>With Only Loves – Poem by 5 Poets

>

အချစ်ချည်းသက်သက်

သစ်ကောင်းအိမ်၊ ကမာပုလဲ၊

ညိုထက်(လမ်းသစ်ဦး)၊ ရိုးဆက်၊

ပွင့်သစ် (ကရိန်ကန်)

မတ် ၂၇၊ ၂၀၀၉

အချစ်ရေ …

စီးကရက်မီးခိုးတွေမှာတောင်

မင်းစကားသံတွေက ဝဲလို့။ (၁)

ကိုယ့်မျက်ဝန်းထဲ

အလွမ်းတွေ ငွေ့ရည်ဖွဲ့

ချစ်သူရဲ့နှလုံးသားခြေဖမိုးပေါ်

နှစ်ကာလပုလဲတွေ ကြွေကျနေပုံများ

ကိုယ့်နှလုံးသားရဲ့ ဘာသာစကားပါ။ (၂)

ငွေ့ရည်ဖွဲ့ခြင်းမှာ …

ဒြပ်ထုအစိုင်အခဲတွေ ရှိကြတယ်

(ဒါပေမယ့် … ဒါဟာလည်း)

ချစ်ခြင်းရဲ့ သင်္ကေတ

မင်းမြင်ခွင့် ရစေချင်တယ်။ (၃)

အဲဒီ … ငွေ့ရည်တွေနဲ့

လောင်ကျွမ်းနေတဲ့ ကောင်ကြီး

ကဲ … ပြော

ဘယ်သွားမှာလဲ။ (၄)

ဒီအချစ်တွေအတွက်

မင်းရဲ့ရင်ခွင် တုန်ခါနေမလား

(ခွင့်လွှတ်ပါကွယ် …)

မီးတောင်တွေက

အချိန်အခါရောက်ရင် ပေါက်ကွဲတယ်

ကိုယ့်အချစ်မီးတောင် ပေါက်ကွဲပေါ့

အချစ်ချည်းသက်သက်။ (၅)

ကဲ …

ဘယ်သူတွေ ရိုးရိုးသားသားချစ်ဖူးလဲ

ငါတို့ရဲ့အပစ်ပယ်ခံအိပ်မက်တွေ

ရဲရဲရင့်ရင့် ပွင့်နေပုံ။ (၂)

အချစ်ရေ …

ခေတ်တွေနဲ့အတူ ငါစီးခဲ့

မြစ်ရေကြီးချိန်မို့လား

အလွမ်းတွေ ဗေဒါကြပ်ချိန်

အထီးကျန် နှစ်ပေါင်းတရာပေါ်

ငါ ရပ်လို့။ (၁)

အချစ်ရေ …

အပြင်မှာ မိုးတွေရွာနေတယ်

ငါရင်ထဲမှာလည်း

အလွမ်းတွေ ရွာနေပေါ့။ (၃)

ငါတို့ဘယ်အထိ နီးမှာလဲ

တေးသီချင်း တပုဒ်ကို

အခါခါ ဆိုသလိုမျိုး

အဲသလိုနဲ့

တဖြည်းဖြည်း ငါတို့ဝေးကြ

တမြေ့မြေ့ ငါတို့လွမ်းကြ။ (၄)

ဒီရေမြင့်ပေါ့

ကြည့်စမ်း

ခရာဆူးခြုံ

မျှော့နက်တွေ တွယ်ပါစေ

ငါ့နှလုံးသွေး

မင်း ဆယ်ယူလိုက်ပါကွယ်

အချစ်ချည်းသက်သက် ။  (၅)

(၁) သစ်ကောင်းအိမ်

(၂) ကမာပုလဲ

(၃) ညိုထက် (လမ်းသစ်ဦး)

(၄) ရိုးဆက်

(၅) ပွင့်သစ် (ကရိန်ကန်)

၃၁၊ ၇ ၊၂ဝဝ၆


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts