>missing the friends

>

လွမ်းမျက်ရည်စို ဆေးလိပ်တိုများ
မောင်စွမ်းရည်

ဧပြီ ၁၆၊ ၂၀၀၉

မန္တလေးမှာ
ဆေးရုံကြီး တောင်၊ ခွေးတဟောင်မှာ
မီးရထားရပ်ကွက် အရှေ့ဘက်မှာ
မြေနီကျင်းရပ်ကွက် လမ်းတဖက်မှာ
တမာပင်နဲ့
နှစ်ပင် နှစ်ခန်း
အိမ်တခြမ်းမှာ
ဘဂျမ်းနဲ့ ငါ နေပါတယ်။

အိမ်အမည်မှာ
‘တမာရိပ်သာ’ တဲ့၊
စာတန်းမထိုး
နှုတ်ကျိုး တွင်ကျယ်
ဘယ်သူက စ
ဘယ်တုန်းကလဲ
ငါ မမှတ်မိ ငါမသိပါ၊

ငါသိတာက
ဒါမျိုးလေ့တာ တင်မိုး ပါပဲ၊
တင်မိုးဆိုတာ ဘဂျမ်းပါပဲ။

ဘဂျမ်းနဲ့ ငါ
ကဗျာ အတူစပ်
ဖျာအတူ တချပ်
နံစပ် ချည်စောင်
ခြင်ထောင်တလုံး
ခေါင်းတအုံးတည်း အိပ်ခဲ့တယ်။

တနေ့တခါ
ကြည်အောင် လာရင်
ကဗျာတအုပ်
ဆေးလိပ်တဆုပ်နဲ့
ကုပ်ချောင်းကုပ်ချောင်း
ဦးထုပ်ဆောင်းပြီး
“ကျောင်းမသွားဘဲ လာခဲ့တာ” တဲ့။

ဖန်မီးအိမ်ရှင်
ကဗျာတင်မိုး
အိပ်ရာ နိုးစ
မီးခိုးထောင်းထောင်း
ချောင်းတဟွတ်ဟွတ်နဲ့
“ဂွတ်တမောနင်း
သူငယ်ချင်း လာ လာ”
ဆီးကြိုပါတယ်။

မုန့်ဟင်းခါးဆိုင်သွား
စကားဖောင်ဖွဲ့၊
လက်ဖက်ရည်ဆိုင်သွား
စကားတွတ်ထိုး၊
ထမင်းဆာရင်
ဆိုင်ကိုဝင်စား
အစားပြီး အစား
စကားပြီး စကားပေါ့။

စကား စကား
ပြောပါများတော့
စကားထဲမှာ ကဗျာ ပါမပေါ့။

မောတော့ အိမ်ပြန်
အိမ်နံရံမှီ
ထမင်းလုံး စီရာ
ဆေးလိပ်ဖွာတော့
ဖွာတာရှိုက်တာ
ငါမပါလည်း
ကဗျာခံအုပ်
အလုပ်ရှုပ်ကြ
ပျော်မှ ပျော်လှ
သြော် – အဟောဝတ
ငယ်တုန်းကပေါ့။

တနေ့သောခါ
ကြည်အောင်လာပြီး
ပြန်ခါနီးတော့
မီးခြစ်ကို ဆုပ်
ဦးထုပ်ကို ဆောင်း
ခါးညောင်း ကိုယ်ဆန့်
ဖိနပ် တပ်မျှော်
‘သြော် – ဆေးလိပ်လည်း တို
နေလည်း ညိုပေါ့’ တဲ့
ဒီလိုတုန်းမှာ
တင်မိုး ပျာယာ
ထိုင်ရာက မှောက်
ကလောင်ကောက်ပြီး
တောက်လျှောက် စာစီ
ကဗျာသီရင်း
“သူငယ်ချင်းတို့ –
မင်းတို့ ခဏ၊ နားထောင်ကြစမ်း
ဆေးလိပ်လဲတို၊ နေလည်း ညိုပြီ
ငါ့ကို ပြန်ပို့ကြပါလေ” တဲ့၊
ကဗျာခေါင်းစီး ‘ဧည့်သည်ကြီး’ တဲ့။

ဧည့်သည်ကြီးက
အံ့ချီး တက်ခေါက်
လက်ဖျောက် တီးကာ
“ဟာ ဟာ တယ်ကောင်း”
ခေါင်းတညိတ်ညိတ် မျက်ရည်ဖိတ်
ပီတိသုံးပန်း လွမ်းအတိတ်။

‘ဖန်မီးအိမ်’ မှာ
ဒီကဗျာကို
ငါက ချိတ်ခဲ့၊
အတိတ်ဇာတ်လမ်း
လွမ်းလည်းလွမ်းချင်
မလွမ်းချင်ဘူး
လွမ်းလျှင် ကြေကွဲ
လွမ်းမစဲပြီ
လွမ်းမြဲလွမ်းရစ် နှစ်ပေါင်း ငါးဆယ်
ဟယ် – မြန်လိုက်တာ၊
ဧည့်သည်ကြီးတွေ
နေညိုတိုင်းပြန်
ငါ့ကို ချန်ခဲ့
မပြန်လမ်းကို မြန်းကြပြီ။

ကျန်ရစ်တဲ့ ငါ
ယောင်ချာချာ နဲ့
ကာရန် ရှာတိုင်း
ရင်နာ ရန်ငြိုး
ဆေးလိပ်ခိုးတွေ
လေတိုးဝေ့လာ
တင်မိုး ပါသလား
ကြည်အောင် ပါသလား
လန့်တကြားနဲ့
နား တစွင့်စွင့် ကြိုမိသည်၊
တံခါးဖွင့်လို့ ငိုမိသည်။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts