ်ခင်စောဋ္ဌေး၊ ရေနံချောင်းမြို့နယ်မှ နိုင်ငံရေးသမား
မဇ္ဈိမသတင်းဌာန၊ ဧပြီ ၂၃

အီရန်မှ အမျိုးသမီးတဦး (ဓာတ်ပုံ – nuppy.sifoorian.com)

“ဝတ်ပုံ စားပုံက အစ္စလာမ်မစ် ပုဝါကို ခြုံပြီးတော့ လုံလုံခြုံခြုံ ဝတ်ပါတယ်၊ အမျိုးသမီးတိုင်း ဒီကို ခြေချပြီ ဆိုတာနဲ့ ဖော်ရိန်နာ ဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် ခေါင်းကို ခြုံရတာ။ လေယာဉ်ပေါ် တက်တာနဲ့ လေယာဉ်မယ်တွေ ပုဝါ မပါတဲ့သူတွေကို ပုဝါ ပေးကို ပေးတယ်။ လက်ရှည်အင်္ကျီ ဝတ်ရမယ်၊ အဲဒီလိုမျိုး။ ဘယ်သူမဆို။ ဒီက ထုံးတမ်းဓလေ့ပေါ့နော်”
မမေမြတ်သူ၊ အီရန်နိုင်ငံရောက် မြန်မာအမျိုးသမီးတဦး
ဘီဘီစီ၊ မြန်မာဌာန၊ ပွင့်သစ် လှိုင်းသစ် ရနံ့သစ် အစီအစဉ်၊ ဧပြီ ၁၉

ဦးလူမော် (ဓာတ်ပုံ- efoto.lt)

“ကိုယ်က မန္တလေးမှာ နေတာဆိုတော့ သူငယ်ချင်း အပေါင်းအသင်းတွေက ပွဲကြို တီးလုံးတွေ တိုက်ပြီး တကယ့် ရက်ကြီးမှာလည်း ကကြမယ်ဆိုတော့ ကျနော်တို့ နှုတ်ခမ်းမွေးအဖွဲ့ ကချင်ပါတယ်။ ပျော်ပျော် ရွှင်ရွှင်ပေါ့။ ဒါပေမယ့် ဒီ (မန္တလေးမြို့ နှစ် ၁၅၀ ပြည့်ပွဲတော်မှာ ပါဝင် မဆင်နွှဲရဘူး ဆိုတော့ စိတ်ထဲမှာ မကောင်းဘူးပေါ့ဗျာ”
ဦးလူမော်၊ လူရွှင်တော်
burmese.dvb.no/textonly ၊ ဧပြီ ၂၈
“ဂြိုဟ်တု စလောင်း ဆိုသည်မှာ နိုင်ငံကြီးများက မိမိပိုင် မီဒီယာ လက်နက် နှင့် ဖျော်ဖြေမှု အနုပညာကို ခုတုံးလုပ်၍ နိုင်ငံတကာကို မီဒီယာအရ သြဇာလွှမ်းမိုးလာနိုင်စေရန် ရည်ရွယ် ထုတ်လွှင့်နေကြခြင်း ဖြစ်ပါသည်။ – – – ထို့ကြောင့် ကျွန်တော်တို့ စလောင်းကြည့်နေကြခြင်းသည် အဆိပ်အတောက်များ၊ ၀ါဒမှိုင်းများ၊ အညှီအဟောက်များကို ပိုက်ဆံပေးပြီး ၀ယ်နေကြသည့် သဘောပင် ဖြစ်သည်”
ကိုကြီး ငွေဇင်ယော်၊ သတင်းစာ ဆောင်းပါးရှင်
ကြေးမုံသတင်းစာ၊ ဧပြီ ၂၄



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts