>Naing Linn Aung – Thai Politics & its Democracy

>

ထိုင်းနိုင်ငံရေးနှင့် ဒီမိုကရေစီ

နိုင်လင်းအောင်

ဧပြီ ၁၅၊ ၂၀၀၉

နှစ်သစ်ကို ကြိုလိုက်သည့် သင်္ကြန်ပွဲခင်းထဲက သေနတ်သံများ

လကို အခြေပြုသည့် ပြက္ခဒိန် နှစ်တနှစ် ကုန်ဆုံးချိန်မှာ မြန်မာ၊ ထိုင်း၊ လာအိုနိုင်ငံတိုမှာ သင်္ကြန်ပွဲတော် ကျင်းပပြီး နှစ်ဟောင်း၏ အညစ်အကြေးများကို ဆေးကြောသည့် သဘောဖြင့် ရေပက်ဖျန်းကြ ၊ ဘာသာရေး အထွတ်အမြတ်ထားရာသို့ သွားရောက် ဂါရ၀ပြုကြသည်။ လူငယ်တွေကလည်း ရေပက်၊ ရေကစားခြင်းဖြင့် နှစ်သစ်ကို ပျော်ရွှင်စွာ ကြိုဆိုကြသည်။

ယခုနှစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဆွန်ကရမ်(သင်္ကြန်) ပွဲမှာတော့ ရေပက်ဖြန်း၊ ပျော်ရွှင်သည့် သင်္ကြန်ပွဲ မဟုတ်ပဲ သေနတ် မိုးပေါ်ထောင်ဖေါက်သံများ၊ မျက်ရည်ယိုဗုံးများ၊ မီးသတ်ပိုက်များမှ ရေများဖြင့် ဘန်ကောက်မြို့ကို ဆေးကြောနေသည့် အနေအထားဖြစ်သည်။ ၂၀၀၆ ခုနှစ်တွင် ဖြုတ်ချခံခဲ့ရသည့် ၀န်ကြီးချုပ်ဟောင်း သက်ဆင်ကို ထောက်ခံသူ ရှပ်အကျီင်္အနီဝတ် ယူဒီဒီ အဖွဲ့ဝင်များ၏ သီတင်းပတ် အတန်ကြာ ဆန္ဒပြပွဲ အရှိန်မြင့်လာပြီးနောက် ယခုရက်ပိုင်းအတွင်း လက်ရှိ အဘီဆစ်အစိုးရက စစ်တပ်အင်အားကိုသုံး၍ ဖြိုခွင်းခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ၏ ဒီမိုကရေစီ အတွက် ခြေလှမ်း တလှမ်း နောက်ဆုတ်သွားခြင်းလား။ ၀န်ကြီးချုပ်ဟောင်း သက်ဆင်၏ ထိုင်းနိုင်ငံရေးကို လွှမ်းမိုးနေသည့်အရိပ်ကို ဖယ်ရှားနိုင်မလား။ လက်ရှိနိုင်ငံရေး အကြပ်အတည်းများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းသွားနိုင်မလား ဆိုသည့်အချက်များသည် လက်ရှိ ထိုင်းနိုင်ငံရေးတွင် ပေါ်ထွက်လာသည့် မေးခွန်းများဖြစ်သည်။

၂၀၀၇ ခုနှစ် ထိုင်းနိုင်ငံ ရောက်ရှိစဉ် “နောင်နား” အမည်ရှိ ထိုင်းဘာသာ ဖြင့်ထုတ်ဝေသည့် သတင်းစာ မှ အယ်ဒီတာ တယောက်ပြောဖူး သည့်စကားတခွန်းကို မှတ်မိသည်။

“ကျနော်တို့ နိုင်ငံက ဒီမိုကရေစီနိုင်ငံ မဟုတ်သေးဘူး၊ ဒီမိုကရေစီကို ဦးတည်သွားနေတဲ့ နိုင်ငံပါ။ ဘန်ကောက်မြို့ကနေ ထွက်ပြီး ထိုင်းနိုင်ငံရဲ့ကျန်တဲ့ဒေသတွေအားလုံးမှာ ပါလီမန်အမတ်လောင်းတွေဟာ ကိုယ့်ကားထဲမှာ သေနတ်ဆောင်ထားကြရတယ်။ ဘန်ကောက်လောက်မှာပဲ နိုင်ငံရေးသမားတွေ လုံခြုံရေး စိတ်ချရတာ။ ကျန်တဲ့နေရာတွေမှာ လက်နက်နဲ့ ပြိုင်ဘက်ကို လုပ်ကြံတာမျိုးတွေက ရှိနေတုန်းပဲ။ ကျွန်တော်တို့ သတင်းစာတိုက်က နယ်သတင်းထောက်တွေလည်း လာဘ်စားမှုအကြောင်း ရေးလို့ မကြာခဏ အသတ်ခံကြရတယ်။ အပြင်ပန်းကြည့်သလို ထိုင်းနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံတခု အနေအထားကို မရောက်သေးဘူး။ ကျွန်တော်တို့ အများကြီး ကြိုးစားကြရဦးမှာပါ” ဟုပြောဆိုသည်။

လက်တလုံး အလို နှင့် ထိုင်းစစ်တပ်

ထိုင်းနိုင်ငံသည် စီးပွားရေးအရ လွတ်လပ်သည့် ဈေးကွက်စီးပွားရေး စနစ်ကို ဆယ်စုနှစ်များစွာ ကျင့်သုံးလာခဲ့သည် အတွက် စီးပွားရေး ကဏ္ဍဘက်တွင် အရင်းရှင်စီးပွားရေး အဆောက်အဦကို တည်ထောင်မိသော်လည်း နိုင်ငံရေး နယ်ပယ်တွင်မူ ကာလရှည်ကြာ လွှမ်းမိုးခဲ့သည့် စစ်တပ်၏ လောင်းရိပ် နှင့် လာဘ်စားမှုနှင့် မကင်းသည့် နိုင်ငံရေးသမားများ စသည့် အကြောင်းတရားများ ကြောင့်တည်ငြိမ်သည့် နိုင်ငံရေး အနေအထားတခုကို ယခုအချိန်ထိ မရောက်သေးသည်ကို တွေ့ရသည်။

၂၀၀၆ ခုနှစ် စက်တင်ဘာလတွင် သူ၏ နိုင်ငံရေး အာဏာကို ပိုမိုခိုင်မာအောင် တည်ဆောက်နေခဲ့ပြီး အတိုက်အခံ ပညာတတ်၊ စစ်ခေါင်းဆောင် နိုင်ငံရေးသမားများကို နှိပ်ကွပ်လျက်ရှိသည့် သက်ဆင်အစိုးရကို စစ်တပ်က အာဏာသိမ်းပြီး ဖြုတ်ချခဲ့သည်။ ၀န်ကြီးချုပ်ဟောင်း သက်ဆင်သည် လူထုရွေးချယ် တင်မြှောက်ပြီး ၀န်ကြီးချုပ် ဖြစ်လာသည်မှာ မှန်သော်လည်း သူ၏ ၅နှစ်တာ အုပ်ချုပ်မှုအတွင်း အာဏာကို ဆက်လက်ရယူသွားဖို့ရာ အကွက်ကျကျ ပြင်ဆင်နေခဲ့ခြင်း၊ နိုင်ငံရေးအာဏာကို အသုံးချကာ သူ၏ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းကို အဆများစွာ တိုးပွားလာအောင် လုပ်ဆောင်ခြင်း၊ ထိုအချက်တို့ကို ဝေဘန်ပြောဆိုသူတို့ကို နှိပ်ကွပ်ခဲ့ခြင်းတို့ကြောင့် ထိုစဉ်က အတိုက်အခံ နိုင်ငံရေး သမားများ အကြား သက်ဆင်ပြုတ်ကျရေး အတွက်မည်သည့် နည်းဖြင့် လုပ်လုပ် တရားသည်ဟု ယူဆခဲ့ကြသည်။ သက်ဆင်သည် အာဏာရှင်အဖြစ်ကို ဦးတည်နေသည်ဟု သူတို့က ကောက်ချက်ချ ခဲ့ကြသည်။ ထိုအတွက်ကြောင့် ဗိုလ်ချုပ်ကြီး ဆွန်သီဦးဆောင်သည့် ၂၀၀၆ ခု စက်တင်ဘာ အာဏာသိမ်းသည့် အခါ သက်ဆင်ဆန့်ကျင်သူများက ကြိုဆိုခဲ့ကြသည်။

ထိုစဉ်က အနောက်နိုင်ငံ သတင်းမီဒီယာများက ထိုင်းနိုင်ငံရေးတွင် နှစ်အတန်ကြာ ပျောက်ကွယ်ခဲ့သည့် အာဏာသိမ်းမှု ပြန်လည်ပေါ်ပေါက်လာခြင်းကို မကောင်းသည့် လက္ခဏာ တရပ်အဖြစ် ရှုမြင်သုံးသပ်ခဲ့ပြီး အာဏာသိမ်းသည့် လုပ်ရပ်သည် ထိုင်းနိုင်ငံ ဒီမိုကရေစီအရေးတွက် နောက်ပြန်ဆုတ်သည့် ခြေလှမ်းတရပ်ဟု ရေးသားခဲ့ကြသည်။ ဤနေရာတွင် ဒီမိုကရေစီ စနစ်ဆီသို့ ဦးတည် ချီတက်နေသည် ဆိုလျင်ရွေးကောက်ပွဲမှ အာဏာရလာသည့် သက်ဆင်ကို ဖြုတ်ချဖို့ရာအတွက် ဒီမိုကရေစီနည်းလမ်းဖြင့် ကြိုးစားသင့်သည်ဟု အနောက်နိုင်ငံ မီဒီယာ အချို့ဆိုလိုရင်းဖြစ်သည်။ စစ်တပ်ကို နိုင်ငံရေးမှ ဝေးဝေးနေစေဖို့ အတွက် အခြေခံဥပဒေဖြင့် ကာကွယ် ပေးထားသည့် နောက်တွင် နိုင်ငံရေးနယ်ပယ်ထဲသို့ စစ်တပ်ကို ထပ်မံခေါ်ဆောင်လာဖို့ မသင့်ဟု ရည်ရွယ်ပြောဆိုခြင်း ဖြစ်သည်။

ဒီမိုကရေစီ စနစ်သို့ သွားရာတွင် ဖြစ်ပေါ်လာသည့် နိုင်ငံရေး အကြပ်အတည်း၊ အားပြိုင်မှုများကို နိုင်ငံရေးနည်းလမ်းများဖြင့်သာ ဖြေရှင်းနိုင်ဖို့ ကြိုးစားသင့်သည်ဟု အထက်ပါ သုံးသပ်သူတို့က ယူဆခြင်း ဖြစ်ပြီး သက်ဆင်ကို ဆန့်ကျင်သူတို့ကမူ မည်သည့် နည်းပင်ဖြစ်စေကာမူ သက်ဆင်ကို မြန်မြန်ဖြုတ်ချဖို့က ပိုအရေးကြီးသည်ဟု ထင်မြင်ယူဆ ခဲ့ကြသည်။ သက်ဆင်သည် ထိုင်းလူမျိုးတို့ လေးစားကြည်ညိုသည့် ဘုရင်ကိုပင် မထီလေးစားပြုသူ ဖြစ်သည်။ ရေရှည်တွင် ဘုရင်စနစ်ကို ထိပါးလာနိုင်စရာ ရှိသည်ဟု သက်ဆင်ဆန့်ကျင်သည့် အင်အားစုများက ပြောဆိုပြီး အ၀ါရောင် လှုပ်ရှားမှုနှင့် သက်ဆင်ဆန့်ကျင်ရေး ဒွန်တွဲပြီး လှုပ်ရှားလာခဲ့ခြင်း ဖြစ်သည်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် တိုးတက်သော အမြင်ရှိသူ ပညာတတ်လူတန်းစား အလွှာကပင် ၂၀၀၆ ခုစစ်တပ်အာဏာသိမ်းမှုကို ထောက်ခံခဲ့ကြသည်။

၂၀၀၈ ခုနှစ် လူထု လှုပ်ရှားမှုပုံစံ ဖြင့် နိုင်ငံရေး အကြပ်ကိုင်မှု

အာဏာသိမ်းပြီး တနှစ်ကျော်အကြာတွင် ပြုလုပ်ပေးသည့် ၂၀၀၇ ခုနှစ် ရွေးကောက်ပွဲတွင် သက်ဆင်ကို ထောက်ခံအားပေးသည့် ပီပီပီ ပါတီက အဓိက ပြိုင်ဘက် ဒီမိုကရက်တစ်ပါတီ ကို အမတ်နေရာ ၈၀ကျော် ၉၀ အသာဖြင့် အနိုင်ရသွားခဲ့ပြန်သည်။ အထူးသဖြင့် ထိုင်းနိုင်ငံ အရှေ့မြောက် ဒေသမှထောက်ခံမှုကို ဒီမိုကရက်တစ်ပါတီက မရယူနိုင်ခဲ့ပေ။ သက်ဆင်ကို ထောက်ခံသည့် ထိုင်းနိုင်ငံအရှေ့မြောက်ဒေသသည် ဧရိယာ အားဖြင့်လည်း ကျယ်ပြန့်သလို၊ လူဦးရေလည်းများပြားသည်။ ထိုအမာခံဒေသကို သက်ဆင်က ငွေကြေးဖြင့်၎င်း အာဏာရှိစဉ်ကတည်းက “လူကြိုက်များသည့် ပေါ်လစီ”တို့ဖြင့်၎င်း ထောက်ခံမှု အခြေခိုင်အောင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ သက်ဆင်၏ လက်ဝေခံသူ ဆမက် ဆွန်ဒရာဗက် ၀န်ကြီးချုပ်ဖြစ်လာခြင်းကို ပီအေဒီ People’s Allience for Democracy ဟုခေါ်သည့် သက်ဆင်ကိုဆန့်ကျင်သည့် အတိုက်အခံပါတီ၊ အင်အားစုများက မနှစ်သက်ကြပေ။ ထို့ကြောင့် လွန်ခဲ့သည့် ၂၀၀၈ မကုန်မီတွင် ဆမက် ရာထူးမှ နှုတ်ထွက်ပေးရေး အတွက် ပီအေဒီဦးဆောင်သည့် ဆန္ဒပြပွဲများ ဆက်တိုက်ပြုလုပ်ခဲ့သည်။ အစိုးရရုံးကို ၀ိုင်းဝန်းထားခဲ့ပြီး အကြပ်ကိုင်ခဲ့သည်။ ဆန္ဒပြမှုများမှာ အကြမ်းဖက်မှုမပါသော်လည်း ပီပီပီ ပါတီမှ ၀န်ကြီးချုပ် အလုပ်မလုပ်နိုင်အောင် လူထုအားဖြင့် အကြပ်ကိုင်ခဲ့ရာ ပထမအဆင့် အနေဖြင့် ၀န်ကြီးချုပ် ဆမက် ဆင်းပေးခဲ့ပြီး ပီပီပီမှာ အခြားခေါင်းဆောင် တဦးဖြစ်သူ သက်ဆင်၏ ယောက်ဖတော် ဆွန်ချိုင်း ၀ုန်ဆ၀ပ် ၀န်ကြီးချုပ်ဖြစ်လာခဲ့သည်။

အ၀ါရောင် ရှပ်အင်္ကျီဝတ်ဆင်သူ ပီအေဒီထောက်ခံသည့် ဆန္ဒပြသူများ အနေဖြင့် သူတို့တောင်းဆိုသည့် တောင်းဆိုချက်နှင့် ရလာသည့် အဖြေက လွဲနေသေးသဖြင့် မကြာမီ ၀န်ကြီးချုပ် ဆွန်ချိုင်းကိုလည်း ရာထူးမှ ဆင်းပေးဖို့ ဆန္ဒပြကြပြန်သည်။

ထိုသို့သောကာလ နိုင်ငံတကာတွင် စီးပွားရေးကျဆင်းမှု အရိပ်အရောင်များ ပေါ်ထွက်နေခဲ့ပြီး ကမ္ဘာ့ ငွေကြေးဈေးကွက် အကြပ်အတည်း နိုင်ငံတကာ အစိုးရများက ဘဏ္ဍာရေးကျားကန်မှု ဆောင်ရွက်ဖို့ စဉ်းစားတိုင်ပင်နေကြချိန်တွင် ထိုင်းနိုင်ငံမှာတော့ စီးပွားရေးဘက်ကို မလှည့်အားပဲ နိုင်ငံရေး စိတ်ဝမ်းကွဲပြားမှုကို ဖြေရှင်းနေကြဆဲဖြစ်သည်။ သက်ဆင်ထောက်ခံသူများနှင့် ပီအေဒီ အင်အားစုများ အကြား တိုက်ပွဲပြင်းထန် နေချိန်တွင် ပီအေဒီများကိုနှိမ်နှင်းဖို့ ဆွန်ချိုင်း အစိုးရက ရဲနှင့် စစ်တပ်ကို အမိန့်ပေးသော်လည်း ထိုအဖြစ်အပျက်တွင် ရဲနှင့်စစ်တပ်က ကြားနေမည့် သဘောရှိနေသဖြင့် ဆန္ဒပြမှုက ရက်ရှည်လာပြီး နောက်ဆုံး ဆန္ဒပြသူများက မထင်မှတ်ထားသည့် ဘန်ကောက် သုဝဏ္ဏဘုမ္မိ နိုင်ငံတကာ လေဆိပ်ကို ကိုးရက်ကြာ သိမ်းပိုက်ထားခဲ့သည့် အဖြစ်ဆီသို့ရောက်ခဲ့သည်။

ခရီးသွားလုပ်ငန်းသည် ထိုင်းနိုင်ငံ၏ အဓိက ၀င်ငွေရသည့် အရင်းအမြစ်တခု ဖြစ်၍ နိုင်ငံတကာ လေဆိပ်ကို ပိတ်ဆို့ထားလိုက်ခြင်းသည် ခရီးသွားလုပ်ငန်းအတွက်ရော ထိုင်းနိုင်ငံ အခြားသော စီးပွားရေးလုပ်ငန်းများ အတွက်ပါ အကျိုးသက်ရောက်မှု ကြီးမားနိုင်သည်ကို ထိုင်း နိုင်ငံရေး ခေါင်းဆောင်များနှင့် သြဇာရှိသူများက သိကြသော်လည်း ထို ခေါင်းဆောင်များက သူတို့၏ ဘုံရန်သူ ဖြစ်သည့် သက်ဆင် ထောက်ခံသည့် အစိုးရပြုတ်ကျရေးအတွက် တခွန်းတပါဒမျှ ၀င်မပြောဆိုခဲ့ကြပေ။ နိုင်ငံရေး အကျိုးအတွက် တိုင်းပြည် စီးပွားရေး ထိခိုက်မှု၊ လူအများအပြား အလုပ်လက်မဲ့ ဖြစ်နိုင်သည့် အချက်တို့ကို စတေးခဲ့ကြသည်။

ထိုင်းနိုင ငံရေးတွင် သက်ဆင်ကို ထောက်ခံသည့် ပီပီပီ အင်အားစု၊ ပီအေဒီ အင်အားစု၊ ဒီမိုကရက်တစ်ပါတီ ၊ နိုင်ငံရေးခေါင်းဆောင်များ အပေါ် ပြောဆိုဆုံးမ နိုင်သည့် အခွင့်အရေးရှိသည့် ဘုရင်၊ နိုင်ငံရေးနယ်ပယ်ထဲ တိုက်ရိုက် မပါဝင်သော်လည်း လိုအပ်သည့် အချိန် အဆင်သင့် ရှိနေသည့် စစ်တပ် စသဖြင့် လေးပွင့်ဆိုင် အင်အားစုသဖွယ် ရှိရာတွင် လေဆိပ်ကို သိမ်းပိုက်ပြီး အကြပ်ကိုင်သည့်နည်းကို မည်သူမှ ပွင့်ပွင့်လင်းလင်း မဝေဘန်ခဲ့ကြပေ။ ထိုမှ ထွက်ပေါ်လာမည့် အကျိုးဆက်ကိုသာ စောင့်မျှော်နေခဲ့ကြပုံရှိသည်။ လေဆိပ် ပိတ်ဆို့ပြီး တပတ်ခန့် အကြာတွင် ၀န်ကြီးချုပ် ဆွန်ချိုင်း ရာထူးမှ ဆင်းပေးခဲ့ရပြီး နောက်သီတင်း တပတ်ခန့် အကြာတွင် ဒီမိုကရက်တစ်ပါတီမှ အဘီဆစ် ၀န်ကြီးချုပ်ဖြစ်လာခဲ့သည်။ ထိုင်းနိုင်ငံရေး တည်ငြိမ်မှုရတော့မည်လားဟု မျှော်လင့်နေဆဲ လပိုင်းအတွင်းမှာပင် ရှပ်အင်္ကျီအနီဝတ်ထားသည့် သက်ဆင်ထောက်ခံသူများကလည်း တစခန်းထ လာပြန်သည့် ကြမ္မာနှင့် ထိုင်းနိုင်ငံ ကြုံတွေ့ရပြန်သည်။

ဝိုင်းပိတ် အကြပ်ကိုင်မှု နည်းဗျူဟာ သို့မဟုတ် ကော်ပီကက် နိုင်ငံရေး နည်းနာ

၂၀၀၈ ခုနှစ် နိုဝင်ဘာလ လေဆိပ် သိမ်းပိုက်ပြီး အကြပ်ကိုင်ခဲ့သည့် နည်းဗျူဟာသည် ထိုင်းနိုင်ငံရေး အတွက် မကောင်းသည့် အစဉ်အလာ တခုချမှတ်ခဲ့သလို ဖြစ်သွားခဲ့သည်။ ထိုင်းနိုင်ငံ၏ နိုင်ငံရေး တည်ငြိမ်မှု ပျက်ပြားစေသလို၊ စီးပွားရေး အရ၊ နိုင်ငံတကာ ယုံကြည်စိတ်ချမှု တို့ကိုကျဆင်းစေခဲ့ပြီး ထိုင်းနိုင်ငံမှာ နိုင်ငံရေး တစုံတရာ လှုပ်ရှားမှုဖြစ်ပေါ်တိုင်း ထိုင်းနိုင်ငံသို့ သွားလာဖို့ တွန့်ဆုတ်ကုန်ကြသည်။ ထိုင်းနိုင်ငံထဲတွင် ပိတ်မှုနေမှာကို စိုးရိမ်သောလျက် ရှိသောကြောင့် ဖြစ်သည်။

မကြိုက်သည့် အစိုးရတက်လာလျင် ထိုသို့လူစုပြီး အရေးပါသည့် နေရာ၊ အများနှင့်ဆိုင်သည့် လမ်းဆုံလမ်းခွ၊ အဆောက်အဦတို့ကို ရက်ရှည် ပိတ်ဆို့သည့် နည်းဖြင့်လိုက်လျောလာအောင် လုပ်၍ရသည် ဆိုသည့် အသိဥာဏ် တခုကို ရစေခဲ့သည်။ ထိုသို့သောနည်းမှာ ဒီမိုကရေစီနည်းမဟုတ်ပဲ လူအုပ်စုဖြင့် အကြပ်ကိုင်သည့် သဘောဆောင်သည့် လှုပ်ရှားမှု တခုဖြစ်သွားပြီး ထိုလှုပ်ရှားမှုကို ဆန့်ကျင်လျင် ရန်ပြုခြိမ်းခြောက်မည့် အန္တရာယ် ရှိသဖြင့် အမြင်ခြင်း မတူသူ၊ သဘောခြင်း မတိုက်ဆိုင်သူတို့မှာ အမြင်ကိုမဖေါ်ထုတ်ရဲ ကြတော့ပေ။

ပီအေဒီက လမ်းပြခဲ့သည့် နည်းနာကို အတုယူကာ ဒီဇင်ဘာလတွင် တက်လာသည့် အဘီဆစ် အစိုးရကို ဖြုတ်ချဖို့ အနီရောင် ၀တ်ဆင်သူ သက်ဆင်ထောက်ခံသူများက လွန်ခဲ့သည့် သုံးပတ်အတွင်း တိုက်ပွဲ စတင် ဆင်နွှဲခဲ့ကြသည်။

တနည်းအားဖြင့်ပြောရလျင် ကော်ပီကက် နိုင်ငံရေး ဟုဆိုရမည် ထင်သည်။ ပီအေဒီက လုပ်ခွင့်ရှိလျင် သူတို့လည်း လုပ်ခွင့်ရှိရမည် ဟူသည့် သဘောဖြစ်လာသည်။ ပီအေဒီကို လေဆိပ်သိမ်းပိုက် ထားခြင်းကြောင့် ထိုင်းနိုင်ငံ စီးပွားရေးအရ ဆုံးရှုံးခဲ့မှုအပေါ် တရားစွဲ လျော်ကြေးတောင်းမည်ဟု အစောပိုင်း သတင်းထွက်ပေါ်ခဲ့သော်လည်း လက်တွေ့တွင်မူ နိုင်ငံရေး အပေးအယူ တို့ဖြင့် အသံပျောက်သွား ခဲ့ရသည်။

လက်ရှိအနေအထားကိုတော့ စာဖတ်သူ အားလုံး ဖတ်ရှု သိရှိကြသည့်အတိုင်း ဆန္ဒပြသူများကြောင့် အာဆီယံအပေါင်းသုံးနိုင်ငံ အစည်းအဝေး တ၀က်တပျက်ဖြင့် ရပ်ဆိုင်းရ။ ၀န်ကြီချူပ်ကားကို ၀ိုင်းတိုက်ခိုက်ခံရ။ ပြည်ထဲရေး ၀န်ကြီးရုံးကို ၀င်ရောက်စီးနင်း ထို့နောက် စစ်တပ်ဖြင့် ဆန္ဒပြသူများကို ဖြိုခွဲရသည့် အထိ ဖြစ်ခဲ့သည်။ ထိုင်းနိုင်ငံ၏ ဒီမိုကရေစီအတွက် ခြေလှမ်း နောက်တလှမ်း ဆုတ်သွား စေခဲ့သလို လက်ရှိ အစိုးရမှာ နိုင်ငံရေး ပြဿနာများကိုသာ အာရုံစိုက်နေရသဖြင့် တကမ္ဘာလုံး ရင်ဆိုင်နေကြရည့် စီးပွားရေးကျဆင်းမှုဒဏ်မှ ထိုင်းနိုင်ငံကို ဘယ်လို သက်သာအောင် လုပ်မည်လဲ ဆိုသည့်အချက်များကို လှည့်မကြည့်နိုင်သေးသည့် အခြေဖြစ်သည်။

ထိုသို့သော အနေအထားတို့ကြောင့် မြန်မာ့ အိမ်နီးချင်း ဖြစ်သည့် ထိုင်းနိုင်ငံ၏ ဒီမိုကရေစီ ရောင်နီဦးမှာ ပါတီ၊ လူပုဂ္ဂိုလ် အကျိုးစီးပွားများ အကြား အရောင်မှေးမှိန် လျက်ရှိနေသေးသည်ကို တွေ့ရသည်။ ထိုအရေးအခင်းသည် ပါတီစုံ၊ လူမှုအဖွဲ့အစည်းစုံ စုပေါင်း စပ်ပေါင်း တည်ရှိရာ၊ မှီတည်ရာ အရှေ့တောင်အာရှဒေသဆိုင်ရာ အစိုးရများ၊ လက်နက်ကိုင်များ၊ အတိုက်အခံများ၊ လူမှုအဖွဲ့အစည်းများနှင့် စာနယ်ဇင်းနယ်ပယ်အားလုံးအပေါ်သို့ မည်၍မည်မျှ အရိပ်မိုးထိုးနေတော့မည်လဲ ဆိုသည်ကလည်း ဆက်လက်စောင့်ကြည့်ရမည့် အလားအလာပင်ဖြစ်ပါသည်။

(Photo – Internet)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts