>3 killed, homes damaged as cyclone lashes Bangladesh

>

ဘီဂျလီ မုန်တိုင်း ဘင်္ဂလားဒေ့ရှ်ကိုဝင်တိုက် ၃ ဦး သေဆုံး
AFP သတင်းဌာန
ဧပြီ ၁၈၊ ၂၀၀၉


(AFP သတင်းဌာနက မြန်မာစံတော်ချိန် နေ့ ၁ နာရီတွင် ထုတ်ပြန်သော သတင်းဖြစ်သည်)


၁ နာရီ ၅၆ မိုင် (ကီလိုမီတာ ၉၀) နှုန်းဖြင့် ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ဘက် ကမ်းရိုးတန်း ဒေသကို တိုက်ခိုက်ခဲ့ရာ အိမ်များ ပျက်စီးပြီး သစ်ပင်များ အမြစ်မှ ကျွတ်ထွက်သွားကြောင်း အစိုးရအရာရှိများက ယနေ့ ပြောကြားလိုက်သည်။

ကော့ဆက်ဘဇား ပြည်နယ် ရဲတပ်ဖွဲ့ အကြီးအကဲက ဘီဂျလီ ဆိုင်ကလုန်း မုန်တိုင်းသည် ယမန်နေ့ညက ဘင်္ဂလားဒေ့ရှ်ကို မတိုက်ခိုက်မီမှာပင် အားပျော့သွားသည်ဟု ဆိုသည်။

“ဆိုင်ကလုန်းက သိပ်ပြီး မပြင်းထန်ဘူး။ ကြိုတင်ကာကွယ်တာတွေ လုပ်ခဲ့တယ်။ မြေနိမ့်ပိုင်းမှာ နေတဲ့သူတွေ အားလုံး ခိုလှုံရေးစခန်းတွေဆီ သွားကြတယ်” ဟု ရဲတပ်ဖွဲ့ အကြီးက ပြောသည်။ ယနေ့ (စနေနေ့) မနက်ပိုင်းတွင် ၎င်းတို့ကို နေအိမ်သို့ ပြန်ခွင့် ပြုခဲ့သည်ဟု ဆိုသည်။

“မုန်တိုင်း အတွင်း တဲအိမ်တွေ တော်တော်များများ ပျက်သွားတယ်။ အပင်တချို့ အမြစ်က ကျွတ်ထွက်ကုန်တယ်” ဟု ၎င်းက ပြောသည်။

သေဆုံးသူ ၃ ဦး ရှိခဲ့သည်။ ဆေးကုသမှု ခံယူနေခဲ့သော အသက် ၅၀ အရွယ် အမျိုးသားတဦး၊ ၁ လသား အရွယ် ကလေးငယ်တဦးတို့သည် ခိုလှုံရေးစခန်းသို့ ပို့ဆောင်စဉ် သေဆုံးသွားကြသည်။

တဲအိမ်ပေါ်သို့ သစ်ပင် လဲကျသဖြင့် အသက် ၉ နှစ်အရွယ် ကလေးငယ်တဦးလည်း သေဆုံးခဲ့သည်။

စစ်တကောင်းခရိုင် အုပ်ချုပ်ရေးမှူး Farid Uddin Ahmed က ၁၈၆ မိုင် ရှည်လျားသည့် ကမ်းရိုးတန်းဒေသ ကယ်ဆယ်ကူညီမှု လုပ်ငန်းများကို ကြီးကြပ်နေကြောင်း၊ ကယ်ဆယ်ရေး လုပ်သားများက အစွန်အဖျား ဒေသများသို့ သွားရောက်ရန် ကြိုးပမ်းနေသည်ဟု ပြောပြသည်။

“အပျက်အစီး နောက်ဆုံး အခြေအနေ အစီရင်ခံတာတွေကို စောင့်နေတုန်းပဲ။ အိမ်တွေ ပျက်စီးတယ် ဆိုပေမယ့် ပျက်စီးမှုက သိပ်ပြီး ကြီးကြီးမားမား ပျက်စီးတာ မဟုတ်ဘူး။ လှိုင်းတွေလည်း သိပ်မကြီးဘူး” ဟု ပြောသည်။

အိမ်နီးချင်း မြန်မာနိုင်ငံတွင် အာဏာပိုင်တို့က နိုင်ငံ၏ အနောက်ဘက် ကမ်းရိုးတန်း ဒေသရှိ ဒေသခံတို့ကို ဘီဂျလီ မုန်တိုင်း ဖြတ်သန်းပြီးစီးသွားသည့် အချိန်အထိ ပင်လယ်သို့ မသွားရန် တိုက်တွန်းထားသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts