>Ngwe Zin Yaw – 2009 Thagyan Letter

>

သင်္ကြန် သင်္ကေတ

ငွေစင်ယော်

ဧပြီ ၁၃၊ ၂၀၀၉

သင်္ကြန်ကျတော့မည်။ သင်္ကြန်အိုးရောင်းတဲ့သူက အိမ်မှာ ကြာသာပတေးသားသမီးရှိရင် သင်္ကြန်အိုး နှစ်အိုးနှင့် သင်္ကြန်ကို ကြိုရမည်ဟု ပြောရောင်းသည်။ ကြာသာပတေး တာစားသည် တဲ့။ သင်္ကြန်အိုးက ၅၀၀ ကျပ်နှင့် ၀ယ်လိုက်ရသည်။ အမှန်က ၃၀၀ ကျပ်ပဲရှိသတဲ့။ သင်္ကြန်အိုးမှာ ထိုးဖို့ ၇ ရက်သားသမီး နေ့နံရက်အရ ထိုးရမည့်ပန်းစည်းတွေက တစီးကို ၂၀၀ ကျပ်နှင့် ၀ယ်ကြသည်ကတော့ နှစ်စဉ်နှစ်တိုင်း ရောင်းကောင်းဆဲ။ သင်္ကြန်ရဲ့ ပန်းပိတောက်ကိုတော့ မိုးသာရွာသည်ဆိုသော်လည်း မတွေ့ရသေးပါ။

ဒီနှစ မိုးက တော်တော် စောရွာသည်ဟု ပြောရမည်။ ဧပြီလ ၁၁ ရက်နေ့ကနေ စ ရွာစ ပြုလာသည်။ နေပူပူလွန်းလို့ စိတ်ညစ်နေသူတွေ သဘောကျသွားပြီ။ ညနေတိုင်း ရေလောင်းရသည့်အလုပ်ကလေး ခဏနားခွင့်ရသွားလို့ ပျော်မိသည်။ သင်္ကြန်ရဲ့ပန်းပိတောက်ကိုတော့ မိုးသာရွာသည်ဆိုသော်လည်း မတွေ့ရသေးပါ။

သင်္ကြန်ပိတ်ရက် ၁၀ ရက် လောက်ရတော့ ရုံးသမားတွေ၊ အလုပ်သမားတွေ ပျော်နေကြသည်။ ဈေးလည်း စောစောပိတ်ဦးမည်။ သည်တော့ လိုအပ်တာတွေကို ကြိုတင် ၀ယ်ယူကြသူတွေက တပုံတပင်။

သည်ထဲမှာ သင်္ကြန်ကိုကြိုတဲ့ ပလတ်စတစ်ရေခွက် ဆိုက်စုံ၊ ရေပုံးတွေ၊ ရေပိုက်တွေ၊ မျက်နှာသုတ်ပုဝါတွေ အလုအယက် ၀ယ်လိုက်ကြတာ ပျော်စရာ။ ဒါ့အပြင် ဒီနှစ် သင်္ကြန်ရဲ့ သင်္ကေတလို့ ဆိုနိုင်မယ့် ဆံပင်ရောင်စုံအတုတွေ၊ မျက်နှာဖုံးတွေ၊ နေကာမျက်မှန်တွေကတော့ တော်တော် ရောင်းကောင်းနေတာ တွေ့လိုက်ရသည်။

ဘုန်းကြီးကျောင်းတွေမှာလည်း ဘုန်းကြီးဝတ်ဖို့ တန်းစီ နေကြတာတွေ၊ အစိုးရရုံးတွေမှာ သင်္ကန်းဝတ်ဖို့ စာရင်း ပေးကြတာတွေ၊ တရားရိပ်မှာ ခိုလှူံဖို့ ရိပ်သာဝင်နေကြသူတွေကလည်း နှစ်စဉ် သင်္ကြန်ရဲ့ သင်္ကေတပေါ့။ သင်္ကြန်တွင် ကုသိုလ်ကောင်းမူတွေလုပ်ဖို့ ကြံစည်နေကြတဲ့ထဲမှာ သတ်သတ်လွတ်စားဖို့၊ ဥပုဉ်စောင့်ဖို့၊ တရားအားထုတ်ဖို့ စတဲ့ သင်္ကြန်တွင်းကုသိုလ်ယူဖို့ တာာစူနေကြသူတွေလည်း ရှိသည်။

ဘာပဲဖြစ်ဖြစ်ပေါ့လေ။ သင်္ကြန်ဆိုတာ မြန်မာလူမျိုးတွေအတွက် အမှတ်တရ၊ နှစ်ဟောင်းကိုစွန့်လို့ နှစ်သစ်ကို ကြိုဆိုတဲ့ သင်္ကေတ။ သင်္ကြန်ရဲ့ သင်္ကေတ တခုခုကို ပြုကြတဲ့ မြန်မာလူမျိုးတွေ အားလုံး၊ အားလုံး ကျမ်းမာ ချမ်းသာစွာဖြင့် နှစ်သစ်ကို ကူးပြောင်းနိုင်ကြပါစေ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts