>Maung Yit – April Notes for Burmese New Year

>

ဧပြီလ စကား – မြန်မာနှစ်ကူးကို ကျော်ဖြတ်ပုံ

မောင်ရစ်

ဧပြီ ၂၀၊ ၂၀၀၉

နှစ်သစ်ကူးမှာ စာရေးရမယ်။ မိတ်ဆွေတွေဆီ အခုလိုစာရေးပြီး သတင်းပို့နေကြဆိုတော့ နှစ်ကူးအတွက် အကြွေးဟောင်းတွေရှင်းတဲ့အနေနဲ့ ရေးရတာပါ။ ပြီးတော့ အကြွေးသစ်တွေ ယူရတာပေါ့လေ။

မတ်လကုန် မိုးမခလစဉ်ဆွမ်းကျွေးကို အကျဉ်းချုးံပြီးလုပ်ဖြစ်ပါတယ်။ စီးပွားပျက်ပြီဆိုတော့ ကိစ္စအ၀၀မှာ ချွေတာရတဲ့အထဲမှာ အလှူအတန်းတွေကိုပါ ချွေတာနေရပြီလို့ ပြောကြလေမလား မသိ။ သို့သော် အဲဒီလမှာ ဆရာနန်းညွန့်ဆွေရဲ့ အိမ်သူ၊ ဆရာကိုဇာဂနာရဲ့ မိခင်ကြီး စာရေးဆရာမကြီး ကြည်ဦး ကွယ်လွန်ခြင်းအတွက် တတ်နိုင်တဲ့ဆွမ်းကျွေးကုသိုလ်ပြုလုပ်ဖြစ်ပါတယ်။

အကျဉ်းထောင်ထဲမှာ ရောက်နေတဲ့ သားသမီးတွေဟာ အပြင်မှာ ကွယ်လွန်ကြတဲ့ မိဘတွေအတွက်လည်း ၀မ်းနည်းကြေကွဲကြတယ်။ အပြင်ကမိဘတွေကလည်း ထောင်ထဲမှာ ပျက်စီးကြတဲ့ သားသမီးတွေအတွက် ပူဆွေးသောကရောက်ကြရတယ်။ အဲဒီအတွက် ကာယကံအားဖြင့် ကိုယ်ထိလက်ရောက် မလုပ်နိုင်တဲ့ အဖိနှိပ်ခံ၊ အချုပ်အနှောင်ခံတွေကိုယ်စား ကျနော်တို့က ကုသိုလ်ကောင်းမှုလုပ်ပြီး အမျှအတန်းဝေတာပါ။

ဆရာမောင်စွမ်းရည်ကတော့ သူ့သူငယ်ချင်း ကွယ်လွန်သူ ကြည်အောင်အတွက် အမှတ်တရမေးပါတယ်။ မင်းတို့ ဆရာကြည်အောင်အတွက်ကော မလုပ်ဖူးလားတဲ့။ သူလည်း ဆရာမကြီး ဒေါ်ကြည်ဦးနဲ့ မရှေးမနှောင်း၊ ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်ရှာတာပါ။ ကျနော်တို့ဆွမ်းသွတ်တာ စောသွားလို့ ဒီလဧပြီလစဉ်ဆွမ်းကျွေးမှာ ထည့်သွင်းလုပ်ပါ့မယ်လို့ ဆရာ့ကို ကျေနပ်အောင် ဖြေလိုက်ရပါတယ်။ အင်း ပြီးတော့ ဧပြီလကုန် တနင်္ဂနွေမှာလည်း မလုပ်ဖြစ်သေးကြောင်း၊ မေလ ၉ ရက်ကျမှပဲ မိုးမခရဲ့ ဧပြီလစဉ်ဆွမ်းကျွေးကို ကျင်းပဖြစ်ကြောင်းကို ပြောလိုက်ပါရဲ့။

ဧပြီရဲ့ ရက်လည်တို့၊ နှစ်လည်တို့တွေဆိုတာ မိုးမခ၀ိုင်းတော်သားတွေအတွက် ၀မ်းနည်းစရာ တနင့်တပိုးပါ။ မနှစ်က ကွယ်လွန်တဲ့ မစိုးရိမ်ဆရာတော်ကြီး ဦးကောဝိဒ၊ သတင်းစာဆရာကြီး ဦးသောင်း၊ သတင်းစာဆရာမကြီး လူထုဒေါ်အမာ။ သူတို့တွေအတွက် နှစ်လည်ဆွမ်းကပ်တာကို တပေါင်းတစည်းလုပ်ရင်းနဲ့ ကဗျာဆရာကြီး ကြည်အောင်အတွက်ကိုပါ ကုသိုလ်ပြုမယ်လို့ စဉ်းစားထားပါတယ်။

ပြောချင်လည်း ပြောကြပေါ့ဗျာ။ မိုးမခက ဆွမ်းကျွေးတာတောင် ချွေတာရေးတယ်ဆန်သကိုး ဆိုပြီးတော့။ ဟုတ်ပါ့။ မိုးမခဆိုတာ မြန်မာပြည်ရဲ့လွတ်လပ်တဲ့ စာပေနဲ့ စာနယ်ဇင်းလုပ်ငန်းရဲ့ ကလေးသူငယ်လေးလို့ သဘောထားရင် အဲဒီဆရာကြီးတွေ၊ ဆရာမကြီးတွေဟာ ကိုယ့်မိဘ၊ ဘိုးဘွားတွေ ဖြစ်ပါတယ်။ သူတို့ကို အမှတ်ရဖို့၊ တန်ဖိုးထားဖို့ကို သားသမီး၊ မြေးတွေကမှ မလုပ်ကြရင် တခြားသူတွေက အမှတ်မရကြတော့တာကို အပြစ်တင်စရာမလိုပါ။ တတ်နိုင်တာလေးနဲ့ အမှတ်တရလုပ်ရတော့ ခုလိုစီးပွားပျက်ကပ်နေချိန်မှာ ချွေတာရေးတော့ ဆန်ပေဦးတော့မပေါ့။ ခွင့်လွှတ်ကြပါခင်ဗျား။

နှစ်သစ်ကူးမှာ အခါကြီးရက်ကြီးတွေမှာ သက်ကြီးဝါကြီးတွေကိုကော မင်းတို့က ကန်တော့ဖြစ်ရဲ့လားလို့တော့ မမေးပါနဲ့။ ပုံမှန်ကန်တော့စရာ၊ အကူအညီပေးစရာတွေကို ရှိသလောက်တော့ ဆက်လက်ပို့ဆောင်လျက်ရှိပါကြောင်း။ မတ်လမှာ ဒေါ်လာ ၁၁၂၅၊ လောလောဆယ် ဧပြီမှာ ၉၇၅ ဒေါ်လာ ဒီမိုကရေစီရေးကူညီမှုရန်ပုံငွေအတွက် လှူဖြစ်ပါတယ်။ မြန်မာစစ်အစိုးရက စီးပွားပျက်နေလို့ဆိုပြီးတော့ ဖမ်းဆီး၊ ဖိနှိပ်တာတွေ၊ ချုပ်ချယ်တားဆီးတာတွေကို ချွေတာလိုက်တော့မဟဲ့လို့ နှစ်သစ်ကူးသန္နိဋ္ဌာန်ချမယ့် ဘုရားဖြစ်မယ့်အုတ်နီခဲကြီးမှ မဟုတ်ရှာတာကိုး။ သို့သော်လည်း သူတို့တွေက ရက်စက်ကြမ်းကြုတ်မှုတွေကို မချွေတာပေမယ့် အားနည်းသူတွေက စားဝတ်နေရေးအစစ ချွေတာနေကြရသော်ငြား ကာယကံရှင် မိဘဆွေမျိုး သားချင်းနဲ့ ရဲဘော်မိတ်ဆွေတွေမှာ တချက်ကလေးမှ ငြီးငြူခြင်း မပြုကြတာကိုတော့ အသိအမှတ်ပြုကြစေလိုပါတယ်။

မြန်မာပြည်တွင်းမှာက အတိုက်အခံတွေ၊ မိသားစုတွေ၊ အသိုင်းအ၀ိုင်းတွေရဲ့ သာရေး နာရေးဟူသမျှဟာ ရာဇ၀တ်အိုး တုတ်နဲ့ထိုးတာပါပဲ။ အမှုကြီးပါတယ်။ တပ်မတော်က ငြိုငြင်တဲ့အတွက် အတိုက်အခံနိုင်ငံရေးအသိုင်းအ၀ိုင်းရဲ့ သာရေး နာရေးကို လူသာမန်တို့က မသွားဝံ့ကြပါဘူး။ အဲဒီရဲ့ သာရေးနာရေးတွေမှာ အင်အားပြရဲတဲ့ မိတ်ဆွေတွေ၊ သားချင်းတွေကို အဝေးက ကျနော်တို့ သာဓုခေါ်ပါတယ်ခင်ဗျာ။

ကျနော်တို့တတွေက စစ်အစိုးရကြီးကို မကြိုက်ဘူး၊ မကြည်ညိုဘူး၊ မကြိုက်ဘူး၊ ဆန့်ကျင်တယ် ဘယ်လောက်ပြောပြော နဖူးတွေ့ ဒူးတွေ့ ကိုဇာဂနာ့မိခင်ကြီး ဆုံးတော့ ဘယ်သူတွေက စစ်အစိုးရမျက်စောင်းကို ဖီဆန်ပြီး အသုဘပို့ခဲ့ကြသလဲ။ အတိုက်အခံပါတီကြီးနဲ့ ခေါင်းဆောင်တွေကို ဘယ်လိုကြည်ညိုပါတယ်ပြောပြော၊ ဘယ်လောက် အားကိုးမျှော်လင့်ပါတယ် ပြောပြော၊ ဆရာဦးဝင်းတင်ကြီးတယောက် နေပူစပ်ခါးမှာ အငှားကားငှားစီး၊ ဘတ်စကားတိုး၊ ခြေလျင်လျောက်နေတဲ့အခါ၊ နိုင်ငံရေးအကျဉ်းသားမိသားစုတွေဆီ သွားအားပေးနေတဲ့အခါ ဘယ်ပရိသတ်က လက်ဆင့်ကမ်းအားပေးဖို့ ကြိုးစားခဲ့ကြပါသလဲ။ အဲသည်သူတွေနဲ့အတူ ရပ်တည်နေတဲ့ မိတ်ဆွေတွေ၊ မိသားစုတွေကို ဒီကနေ ကျနော်တို့ အလေးအမြတ်ပြုလို့ နှစ်သစ်ကူးမှာ ရိုသေမှုနဲ့ ကန်တော့လိုက်ပါရဲ့။

မြန်မာနှစ်သစ်ကူးမှာ မေတ္တာတွေ၊ စေတနာတွေ၊ ရှေ့ဆက်တိုးရမယ့် အလုပ်တွေ တနင့်တပိုးနဲ့ ဒါတွေကို ချွေတာလို့ မရပေဘူးဆိုတာတော့ ကျနော်တို့ သဘောပေါက်ပါတယ်။ အစစ အရာရာ ကြပ်တည်းတဲ့ မျက်နှာမွဲ စာနယ်ဇင်းလုပ်ငန်းတခုအနေနဲ့ကတော့ တတ်နိုင်သလောက် ချွေတာရေးလမ်းစဉ်ကို ဆက်လက်တိုးချဲ့ရဦးမှာပဲလို့ ရှေ့မျက်နှာနောက်ထားပြီး တောင်းပန်ရမှာ ဖြစ်ပါတယ်။

အရင်တုန်းကတည်းက မပေးတဲ့ စာမူခတွေ ယခုနှစ်မှာလည်း တိုးပြီး မရပါဘူးခင်ဗျား။ သပိတ်မှောက်စာနယ်ဇင်းသမားကူညီမှုရန်ပုံငွေဆိုတာကလည်း စာအုပ်တို့ ဘာတို့ဆိုတာက ရောင်းရတာမဟုတ်တော့ မိတ်ဆွေတွေက ဆက်လက်ပြီး အိတ်စိုက်ပေးကြရဦးမှာပဲခင်ဗျား။ မနှစ်ကတည်းက အငတ်ခံပြီး ၀ိုင်းလုပ်ကြတဲ့ မိုးမခ၀ိုင်းတော်သားတွေလည်း ဒီနှစ်မှာလည်း မစားရပါဘူးခင်ဗျား။ လစာ၊ ဆုကြေး၊ ဆေးကုသခွင့်၊ လူမှုဖူလုံရေးနဲ့ ပင်စင်စသည်တို့ကို ယခင်ကလည်း ကတိမပေးခဲ့သလို ယခုနှစ်မှာလည်း ကတိမပေးနိုင်ပါဘူး။ ယခင်က အလုပ် ၁ ဆ လုပ်သူများကို ၂ ဆ လုပ်ကြဖို့ကိုတော့ အားမနာ၊ ပါးမနာ တောင်းဆိုမှာ ဖြစ်ပါတယ်။ မိုးမခဆိုတာက လူကြိုက်များတဲ့၊ လုံခြုံစိတ်ချတဲ့ လမ်းစဉ်ကို အစကတည်းက မလိုက်ဘဲ မိုက်ခဲ့သူတွေဆိုတော့ နောင်လည်းပဲ အနှောင်းသေချာမှာ မဟုတ်ပါဘူး။ သို့သော် ကျနော်တို့ကတော့ ပြည်တွင်းက မိတ်ဆွေတွေ၊ ဆရာသမားတွေက စစ်အစိုးရရဲ့ အာဏာမိုး၊ လက်နက်မိုးနဲ့ ရက်စက်ကြမ်းကြုတ်မှုမိုးတွေအောက်မှာ ရဲရဲဝံ့ဝံ့ ရပ်တည်နေသ၍၊ အညံ့မခံသေးသ၍တော့ သူတို့တွေရဲ့ အသံ၊ သူတို့တွေရဲ့ ပြယုဒ်၊ သူတို့တတွေရဲ့ ကြေးမုံသဖွယ်အဖြစ် အစွမ်းကုန်ကြိုးစားပြီး ရပ်တည်ပေးမယ်လို့ ယုံကြည်ထားပါတယ်။ ဒါလေးတခုတော့ မချွေတာသေးပါခင်ဗျား။

ကျနော်တို့ ၃ နှစ်ပြည့်တုန်းက ပြောခဲ့ဘူးပါတယ်။ မိုးမခဟာ ပြည်တွင်းကို အရောက်သွားမယ့် တံတားတခုဖြစ်ချင်တယ်။ လွတ်လပ်မှုနဲ့ တရားမျှတမှုအတွက် ရပ်တည်ပေးနိုင်တဲ့ အများသူငါရဲ့ သန့်စင်တဲ့ကောင်းမှုနဲ့ ဇရပ်ကလေးတခု ဖြစ်ချင်တယ်။ အခု ကျနော်တို့ ချွေချွေတာတာနဲ့ သွားနေတုန်းပဲ။ ဖြစ်ချင်တာက မိုးမခကို ကြည့်လိုက်ရင် လက်ရှိမတရားမှုအောက်က လွတ်မြောက်အောင် ရုန်းကန်နေတဲ့ အမှန်တရားနဲ့ တရားမျှတမှုအတွက် အစွမ်းကုန်ကြံ့ကြံ့ခံနေတဲ့ မြန်မာပြည်ကြီးနဲ့ ပြည်သူတွေကို ထင်ဟတ်ပြသနေတဲ့ သတင်းစာမျက်နှာတခုပဲ ဖြစ်ချင်ပါတယ်။

စီးပွားပျက်တော့ ဟိုက ဒီက ပြောသလို နှလုံးလေဟပ်ပြီး ချွေတာရေးတို့၊ ပြန်လည်တည်ဆောက်ရေးတို့၊ ပြုပြင်ပြောင်းလဲရေးတို့၊ ဟိုဘက် ဒီဘက် ခုန်ပျံကူးပြောင်းရေးတို့ စတဲ့ သွေးရူးသွေးတန်း သီအိုရီတွေ၊ ဖော်နည်းကားတွေ ကယောင်ကတန်း ပြောနေတာတော့ မဟုတ်ပါခင်ဗျား။

နိဂုံးချုပ်၊ စကားစပ်မိလို့ ပြောရရင် – နိုင်ငံရေး အပြောင်းအလဲတခုဖြစ်အောင် ဖော်ဆောင်ကြတဲ့နေရာမယ် ဟိုဖက် ဒီဖက် ၂ ဖက်စလုံးက စိတ်ပါမှ ဖြစ်တာပါ။ အိုဘားမားတို့ကတော့ မြောက်ကိုရီးယားကို တကယ်အကောင်းတွေဖြစ်အောင် ၀ိုင်းလုပ်ကြဖို့ လက်ဆန့်တန်းလိုက်တာပါပဲ။ ဟိုက တကယ်မှ စိတ်မပါရှာတာကိုး၊ မွေးနေ့အတွက်ဆိုလား ဒုံးကျည်ကြီး ပင်လယ်ထဲပစ်ပြီး သရုပ်မှန်ကို ထုတ်ပြ တုန့်ပြန်လိုက်တယ်။ မတရားသူတွေဆိုတာ တရားမျှတမှုဖက်ကို ပြောင်းရွှေ့လာဖို့ဆိုတာ မလွယ်ပါ။ မတရားမှုအောက်က အဖိနှိပ်ခံပြည်သူတွေသာလျင် ဆန့်တန်းတဲ့လက်ကို ပြန်လည်ဆုတ်ကိုင်လို့ လဲနေရာ မတ်မတ်ထ ထကြွကြမှာ ဖြစ်ပါတယ်။ အဲသည်လမ်းစဉ်ကိုတော့ ချွေတာရေးစာရင်းထဲ ထည့်ပြီး အားလျော့လိုက်ဖို့ မိုးမခမှာ မရှိပါ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts