>
မိုးမခ အထောက်တော် ဝဝ၈
ဧပြီ ၂၉၊ ၂ဝဝ၉
ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ ကျွန်းတောရပ်ကွက်မှ ဦးအောင်ဖေသည် ပြီးခဲ့သည့်လက မြို့လယ်တွင် ဆန္ဒပြရာ ဖမ်းဆီးခံရသည်။ အာဏာပိုင်တို့က သူ့အား ဆန္ဒပြမှုကြောင့် မဟုတ်ဘဲ ရပ်ကွက်ပြင်ပသို့ မထွက်ရန် တားမြစ်မှုကို ချိုးဖောက်သည်ဟု ဆိုကာ ယခုကဲ့သို့ ထောင်ချလိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား ၂ဝဝဝ ကျော် ရှိသော်လည်း ဦးအောင်ဖေ၏ အမှုမှာ ထူးခြားနေသည်။
ဦးအောင်ဖေသည် ကျူရှင်ဆရာ တဦး ဖြစ်သည်။ ၂ဝဝ၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့ (ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့) တွင် သူ၏ တပည့်များနှင့်အတူ တွံတေးမြို့ လွတ်လပ်ရေး ကျောက်တိုင်သို့ သွားရောက်ကာ အလေးပြုခဲ့သဖြင့် ပထမဆုံးအကြိမ် ဖမ်းဆီးခံရသည်။
၆လ အကြာတွင် အာဏာပိုင်တို့က သူ့ကို ကျူရှင်ဥပဒေဟု ခေါ်သည့် “ဘာသာရပ်သင် ကိုယ်ပိုင် သင်တန်း ဥပဒေ ပုဒ်မ ၂၃” ဖြင့် ထောင် ၃ နှစ် ချလိုက်သည်။ အင်းစိန်ထောင်တွင် ၃ နှစ်တိတိ နေခဲ့ရသည်။
ထောင်မှ ပြန်လွတ်လာပြီးနောက်ပိုင်း မကြာခဏ တကိုယ်တော် ဆန္ဒပြလေ့ရှိသောကြောင့် သူ၏ ရပ်ကွက်အတွင်း ခြေချုပ်ချခံခဲ့ရခြင်း ဖြစ်သည်။ ယခုအခါ ခြေချုပ်ဖောက်ဖျက်မှုဖြင့် ထောင် ၁ နှစ် ကျပြီးနောက် အင်းစိန်ထောင်သို့ ပို့ဆောင်ခံရသည်ဟု သိရသည်။
ဦးအောင်ဖေ၏ အမည်ရင်းမှာ ဦးခင်မောင်ဦး ဖြစ်သည်။ အသက် ၅၁ နှစ် ရှိပြီဟု သိရသည်။