>Win Myat – We will flee if Irrwaddy is in the Weather News …

>

လပွတ္တာ မြို့ဆိပ်ကမ်း

မိုးလေ၀သကြေငြာတဲ့အထဲမှာ ဧရာဝတီတိုင်းပါပြီဆိုတာနဲ့ ပြေးမှာပဲ

(နာဂစ်မုန်တိုင်းတွင် မသေဘဲ ကျန်ရစ်သူနဲ့ အင်တာဗျုး)

ဝင်းမြတ်

ဧပြီ ၂၇၊ ၂၀၀၉

(လပွတ္တာ၊ ဧပြီ ၂၁)

နာဂစ်ဆိုင်ကလုန်းမုန်တိုင်း မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသကို ၀င်ရောက်တိုက်ခတ်ခဲ့တာ တနှစ်နီးပါးဖြစ်လာ ပေမယ့် ၄င်းဒေသမှာ နေထိုင်နေသူများအတွက် လုံခြုံစိတ်ချရတဲ့ပတ်ဝန်းကျင်အခြေအနေတွေနဲ့ အသက်မွေးဝမ်းကျောင်းမှုတွေ လိုနေဆဲဖြစ်တာ တွေ့မြင်ရပါတယ်။

သူတို့အတွက်လုံခြုံစိတ်ချမှုရှိတဲ့ နေအိမ်၊ မုန်တိုင်းလာရင် ပုန်းခိုဖို့ ခိုင်ခံ့တဲ့အဆောက်အဦနဲ့ စနစ်ကျတဲ့ကြိုတင်ပြင်ဆင်မှုတွေလည်း လိုအပ်နေသေးတာတွေ့ရသလို သူတို့ခံစားခဲ့ရတဲ့ အကြောက်တရားနဲ့ စိတ်ဒဏ်သင့်မှုတွေ မပြေပျောက်နိုင်သေးတာကို တွေ့နေရပါတယ်။

ယခုလလယ်က ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်ခဲ့တဲ့ ဘစ်ဂျလီ မုန်တိုင်းကြောင့် နာဂစ်ဆိုင်ကလုန်းဒဏ်သင့် မြစ်ဝကျွန်ပေါ်ဒေသက လူတွေ အထိတ်တလန့်ဖြစ်ခဲ့ကြရတယ်။ နီးစပ်ရာ မြို့တွေနဲ့ ရေလွတ်မယ်ထင်တဲ့နေရာတွေကို ရရာ စက်လှေ သင်္ဘောတွေနဲ့ ပြောင်းရွှေ့ခဲ့ကြတယ်။

 လပွတ္တာနှင့် ရွာများသို့ပြေးဆွဲသည့် `လိုင်းကောင်´ ဟုခေါ်ဆိုသည့် မော်တော်

လပွတ္တာမြို့ပေါ်က အထင်ကရ ဘုန်းကြီးကျောင်းတစ်ခုမှာ လောလောဆယ် ရောက်ရှိနေတဲ့လပွတ္တာမြို့နယ်အပိုင် ဉာဏ်ကွင်းကျေးရွာသား ကိုသိန်းလွင် (၄၈ နှစ်) နဲ့ ဘစ်ဂျလီမုန်တိုင်းကြောင့် လပွတ္တာမြို့ပေါ်ကို သူတို့မိသားစု ရွှေ့ပြောင်းလာပုံကို မေးမြန်းကြည့်ရာမှာ

“ကျွန်တော်တို့ နှစ်ဆန်းတစ်ရက်နေ့ကပြောင်းလာတာ။ ရေဒီယိုမှာ မုန်တိုင်းသတင်းကြေငြာချက်ကြားလိုက်ရတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းကိုဝင်ပြီး ဧရာဝတီတိုင်းမှာလည်း ဒီရေတက်မယ်လို့ကြားလို့ တက်လာတာ။ ရွာကနေ ဒီကို( လပွတ္တာ) လာတော့ စက်လှေခက တစ်ယောက်ကို တစ်ထောင်ပေးရတယ်။

နာဂစ်တုန်းက ကျွန်တော့် မိသားစုဝင်ထဲက ဆွေမျိုးသားချင်း ၂၇ ယောက် သေဆုံးသွားတယ်။ အခု ကျွန်တော့်မိသားစုမှာ စုစုပေါင်း ခြောက်ယောက်ပဲ ကျန်တော့တယ်။ ဟိုတစ်ခေါက်တုန်းက မျက်စိရှေ့မှာတင် အဖေရော အမေပါဆုံးသွားခဲ့တယ်။ အခုတော့ အဲဒီလို အဖြစ်မခံနိုင်တော့ဘူး။

မြို့ပေါ်ကိုတက်လာလို့ သတ်ပစ်မယ်ဆိုလည်း ကျွန်တော်တို့ကတော့ တက်လာမှာပဲ။ သတ်ခါမှ သေသေ မုန်တိုင်းကြောင့်တော့ အသေမခံနိုင်တော့ဘူး။ အဖေ့ကိုလှမ်းဆွဲမလို့လုပ်တုန်း အမေက ကယ်ပါဦးဆိုတာနဲ့ အမေ့ကိုလှည့်ကြည့်လိုက်တော့ အဖေက ရေထဲပါသွားရော။ အဖေ့ကို ဆွဲရမလို အမေ့ကို ဆွဲရမလိုနဲ့ နှစ်ယောက်စလုံးရေထဲပါကုန်တယ်။ သားအကြီးကမွေးတဲ့ မြေးကလေးတွေလည်း မျက်စိရှေ့မှာတင် အကုန်လုံးမျောကုန်တာ။ ဘာမှမတတ်နိုင်ဘူး။

လျှပ်ပြက်လိုက်ရင် အကုန်လုံးမြင်ရတယ်။ ငရဲပွက်နေသလိုပဲ။ လှိုင်းတွေကြားထဲမှာ အကုန်လုံးရောမွှေနေတာ။ ပြီးသွားရင် ကျောခြင်းကပ်နေတဲ့ လူကိုတောင် ကြားအောင်ပြောဖို့မလွယ်ဘူး။ ဖြတ်ခနဲဖြတ်ခနဲ ငရဲကိုရောက်သွားသလိုပဲ။ မြင်ရတဲ့မြင်ကွင်းတွေက အခုထိမေ့လို့မရသေးဘူး။

နာဂစ်ပြီးတော့ သုံးရက်လောက်အထိ ဘယ်သူမှ ရောက်မလာဘူး။ ကလေးတွေကို ကြွေကျတဲ့ အုန်းသီးတွေခွဲပြီးကျွေးရတယ်။ သောက်ရေလည်းမရှိ စားစရာဆိုလို့ဘာမှမရှိဘူး။ ဘယ်နားကြည့်ကြည့် အလောင်းတွေဆိုတာ ပွနေတာပဲ။ ကြောက်တောင် မကြောက်နိုင်တော့ဘူး။ သူတို့ကိုကြည့်ပြီး အစကတော့ အသေဆိုးလို့ ထင်ခဲ့တာ ကျန်ခဲ့တဲ့သူတွေက အရှင်ဆိုးမှန်း အခုမှသိရတော့တယ်။

သေတဲ့သူက ငြိမ်းချမ်းသွားပြီ။ ကျန်ခဲ့တဲ့သူက တစ်သက်လုံးဒုက္ခနဲ့နေရဦးမှာ။ ဒီတစ်ခါလာရင်တော့ ရှောင်လို့မရတဲ့အဆုံးကျရင် အကုန်လုံး သေသွားပါစေလို့ဆုတောင်းတယ်။ အခုသားနှစ်ယောက် သမီးနှစ်ယောက်ကျန်ခဲ့တယ်။ အငယ်ဆုံးသမီးက တစ်နှစ်နဲ့ တစ်လပဲရှိသေးတယ်။

နေဖို့ထိုင်ဖို့ တာပေါ်လင်စတွေတော့ပေးပါတယ်။ အခုတော့ အကုန်လုံးစုတ်ပြဲကုန်ပြီ။ မိုးရွာရင် အထဲကနေ မိုးကာလေးတွေနဲ့ ထပ်ပြီးပိုးထားရတာပေါ့။ တစ်ညလုံးမိုးသည်းနေရင်တော့ ငုတ်တုပ်ထထိုင်နေရုံပဲပေါ့။ လာမယ့်မိုးတွင်းအတွက်ကတော့ ဘယ်လိုမှ လုံခြုံမှုပေးနိုင်မှာမဟုတ်တော့ဘူး။

လှေကလည်း သေးသေးလေးပဲရတော့ ချောင်းရိုးထဲမှာပဲ ကဏန်းလိုက်ထောင်တယ်။ ရာသီဥတု နည်းနည်းဖောက်လာတာနဲ့ ချောင်းထဲမဆင်းရဲတော့ဘူး။ အရင်ကလောက် အရအမိ မများပေမယ့် ဝေခြမ်းရေးကပေးတာလေးတွေနဲ့ဆိုတော့ ထမင်းတော့ နပ်မကျော်(ထမင်း တနပ်မှမလွတ်)ပါဘူး

လူတစ်ဦးကို တစ်လစာ ဆန် ၅ပြည်နဲ့ဆီ ငါးဆယ်သားပေးပါတယ်။ လွန်ခဲ့တဲ့နှစ်ပတ်လောက်အထိရသေးတယ်။ ဘယ်အဖွဲ့တွေက ပေးလဲတော့ သေချာ မသိပါဘူး။ ကျန်တာတွေတော့ မရဖူးပါဘူး”

လို့ သူ့ရဲ့ အတွေ့အကြုံနဲ့ ခံစားနေရတဲ့ ကြောက်လန့်မှုကို ပြောပြပါတယ်။

 နာဂစ်ဖြစ်နောက်ပိုင်း ဖြစ်သလို ပြန်လည်ဆောက်လုပ် ထားသည့် လူနေအိမ်များ

သူကပင် ဆက်လက်ပြီး

“ဒီကိုလာတော့ အိမ်တွေကို ဒီအတိုင်းပစ်ထားခဲ့ရတာပေါ့။ အိမ်ထဲမှာလည်းတန်ဖိုးရှိတာဆိုလို့ လူကလွဲပြီးဘာမှမရှိပါဘူး။ ယူချင်တာယူကြပါစေ။ ရွာမှာ ရွာလူကြီးနဲ့ နည်းနည်းပါးပါး တတ်နိုင်တဲ့သူတွေလောက်ပဲကျန်ခဲ့တာ။ သူတို့မှာက လှေပိုင်ရှိတော့ သူတို့လာချင်တဲ့ အချိန် လာလို့ရတယ်။ ကိုယ့်မှာက ဘာမှမရှိတော့ လိုင်းကောင်(ပုံမှန်ပြေးဆွဲတဲ့ စက်လှေ၊ သင်္ဘော) နဲ့အမီလိုက်ရတာ။

ဘာမှလည်းမလိုချင်တော့ပါဘူး။ အိကျီ င်္ ကောင်းကောင်းတွေ တိုက်ခံအိမ်တွေ ပေးမယ်ဆိုလည်း မလိုချင်တော့ပါဘူး။ ပုံမှန်လေးစားနေရရင်တော်ပါပြီ။ ဒီလိုအန္တရာယ် များတဲ့နေရာမှာမနေချင်တော့ပါဘူး။ မနေချင်ဘူးဆိုတော့ အစစအရာရာ ခေါင်ခိုက်နေတဲ့ ခေတ်ကြီးထဲမှာ ဘယ်သွားရမှန်းလည်း မသိပါဘူး။

ပြန်ဖို့လမ်းစရိတ်မရှိလို့ ငါးပိဆိပ်(ငါးပိတင်ချလုပ်တဲ့ဆိပ်ကမ်း) မှာ အလုပ်သွားရှာသေးတယ်။ မလွယ်ပါဘူး။ ရွာကပါလာတဲ့ဆန်နဲ့ ငါးပိ၊ငါးခြောက်လေး တွေပဲ လောလောဆယ်တောစားနေရတာပေါ့။ အရမ်းခက်ခဲလာရင်တော့ ဆရာတော်ကိုသွားလျှောက်ရမှာပဲ။

ဒီနှစ်မိုးတွင်းကတော့ မိသားစုကို ဒီမှာပဲထားခဲ့ပြီး ကိုယ်ကတော့ ရွာကိုပြန်အလုပ်လုပ်လိုက် ရာသီဥတုမသာရင် ပြန်တက်လာလိုက် လုပ်မယ်လို့ စိတ်ကူးထားတယ်။ မိုးလေ၀သကြေငြာချက်ထဲမှာ ဧရာဝတီတိုင်းလို့ ပါပြီဆိုတာနဲ့ မပြေးလို့ရတော့ဘူး။ ဟိုတစ်ခေါက်တုန်းက မပြေးခဲ့လို့ဖြစ်ခဲ့ပြီးပြီ။ မေးနေလို့သာပြောနေရတာ ပြောဖို့တော်တော်အားယူရတယ်။

မနှစ်က ဒီလိုအချိန်ဆိုရင် သူတို့တွေ သေကုန်ကြပြီ။ (မြန်မာခုနှစ်နှင့် တွက်ချက်ပြောခြင်းဖြစ်သည်။ နာဂစ်တိုက်ခတ်ခဲ့သောတန်ခူးလဆုန် ၁၂ ရက်မှာ ယခုနှစ်တွင် ဧပြီ ၂၁ ရက်ဖြစ်သည်။တွေ့မေးသည့်အချိန်က ညနေ ငါးနာရီခွဲခန့်ဖြစ်သည်)။ သူတို့အတွက် ရည်စူးပြီး ဘုန်းကြီးကျောင်းကို ဆွမ်းလေးတစ်အုပ်လောက်ပို့ချင်ပေမယ့် လောလောဆယ် ကိုယ့်မှာက အိမ်ပြန်ဖို့တောင် လမ်းစရိတ်မရှိဖြစ်နေတော့ သူတို့ကိုသတိရရုံကလွဲပြီး ဘာမှမတတ်နိုင်တော့ပါဘူး။”


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts