>Could Silicon Valley Become the Next Detroit?

>

ဆီလီကွန်ရပ်ကွက်မှာ တောက်ပြောင်နိုင်အုံးမှာလား
ကျော်ကျော်
မတ် ၂၃၊ ၂ဝဝ၉

စီးပွားရေးပျက်ကပ်နဲ့အတူ ဝန်ထမ်းများ လျှော့ချ၊ အလုပ်ချိန် ဖြတ်တောက်မှုတွေ ကြားမှာ ဆန်ဖရန်စစ်စကိုနဲ့ ဆန်ဟိုဆေးမြို့နှစ်မြို့ အကြား အဝေးပြေးလမ်းမ ၁ဝ၁ နဲ့ ၂၈ဝ ပေါ် ပြည့်ကျပ်နေတဲ့ ကားတန်းတွေကြားမှာ ကမ္ဘာကျော် ဆီလီကွန်ရပ်ကွက် (Silicon Valley) က ကြီးမားကျယ်ဝန်းတဲ့ ကွန်ပျူတာနည်းပညာ ကုမ္ပဏီ အဆောက်အဦတွေကတော့ တောက်ပြောင် လှပနေတုန်းပါပဲ။

ဒါပေမဲ့ ဆီလီကွန်ရပ်ကွက်မှာ အလုပ် လုပ်နေတဲ့သူ တချို့ကတော့ မမြင်ရသေးတဲ့ အန္တရာယ်ကို ကြိုမြင်နေကြပါတယ်။ အဲဒီထဲမှာ HP ကုမ္ပဏီရဲ့ ထိပ်ပိုင်း အုပ်ချုပ်ရေး အရာရှိတွေလည်း ပါဝင်ပြီး အန္တရာယ်ဟာ HP တစ်ခုတည်းကိုသာ မဟုတ်ဘဲ အမေရိကန်ရဲ့ အဆင့်မြင့် နည်းပညာ နယ်ပယ် တစ်ခုလုံးကို ထိခိုက်လာမယ်လို့ သတိပေးနေကြပါတယ်။ အကယ်၍ အမေရိကန်အစိုးရဟာ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ နဲ့ သင်္ချာ နယ်ပယ်တွေ (သူတို့အခေါ် STEM – Science, Technology, Engineering, Math) မှာ ငွေကြေးတိုးချဲ့ရင်းနှီးမှု လုပ်မပေးခဲ့ရင် မကြာခင်မှာ တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့ကို လိုက်မီတော့မှာ မဟုတ်ပါဘူး။ တချိန်ချိန်မှာ Apple, HP, IBM, Cisco စတဲ့ ကုမ္ပဏီတွေဟာ GM, Ford, Chrysler မော်တော်ကား ကုမ္ပဏီတွေလိုပဲ ပြိုင်ဖက် နိုင်ငံခြားကုမ္ပဏီတွေက ကျော်လွှားသွားမယ်လို့ သတိပေးနေပါတယ်။

အဲဒီလိုပြောလိုက်တာဟာ ရုတ်တရက်တော့ ရယ်စရာ ကောင်းနေပါလိမ့်မယ်။ ဒါပေမဲ့ ကမ္ဘာ့အကြီးဆုံး အဆင့်မြင့်နည်းပညာ ကုမ္ပဏီဖြစ်ပြီး မနှစ်က ရောင်းကြေးငွေ ဒေါ်လာ ၁၁၈ ဘီလီယံ၊ အမြတ်ငွေ ဒေါ်လာ ၈ ဘီလီယံနဲ့ ကမ္ဘာတဝှမ်းမှာ ဝန်ထမ်းပေါင်း ၃ သိန်းကျော်ရှိတဲ့ HP လို ကုမ္ပဏီကတော့ ရမ်းသမ်းပြောမယ် မထင်ပါဘူး။ HP ဟာ သိပ္ပံပညာရှင် ၆ဝဝ နဲ့ အိန္ဒိယနိုင်ငံဖွား ကွန်ပျူတာ နည်းပညာရှင် ပရစ်ဘနာဂျီး (Prith Banerjee) ရဲ့ ဦးဆောင်မှုအောက်မှာ ကမ္ဘာ့ အဆင့်မီ နည်းပညာသုတေသနဌာနတစ်ခုကိုလည်း တည်ထောင်ထားပါတယ်။

အိန္ဒိယဖွား နည်းပညာရှင် ပရစ်ဘနာဂျီး

နိုင်ငံအများအပြားမှာ အစိုးရတွေက သိပ္ပံနဲ့နည်းပညာဖက်မှာ ရင်းနှီးထောက်ပံ့မှုကို ပိုမိုတိုးချဲ့လာနေပေမဲ့ ထူးခြားစွာ အမေရိကန်အစိုးရကတော့ ရင်းနှီးမှုကို လျှော့ချနေပါတယ်၊ ဒါကြောင့်အလွန်ကြီးမားတဲ့ အန္တရာယ်က အမေရိကန်ရဲ့ နည်းပညာလုပ်ငန်းနယ်ပယ်ကို ဦးတည်နေတယ်လို့ ဘနာဂျီးက ပြောပါတယ်။

ဒီထရွိက်(Detroit) က ကားကုမ္ပဏီတွေ ကျရှူံးတာဟာ နိုင်ငံခြားပြိုင်ဘက်တွေရဲ့ နည်းပညာပုံစံတွေကို ဂရုမစိုက် လျစ်လျူရှုထားပြီး မှားယွင်းတဲ့ ကားအမျိုးအစားတွေကို ဆက်တိုက် ထုတ်လုပ်နေခဲ့လိုပါ။ ဒါပေမဲ့ ဆီလီကွန်က နည်းပညာကုမ္ပဏီတွေဟာ နိုင်ငံခြား ပြိုင်ဆိုင်မှုတွေကို အမြဲ ဂရုစိုက်နေပါတယ်။ သူတို့က အမေရိကန်အစိုးရဆီက ပိုက်ဆံကို တောင်းနေတာ မဟုတ်ပါဘူး၊ အစိုးရကနေ နည်းပညာဖက်မှာ ပိုမို ရင်းနှီးသုံးစွဲစေချင်တာပါ။ ပြိုင်ဘက် နိုင်ငံခြားက သွင်းကုန်တွေကို ကန့်သတ်တားမြစ်စေချင်တာ မဟုတ်ပါဘူး၊ အမေရိကန်က ကမ္ဘာ့ အကောင်းဆုံး ပစ္စည်းတွေကို ထုတ်လုပ်နေတယ်၊ နိုင်ငံခြားနဲ့ ပြိုင်ရဲပါတယ်။ သူတို့က လူသားအရင်းအမြစ်ကို ပိုပြီး လိုနေတာပါ။ နိုင်ငံခြားသား ကျောင်းသားတွေ အမေရိကန်မှာ ကျောင်းပြီးသွားတဲ့နောက် အမေရိကန်မှာပဲ လွယ်လွယ်ကူကူ ဆက်နေနိုင်ဖို့ ဥပဒေကို ပြင်ဆင်စေချင်တာပါ။

“နည်းပညာနယ်ပယ်ဟာ အမေရိကန်ရဲ့ သရဖူတစ်ခုလို ဖြစ်နေပါတယ်၊ အဲဒါနဲ့ပဲ အမေရိကန်က ကမ္ဘာပေါ်မှာ ခေါင်းမော့နေနိုင်တာပါ၊ ဒါကြောင့် ကာကွယ်ဖို့ လိုပါတယ်“ လို့ HP ရဲ့ နည်းပညာဗျူဟာချုပ် ရှောင်ရိုဘင်ဆန်(Shane Robison) က ပြောပါတယ်။

HP မှ ပညာရှင် စတန်ဝီလီယံ

HP မှ အထက်တန်းသုတေသန ပညာရှင် ပါရဂူဘွဲ့ရ စတန်ဝီလီယံ (Stan Williams) က လွန်ခဲ့တဲ့ ၁ဝ နှစ်ကျော် ကတည်းက သုတေသနနဲ့ သိပ္ပံဘာသာရပ်တွေမှာ ငွေကြေး ပိုမို သုံးစွဲ ရင်းနှီးဖို့ အမေရိကန်ကွန်ကရက်ဆီမှာ တောင်းဆိုခဲ့ပေမဲ့ ယခုထိ မအောင်မြင်သေးပါ။

၂ဝဝ၈ နှစ်က ဝီလီယံဟာ အိန္ဒိယကို ခရီးထွက်ခဲ့စဉ်က မမျှော်လင့်ဘဲ အိန္ဒိယ သိပ္ပံ ပညာရှင် တချို့နဲ့ ဆုံခဲ့မိပါတယ်။ သူတို့ဟာ အမေရိကန်မှာ ပါရဂူဘွဲ့ရတဲ့အထိ ပညာ သင်ကြားခဲ့တယ်၊ အမေရိကန်မှာပဲ အလုပ်လုပ်ခဲ့ပြီး မကြာခင်က အိန္ဒိယကို ပြန်လာခဲ့တာပါ။ အကြောင်းအရင်းက မိသားစုတွေကို သတိရလို့ မဟုတ်ပါဘူး၊ သူတို့ရဲ့ သားသမီးတွေကို အကောင်းဆုံး အခွင့်အရေးရှိတဲ့ နေရာမှာ ကြီးပြင်းစေချင်လို ပြန်လာတာပါလို့ ပြောပါတယ်။ အမေရိကန်ဟာ သူတို့ကလေးတွေအတွက် အကောင်းဆုံးနေရာ မဟုတ်တော့ကြောင်း သူတို့က မြင်နေတယ်လို့ ဝီလီယံက အံ့သြတုန်လှုပ်စွာ ကြားခဲ့ရပါတယ်။

အိန္ဒိယ ခရီးစဉ်နောက် မကြာခင်မှာပဲ ဝီလီယံဟာ တရုတ်နိုင်ငံကိုလည်း ရောက်ခဲ့ပါတယ်။ တရုတ်အစိုးရဟာ ကမ္ဘာအကြီးဆုံး နာနိုနည်းပညာသုတေသန (nanotechnology) စခန်းတစ်ခုကို တည်ဆောက်နေပြီး ပညာရှင်တွေကိုလည်း ဒေါ်လာ သန်း ၁ဝဝ လောက်ရှိတဲ့ အစိုးရ ထောက်ပံ့ငွေကို ပေးခဲ့တယ်လို့ သိရပါတယ်။ ဝီလီယံတွေ့ဆုံခဲ့တဲ့ အသက် ၂၈ နှစ်သာ ရှိပြီး မာစတာဘွဲ့နဲ့ ကျောင်းပြီးခါစ အမျိုးသမီးတစ်ဦးဆိုရင် နာနိုသုတေသနအတွက် အစိုးရဆီက ဒေါ်လာ ၅ သန်း ရခဲ့တယ်လို့ သိရပါတယ်။ “အမေရိကန်မှာဆိုရင် အခုလို အသက်ငယ်တဲ့ လက်ထောက် ပါမောက္ခ တစ်ယောက်ဟာ ဒေါ်လာ ငါးသောင်း ထောက်ပံ့ငွေ ရဖို့တောင် မလွယ်ကူပါဘူး“ လို့ ဝီလီယံက ပြောပါတယ်။

ဝီလီယံရဲ့ HP က သုတေသနဌာနမှာ ပညာရှင် ၇၅ ယောက်ထဲမှာ အမေရိကန်ဖွား ၁၈ ယောက်သာရှိပြီး အဲဒီအထဲက ၁ဝ ယောက်က အသက် ၅ဝ ကျော်နေပါပြီ။ လောလောဆယ် HP ဟာ နိုင်ငံခြားသား ပညာရှင်တွေကို အားကိုးနေရပါတယ်။ “တကယ်လို့ နိုင်ငံခြား ပညာရှင်တွေက အမေရိကန်ကို မလာချင်တော့ဘူးဆိုရင် ဘယ်လိုလုပ်မှာလဲ၊ အဲဒါ မတွေးဝံ့စရာပါပဲ“ လို့ ဝီလီယံက ပြောပါတယ်။

“အမေရိကန်မှာ ကွန်ပျူတာ နည်းပညာလုပ်ငန်းတွေကနေ အစိုးရကို အခွန်တွေ အများကြီးပေးခဲ့ပါတယ်၊ နည်းပညာနယ်ပယ်ကနေ ယနေ့ ကျနော်တို့ အကျိုးခံစားနေတဲ့ တိုးတက်ကြွယ်ဝမှုတွေ၊ တီထွင်မှုအသစ်တွေ အများကြီးပါပဲ။ ကွန်ပျူတာ နည်းပညာလုပ်ငန်းဟာ အောင်မြင်နေတော့ လျစ်လျှူရှုခြင်း ခံနေရပါတယ်။ ကျနော်တို့ဟာ ရွှေဥ ဥပေးနေတဲ့ ငန်းကို သတ်နေသလို ဖြစ်နေပါတယ်“ လို့ ဝီလီယံက မှတ်ချက်ပေးသွားပါတယ်။

နောက်တစ်ခါ ဆီလီကွန်ရပ်ကွက်အနား အဝေးပြေးလမ်းမ ၁ဝ၁ ပေါ်မှာ ကားပိတ်ဆို့မှုနဲ့ ကြုံခဲ့မယ်ဆိုရင် သင်စဉ်းစားစရာ၊ တွေးစရာလေး တစ်ခုတော့ ရှိနေမှာပါ။

(ဖေဖေါ်ဝါရီ ၂၊ ၂ဝဝ၉ Newsweek မဂ္ဂဇင်း)



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts