>Naing Lin Aung – Thai Politics From A Burmese Perspective

>

ထိုင်းနိုင်ငံရေးနှင့် မြန်မာ့အတွေး

နိုင်လင်းအောင်

ဧပြီ ၂၆၊ ၂၀၀၉

ကုန်လွန်ခဲ့တဲ့ သီတင်းပတ်မှာ ကျရောက်ခဲ့တဲ့ ရိုးရာ နှစ်သစ်ကူး သင်္ကြန်ကာလမှာ ထိုင်းနိုင်ငံရဲ့ မြို့တော်နဲ့ အခြားမြို့ကြီးတချို့မှာ အနီရောင် ရှပ်အကျီင်္ဝတ်တဲ့ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ကို ထောက်ခံသူတွေဟာ ဆန္ဒပြပွဲကို အစွမ်းကုန် အရှိန်မြှင့်ပြီး နိုင်ငံရေး တိုက်ပွဲ ဆင်နွှဲခဲ့ကြပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ နည်းလမ်းတင်မဟုတ်တော့ပဲ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ ကျင်းပတဲ့ နိုင်ငံတကာ စည်းဝေးပွဲကိုလည်း ရပ်တန့်စေခဲ့ပြီး ဘန်ကောက်မြို့မှ အစိုးရရုံးရဲ့ ပြည်ထဲရေး ၀န်ကြီးဌါနရုံးခန်းကိုဝင်စီးခဲ့ပါတယ်။သင်္ကြန်မတိုင်မီကတည်းက ဆင်နွှဲလာတဲ့ ဆန္ဒပြပွဲကို သင်္ကြန်ကာလ အရောက်မှာ အရှိန်မြှင့်တင် ခဲ့တာတွေရပါတယ်။ ၀န်ကြီးချုပ်ဟောင်း သက်ဆင်က ဒူဘိုင်းမြို့ကနေ ညွှန်ကြားသလို တော်လှန်ရေးကို ဆင်နွှဲကြမယ့် အနေအထား အထိ ရောက်ခဲ့ပါတယ်။

စိတ်ဝမ်းကွဲနေတဲ့ ထိုင်းနိုင်ငံ

ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးမှာ မြို့နေ စီးပွားရေး လုပ်ငန်းရှင်၊ ကုမ္ပဏီဝန်ထမ်းနဲ့ ပညာတတ်သူတွေက သက်ဆင်ကို မနှစ်သက်ကြပဲ ပီအေဒီလို့ခေါ်တဲ့ ပြည်သူ့ ဒီမိုကရက်တစ် မဟာမိတ် အဖွဲ့ကို ထောက်ခံကြပါတယ်။ သူတို့ဟာ ရှပ်အကျီင်္အ၀ါ ၀တ်ဆင်ကြလို့ ရှပ်ဝါတွေလို့လည်း လွယ်လွယ်ခေါ်ကြပါတယ်။ သူတို့က သက်ဆင်အာဏာ ရှိစဉ်ကာလမှာ အာဏာ ခိုင်မာသည်ထက် ခိုင်မာအောင် တည်ဆောက်နေတာကို သတိပြုမိခဲ့ကြပြီး အဲဒီအတွက် လိုအပ်ရင် စစ်တပ်က အာဏာသိမ်းတာကိုပင် ထောက်ခံအားပေးခဲ့ကြပါတယ်။

ဘုရင်စနစ်ကို ကာကွယ်ဖို့၊ သက်ဆင်နိုင်ငံရေးနယ်ပယ်ထဲ ပြန်မ၀င်လာဖို့နဲ့ သက်ဆင်နဲ့ နှီးနွှယ်သူတွေ ရွေးကောက်ပွဲမှာ မဲဝယ်ပြီး အာဏာရလာတာကိုလည်း မလိုလားခဲ့ကြပါဘူး။ အခြားတဘက်မှာတော့ ထိုင်းနိုင်ငံရဲ့ လူဦးရေ ထူထပ်ပြီး လူနေမှု အဆင့်အတန်း နိမ့်ကျနေသေးတဲ့ အရှေ့မြောက်ပိုင်းဒေသမှ ပြည်သူတွေဟာ သက်ဆင်အာဏာရှိစဉ်ကာလမှာ ကျေးရွာတရွာကို ဘတ်ငွေ တသန်းအစိုးရက ထုတ်ချေးပေးတဲ့အစီအစဉ်၊ ဘတ် ၃၀နဲ့ ဆေးကုသခွင့်ရှိတဲ့ ကျန်းမာရေး အစီအစဉ် တို့ကြောင့် သက်ဆင်ကို ယခုအချိန်ထိထောက်ခံ နေကြသေးပြီး သက်ဆင်ကလည်း နိုင်ငံရေး လှုပ်ရှားမှုတွေ လုပ်နိုင်အောင် ပြည်ပမှ ငွေကြေးထောက်ပံ့နေတယ် လို့လေ့လာသူတွေက ပြောဆိုပါတယ်။ ၂၀၀၇ ခုနှစ်အကုန်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာလည်း အရှေ့မြောက်ဒေသမှာ မဲဝယ်မှုတွေရှိခဲ့တယ်လို့ စွပ်စွဲပြောဆိုမှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဒီအချက်ကြောင့် ရွေးကောက်ခံရပြီး တက်လာတဲ့ သက်ဆင်ကို ထောက်ခံတဲ့ ပီပီပီ ပါတီခေါင်းဆောင် ဆမက်ကို ပြုတ်ကျအောင်လုပ်ဖို့ အတွက် ပီအေဒီ နိုင်ငံရေး သမားတွေက နည်းလမ်းရှာကြပါတော့တယ်။ သက်ဆင်ထောက်ခံတဲ့ ဆမက်ကို ရာထူးမှ ဆင်းပေးဖို့ ဆန္ဒပြကြရာမှာ ပီအေဒီက စစ်တပ်နဲ့ ရဲကို ခဏ လက်ပိုက်ကြည့်နေစေ ခဲ့ပါတယ်။ ယခုလက်ရှိဝန်ကြီးချုပ် အဘီဆစ်ဟာ ပီအေဒီအုပ်စုထဲမှာ ပါဝင်သူတော့ မဟုတ်ပါဘူး။ သို့ပေမယ့်လို့ ဒီမိုကရက်တစ်ပါတီကို စစ်တပ်နဲ့ နီးစပ်တဲ့ ဆက်ဆံရေးရှိသူလို့ ထိုင်းနိုင်ငံရေးနယ်ပယ်မှာ နားလည်ထားကြပါတယ်။

အစောပိုင်း ပီအေဒီရှပ်ဝါတွေ ဆန္ဒပြမှုမှာ ရဲဖြိုခွင်းမှုကြောင့် အမျိုးသမီး တဦးသေဆုံးသွားခဲ့ရပါတယ်။ ထိုအမျိုးသမီးရဲ့ အသုဘအခမ်းအနားကို မိဘုရားက လိုက်လံပို့ဆောင် ခဲ့တာကြောင့် နောက်ထပ်ဖြစ်တဲ့ ဆန္ဒပြပွဲတွေမှာ ရဲရော စစ်တပ်ပါလက်ရှောင် နေခဲ့ကြပါတော့တယ်။ အဲဒီနောက် လနဲ့ချီကြာတဲ့ ၀န်ကြီးချုပ်ရုံးကိုဝိုင်းထားရာကနေ ဆန္ဒပြသူတွေဟာ ထိုင်းနိုင်ငံရဲ့ အဓိကအကျဆုံး နိုင်ငံတကာ လေဆိပ်ကို နိုဝင်ဘာလကုန်မှာ ပိတ်ဆို့နေရာယူထား လိုက်ပါတော့တယ်။

၉ရက်ကြာတဲ့ လေဆိပ်ပိတ်ဆို့မှု နောက်မှာတော့ ပီပီပီမှ သက်ဆင်ရဲ့ ယောက်ဖတော်စပ်သူ ၀န်ကြီးချုပ် ဆွန်ချိုင်းလည်း နှုတ်ထွက် ပေးခဲ့ရပါတော့တယ်။

ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီ လမ်းခရီး

ထိုင်းနိုင်ငံဟာ ဒီမိုကရက်တစ် နိုင်ငံတနိုင်ငံအဖြစ်ကို ဦးတည်သွားနေတဲ့ နိုင်ငံဖြစ်ပြီး လက်ရှိ ကျင့်သုံးနေတာ ၂၀၀၆ခုနှစ် အာဏာသိမ်းပြီး နောက်မှာ ရေးဆွဲတဲ့ အခြေခံဥပဒေဖြစ်ပါတယ်။ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ဒေသမှာ အမြစ်တွယ်နေတဲ့ သက်ဆင်ရဲ့ နိုင်ငံရေး သြဇာကို ဖယ်ရှားဖို့ ကြိုးစားတာဟာ ရေရှည်လုပ်ရမယ့် အလုပ်တခုလို ဖြစ်နေပါတယ်။

ပီအေဒီ နိုင်ငံရေးပါတီ အင်အားစုများဟာ အဆိုပါ သက်ဆင်ထောက်ခံသူတွေကို စည်းရုံးခေါ်ဆောင်ဖို့ထက် လတ်တလော ပီပီပီ ပြုတ်ကျရေးကိုသာ မြို့နေ လူထုအားနဲ့ အကြပ်ကိုင်ပြီး လုပ်ဆောင်ခဲ့ပါတယ်။ ထိုင်းနိုင်ငံရေး နယ်ပယ်က နိုင်ငံရေး သမားတွေဟာ ဒီမိုကရေစီနည်းလမ်းအတိုင်း ကျင့်သုံးရတာ လမ်းရှည်တယ် လို့ထင်ပြီး လမ်းပေါ်ထွက်ကာ အစိုးရကို အကြပ်ကိုင်တဲ့နည်းက ပိုကောင်းတယ်လို့ ထင်မြင်လာပါတော့တယ်။

ဒီအချက်ဟာ ထိုင်းနိုင်ငံ ဒီမိုကရေစီ စနစ်အတွက် အနှုတ်လက္ခဏာ သဘော ဆောင်ခဲ့ပါတယ်။ နိုင်ငံရေး ပါတီများအနေနဲ့ လွတ်လွတ်လပ်လပ် စည်းရုံးလှုပ်ရှားခွင့်ရှိတဲ့ ထိုင်းနိုင်ငံမှာ သက်ဆင် ဆန့်ကျင်သူများဟာ အရှေ့မြောက်ပိုင်း ဒေသက ကျေးလက်လူထုရဲ့ ထောက်ခံမှုရအောင် လူထုတွေရဲ့ ရေရှည်အကျိုးစီးပွားနဲ့ လူမှုစီးပွားရေး အခက်အခဲတွေကို ဖြေရှင်းပေးပြီး စည်းရုံးရေး တည်ဆောက်ဖို့၊ ထောက်ခံမှုရအောင် ပြုလုပ်ဖို့ ကိုစိတ်မ၀င်စားခဲ့တာဟာ သက်ဆင်ကို ဆန့်ကျင်သူတွေရဲ့ အားနည်းချက် တခုလို ဖြစ်ခဲ့ရပါတယ်။

ပီအေဒီ နဲ့ ၀န်ကြီးချုပ် အဘီဆစ် ဦးဆောင်နေတဲ့ ဒီမိုကရက်တစ် ပါတီတို့ဟာ မြို့နေလူတန်းစား အလွှာကို ယေဘုယျ အားဖြင့် ကိုယ်စားပြုပြီး ထိုင်းနိုင်ငံကျေးလက် ဒေသက ပြည်သူတွေနဲ့ လူနေမှုအဆင့်အတန်း ကွာဟမှုကလည်း ကြီးမားနေပါသေးတယ်။ ထိုသို့သော စီးပွားရေး နဲ့လူမှုရေးကို အခြေခံတဲ့ မတူညီကွဲပြားမှုတွေဟာ နိုင်ငံရေးမှာ ရောင်ပြန်ဟပ်ပြီး ထိုင်းနိုင်ငံ ရဲ့ရှေ့သို့ချီတက်မယ့် ဒီမိုကရေစီခရီးလမ်းကို အဟန့်အတားပြုနေတဲ့ သဘောဖြစ်နေပါတယ်။

အဘီဆစ် အစိုးရရဲ့ ကိုင်တွယ်ပုံ

အဘီဆစ် အစိုးရကို သက်ဆင်ဆန့်ကျင်သူများက ၀န်ကြီးချုပ်ဖြစ်လာတာဟာ နည်းလမ်းမကျဘူးလို့ ဝေဘန်ပြီး ဆင်းပေးဖို့ ရွေးကောက်ပွဲ အသစ်လုပ်ဖို့ ဖိအားပေးခဲ့ကြတာပါ။ သို့ပေမယ့်လည်း ငယ်ရွယ်တဲ့ ဒီမိုကရက်တစ် ပါတီခေါင်းဆောင် ၀န်ကြီးချုပ် အဘီဆစ်က ငြင်းပယ်ခဲ့ပြီး ဧပြီလဒုတိယ ပတ်မှာ ပက်တရား ကမ်းခြေမှာ အာရှနဲ့ ထိပ်သီး ၃နိုင်ငံ စည်းဝေးပွဲကို ကျင်းပဖို့ပြင်ဆင်ခဲ့တာပါ။

ဆန့်ကျင် ဆန္ဒပြသူတွေကြောင့် စည်းဝေးပွဲလည်းပျက်ပြီး ဘန်ကောက်မြို့ပေါ်မှာလည်း အဓိကကျတဲ့ လမ်းဆုံတွေကို ရက်အတန်ကြာ ပိတ်ဆို့ထားခဲ့ပါတယ်။ ဘန်ကောက်မြို့ပေါ်မှ တက်စီမောင်းသူများထဲမှာ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ကို ထောက်ခံသူ အများအပြားရှိပါတယ်။ ၂၀၀၆ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးမကြာမီမှာ တက်စီမောင်းသူတဦးဟာ သူ့ရဲ့ ကားနံဘေးမှာ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ကြွေးကြော်သံကို မှုတ်ဆေးဖြင့်ရေးပြီး ဘန်ကောက်မြို့ကိုလှည့်လည် မောင်းနှင်ပြီး နောက်ဆုံး လမ်းဆုံတွေမှာ ချထားတဲ့ သံချပ်ကာကားကို အသေခံဝင်တိုက်ခဲ့ပါတယ်။

ယခုတကြိမ် ဆန္ဒပြရာမှာလည်း ဘန်ကောက်မြို့လယ်က လမ်းတွေပိတ်ဆို့ရာမှာ တက်စီမောင်းသူတွေ ပါဝင်ပူးပေါင်း ခဲ့ကြတာတွေ့ရပါတယ်။ အာစီယံနဲ့ အာရှ ထိပ်သီးစည်းဝေး ရပ်တန့်ပြီး ဘန်ကောက်မြို့ကို လည်းလမ်းတွေပိတ်ဆို့ ထားကာ နယ်မြို့တွေမှ သက်ဆင်ထောက်ခံသူများပါ ပူးပေါင်းလာကြဖို့ ရှပ်နီခေါင်းဆောင်တွေက နှိုးဆော်ခဲ့ပါတယ်။

ဒီအခြေအနေမှာ ၀န်ကြီးချုပ် အဘီဆစ်က အရေးပေါ် အခြေအနေ ကြေငြာပြီး ဆန္ဒပြမှုတွေကို ဖြိုခွင်းမယ်လို့ အသိပေးကြေငြာ ခဲ့ပါတယ်။ ဘာလုပ်မယ်ဆိုတာကို အတိအလင်းကြေငြာပြီး ဆန္ဒပြပိတ်ဆို့ထားသူတွေကို ဖြိုခွဲမယ့် စစ်တပ်ကိုလည်း ဆန္ဒပြသူတွေအထဲ သေနတ်နဲ့မပစ်ဖို့ ကအစ အသေးစိတ် ညွှန်ကြား ထားခဲ့တာပါ။ ဆန္ဒပြသူတွေက အခြေအနေကို ပိုမိုရှုပ်ထွေးအောင် ကားတွေမီးရှို့တာ၊ ရပ်ကွက်အချို့ကို မီးရှို့ဖို့လုပ်ဆောင်တာ တွေအထိ လုပ်ဆောင်ခဲ့ပေမယ့် အဘီဆစ်အစိုးရက အခြေအနေကို ထိန်းထိန်းသိမ်းသိမ်းကိုင်တွယ် ခဲ့တာကြောင့် သွေးချောင်းစီးတာ တွေဖြစ်ပွားခဲ့ခြင်း မရှိပါဘူး။

ထိုင်းနဲ့မြန်မာ မတူညီတာတွေ

ဒီနေရာမှာ မြန်မာနိုင်ငံက စစ်အစိုးရနဲ့ သိသိသာသာကို ကွာခြားနေတာ မြင်တွေ့ရပါတယ်။ မြန်မာစစ်အာဏာရှင် အစိုးရဟာ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြသူတွေကို အခြေအနေ ရှုပ်ထွေးအောင် အမြဲလုပ်ဆောင်ဖို့ ကြိုးစားလေ့ရှိပါတယ်။ ထိုသို့ရှုပ်ထွေးအောင် လုပ်ဆောင်ပြီးမှ ထိုအခြေအနေကို ထိန်းသိမ်းရပါတယ်ဆိုတဲ့ ဆင်ခြေနဲ့ ဆန္ဒပြသူတွေကို နှိပ်ကွပ်လေ့ရှိတာပါ။

ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ် စက်တင်ဘာ အရေးမှာ ဆန္ဒပြသူတွေဘက်က စည်းကမ်းသေသေ ၀ပ်ဝပ်နဲ့ ဘာအကြမ်းဖက်မှုမှ မရှိခဲ့တာတောင်မှ လုံထိန်းနဲ့ စစ်တပ်ကိုသုံးပြီး ရိုက်နှက်ပစ်ခတ်ခဲ့ပါတယ်။ ဘုန်းတော်ကြီးကျောင်းတွေကို ညသန်းကောင်နဲ့ အာရုံတက်ချိန်မှာ ၀င်စီးပြီး သံဃာတွေကို ရိုက်နှက်ဖမ်းဆီးခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ စစ်တပ်က ကိုင်တွယ်ထိန်းသိမ်းပုံကို ထိုင်းမီဒီယာများသာမကပဲ နိုင်ငံတကာ မီဒီယာကလည်း လွတ်လပ်စွာ မှတ်တမ်းတင် သတင်းပို့နိုင်ခဲ့ကြတာပါ။ မြန်မာအစိုးရက စစ်တပ်နဲ့ ရဲကို သုံးစွဲပြီး နှိမ်နှင်းတဲ့အခါတိုင်းမှာ မည်သည့် ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်ပဲလုပ်သည် ဖြစ်စေ ပြန်လည်စုံစမ်းပြီး အရေးယူတာမျိုးမရှိခဲ့ပါဘူး။ အဲဒီလို လုပ်ရတဲ့ အကြောင်းကတော့ နောက်နောင် စစ်ခေါင်းဆောင်တွေက လူထုလှုပ်ရှားမှုတွေကို ဖြိုခွဲနှိမ်နှင်းဖို့ ခိုင်းစေတဲ့အခါမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ လက်နှေးမှာ အမိန့်ကို မနာခံမှာကို စိုးရိမ်လို့ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ထိုင်းနိုင်ငံ အရေးအခင်းကို သုံးသပ်ကြည့်တဲ့အခါ မြန်မာစစ်အစိုးရနဲ့ ထိုင်းနိုင်ငံအစိုးရဘယ်လောက် ကွာခြားသလဲ ဆိုတာကို တွေ့မြင်နိုင်ပါတယ်။ အာဏာရှင် နိုင်ငံတွေ၊ စစ်တပ်က ကြီးစိုးတဲ့နိုင်ငံတွေမှာ လူထုကို အကြောက်တရားနဲ့ ဖိနှိပ် အုပ်ချုပ်ထားပြီး ငြိမ်းချမ်းစွာ ဆန္ဒပြမှုတိုင်းကို ရက်စက်တဲ့ နှိပ်ကွပ်မှုတွေနဲ့ နိဂုံးချုပ်စေတာ ထုံးစံတခုလို ဖြစ်နေပါတယ်။

လက်ရှိထိုင်းနိုင်ငံကတော့ ရင်ဆိုင်ဖြေရှင်းရမယ့် နိုင်ငံရေးပြဿနာတွေ၊ လူနေမှုအဆင့်အတန်းကွာဟ နေတဲ့လူတန်းစာအလွှာများ အကြားကွာဟမှုနည်းလာအောင် စီးပွားရေးအရ လူမှုရေးအရ လုပ်ဆောင်ရမယ့် အခက်အခဲများ ရှိသည့်တိုင်အောင် နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ပဲ ဖြေရှင်းနိုင်သေးပြီး မြန်မာနိုင်ငံလို သွေးချောင်းစီးမှု အစုလိုက်အပြုံလိုက်ဖမ်းဆီးမှုတွေနဲ့ အဆုံးသတ်လေ့ရှိတဲ့ နိုင်ငံတနိုင်ငံ မဟုတ်ဘူး ဆိုတာကို တွေးမိလိုက်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts