>Mar Mar Aye 269

>

ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ် အမှတ်(၂၆၉)
သီချင်းရေးဆရာကြီး ရွှေပြည်အေး
မာမာအေး
မတ် ၂၂၊ ၂၀၀၉


သောတရှင်များ ကျန်းမာတော်မူကြပါစရှင်။ မာအေးချစ်တဲ့ သောတရှင်တွေ ဂီတဝါသနာရှင်တွေ အားလုံး မာအေးရဲ့ အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ အရင်တပတ်က ဂီတစာဆိုကျော် ရွှေပြည်အေးရဲ့ သမီးတပည့်မလေး မာမာအေး ဖြစ်သွားတာ ‘ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်’ ရုပ်ရှင်ကားမှာပါလို့ ပြောခဲ့ပါတယ်။ မာအေးတို့ ဆရာတပည့် တွဲမိတဲ့အခါ ကံလိုက်တယ်လို့ ပြောရမလား မဆိုနိုင်ပါဘူး။ ထူးထူးကဲကဲ အပတ်စဉ်တိုင်းပဲ ရုပ်ရှင် အသံသွင်းတဲ့ အလုပ်က ဖြစ်သလား မမေးနဲ့၊ ရုပ်ရှင် ပဏာမ မေးလိုက်တာနဲ့ ရွှေပြည်အေးရေး မာမာအေး ဆို ဖြစ်ခဲ့ပါတယ်၊ တကယ့်ကို ရွှေပြည်အေး ဆရာရဲ့ ရွှေခေတ်ပါ၊ ဆရာ့ကို သီချင်းရေးဖို့ အလုပ်အပ်ရင် အနည်းဆုံး ရက်ချိန်း တစ်လ ကြိုအပ်မှ အိုကေတယ်၊ အနုပညာကြေး လက်ငင်း ပေးချေရပါတယ်။

ဆရာရွှေပြည်အေး ဒီလိုစနစ် သုံးတဲ့အကြောင်း သိခါစမှာ အလုပ်အပ်တဲ့သူတွေကို ဘေးကနေတဲ့ မာအေးက အားနာပြီး မျက်နှာပူနေတယ်၊ သူတို့အပေါ် တင်တင် စီးစီးကြီးများ ဖြစ်နေမလား၊ ဆရာ့ကိုများ ငြိုငြင်သွားမလား စိုးရိမ်လို့လေ၊ နောင်မှာ ဆရာနဲ့ တရင်းတနှီး သမီးကြီး ဖြစ်လာတော့ ဘယ်နေမှာလဲ မေးလိုက်တာပေါ့။

“မိမာ သိစရာတွေ အများကြီး ရှိသေးတယ်နော်၊ ဆရာတို့ရဲ့ အနုပညာ ဖန်တီးမှုတွေကို အလေးတစား နားလည်ဖြစ်အောင် လုပ်ရမယ်ကွဲ့၊ တချို့က သူတို့အလုပ် ဖြစ်ရင်ပြီးရော ဆိုတာမျိုး၊ ဇွတ်ကြီး အနီးကပ်ခါမှ လုပ်ပါဦး ဆရာရဲ့၊ ဆင်ဆာက ဘယ်နေ့တင်ရတော့မှာမို့ပါ ဆရာရဲ့ နဲ့ ဖြစ်တတ်တယ်မို့လား၊ သူ့ဒုက္ခကို ကိုယ်ဒုက္ခဖြစ်အောင် အပူလာတိုက်နေမိတာပါ လို့ သတိမထားတတ်ကြဘူး၊ ချက်ချင်း ကောက်ရေးလို့ မရဘူးလား ဆိုတော့- ရတာပေါ့။ အချိန်မပေးရင် စကားလုံး ရွေးချယ်မှု အားနည်းသွားမှာပဲ၊ ရုပ်ရှင်သီချင်းဆိုတာ ဇာတ်ကားကို ပံ့ပိုးနိုင်ဖို့ လိုတယ်ကွဲ့၊ ရိုးရိုးသီချင်းတွေလိုလဲ ကာရံနဘေ အချိတ်အဆက် အတက်အဆင်း မယွင်းပါမှ သီချင်းက လှနိုင်မယ် မဟုတ်လား။ အနုပညာကြေး ကိစ္စလဲ ဒီလိုပဲ၊ အလုပ်ပြီးမှ ရှင်းမယ်ဆိုရင်၊ သူတို့ ဖက်က ပေါ့သွားတာလဲရှိတယ်၊ ဆရာရယ် ဟိုကိစ္စအတွက် ပိုကုန်သွားလို့၊ ဒီကိစ္စအတွက် ပိုကုန်သွားလို့ပါ၊ ဒီတခါတော့ ဒါလောက်ပဲ ကန်တော့ ပါရစေ ဆိုတာမျိုးလဲ ရှိတယ်၊ အလုပ်က ပြီးသွားပြီ ဆိုတော့ ဝိုင်းသားတွေကလဲ သူတို့ တီးခ မှုတ်ခ ရချင်ပြီ၊ ပေးတာက မပြည့်စုံမှာကိုက ကြိုမသိ၊ ကိုယ့်လူတွေရှေ့မှာ ဘယ်ပြန်ပြောလို့ ကောင်းမလဲ၊ ခုလို စည်းကမ်းတကျ ပုံစံချထားလိုက်တော့ ဘာမှထပ် မပြောရတော့ဘူးပေါ့၊ ဒါမျိုးတွေ တိုးခဲ့ရပေါင်း များပြီလေ၊ နောက်လူတွေ ဒီလို စနစ်တကျ ဆက်လုပ်သွားနိုင်အောင် ရှေ့လူက လမ်းဖောက်ခဲ့မှပေါ့’ တဲ့ ဆရာက အဲဒီလို ပြန်ဖြေခဲ့ပါတယ်။

မိမာ သိစရာတွေ အများကြီး ရှိသေးတယ်လို့ ဆရာပြောသွားတာ မှန်လိုက်တာပါလား သောတရှင်တို့ရဲ့၊ ဟိုတုန်းကတော့ ကိုယ်တိုင် ကြုံဖူးသေးတဲ့ အရွယ်မှ မဟုတ်တာကိုး ဝိုးတိုးဝါးတားပေါ့နော၊ ကိုယ့်အလှည့် ကိုယ်အခါ ရွှေဖြစ်လာတော့ ဆရာ ပြောတာမျိုးတွေ ဒက်ထိတိုးတာဘဲ၊ ဆရာကလမ်းပြခဲ့တာပေမယ့်၊ အားနာတတ်၊ သနားတတ်လွန်းတဲ့ မာအေး ကြေးပြည့်မရခဲ့တာက ဒုနဲ့ဒေး၊ ပေးချင်တဲ့ လက်ကလဲ မနှေးလို့ သူဌေး မဖြစ်ခဲ့ပါဘူးရှင်၊ ပါရမီရှင်တဲ့ ကုသိုလ်ရှင် အမေတန်းဝင် အဖတ်တင်ခဲ့တော့ တော်သေးရဲ့ပေါ့၊

ဆရာရွှေပြည်အေးဟာ သူ့စနစ် သူထူထောင်ပြီး စည်းကမ်းရှိရှိ၊ ကတိတည်တည်၊ သမားဂုဏ်နဲ့အညီ ယောက်ျားပီတဲ့ လူမျိုးမို့ ‘ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်’ တွေထဲ သူလဲ ပါတာပေါ့ရှင်၊ အိမ်သူသက်ထား အဲဒီအချိန်မှာ မရှိပါဘူး နှမများနဲ့ နေသတဲ့၊ ဆိုရင်းတီးရင်း ဂီတနဲ့ ကြီးပြင်းလာတဲ့ သူဆိုတော့ ဂီတနဲ့ မွေ့ပျော် တပည့်သားမြေးတွေနဲ့ မွေ့ပျော်နေရရင် ပြီးစတမ်း ဖြစ်နေမယ် ထင်ပါတယ်။ မာအေးလဲ ဂီတလောကသားပဲမို့ ကိုယ့်ဂီတ အုပ်စုလေးနဲ့ ကိုယ်ပျော်မွေ့တတ်လို့ပါ၊ ကိုယ့်ဝါသနာနဲ့ ဝမ်းစာကိစ္စ တထပ်တည်းကျတော့ သူနဲ့သာတွေ့ အကုန်မေ့ ဆိုတာမျိုး ကိုယ်ချင်းစာ ကြည့်မိတာပါ၊

ဆရာက ကိုယ့်ထက် အသက် သုံးဆယ်ကျော် ကြီးပါတယ်၊ ကိုယ့်ထက်ပိုပြီး တီးခဲ့ ရေးခဲ့သေးတယ်၊ ဆရာငယ်ငယ်က သီချင်းအဆိုကောင်း လို့လဲ ကြားဖူးပါတယ်၊ လူကြီးဝိုင်းတွေမှာ သူ မပါမဖြစ်တဲ့ ရှင့်၊ ဂျာရစ်ကလေးနဲ့ လူကြီးဂီတပညာရှင်တွေ ကြားမှာ ထိုင်နေတဲ့ ဓါတ်ပုံလဲ မြင်ဖူးပါတယ်၊ ခု ကြီးချိန်မှာ အဆိုတော်တယောက်လိုသာ မဆိုတာပါ၊ လိုအပ်ရင် အကွက်ရရ-မရရ၊ ဝင်ကူဆိုပေးခဲ့တာ မာအေး ကြုံဖူးပါတယ်ရှင်၊ ကိုယ့်ဆရာ့အကြာင်း အခုနှစ်တရာ အခါတိုင်မှ ပြောဖြစ်တာ ဆိုတော့ များလိုက်သမှ ဘာက စရမှန်းတောင် မသိပါဘူး၊ ကိုယ့်ငါးချဉ် ကိုယ်ချဉ်တာ မဟုတ်မှန်းတော့ ပရိသတ်များ သိမှာပါ၊ ခွင့်လွှတ်မှာပါနော်။

ဆရာရေးသွားတဲ့ ‘ကချေသည်’ သီချင်းထဲက စာပိုဒ်တခု ‘သဘင်ပညာ စွမ်းအားမှာ ဘယ်လို တော်ပါစေကွယ်၊ ကိုယ့်ဘဝ စခန်းကျတော့ – အလွမ်းချည်း တွေ့တယ်’ တဲ့ မာအေး ဆိုခဲ့ပါတယ်၊ ဆရာ့ဇာတ်က အဲဒီလို သိမ်းခဲ့ပါတယ်ရှင်၊ ချစ်ဆွေတို့ ဘယ်သိပါ့မလဲ၊ အဲဒါတွေ စောင့်နားထောင်မယ် မဟုတ်လား၊ ဒီနေ့တော့ သီချင်းသံ ကြားချင်တဲ့သူတွေ ပြန်စုချင်တဲ့သူတွေ အတွက်၊ ‘ရွှေမန်းမေ’သီချင်းပဲ နားဆင်လိုက်ပါတော့။

(ရွှေမန်းမေ-ပဏာမ) (ရွှေမန်းမေ)၃ xxxx နန်းထိုက်တဲ့ (ရွှေမန်းမေ)၂ xxxx ရွှေမန်း-ရွှေမန်းမေ xxxx (ရွှေမန်းမေ)၂ xxxx ဟန်မူယာ တကယ့် နွဲ့နွဲ့နှောင်းလို့ ပျော့ပျော့ ပြောင်းပြောင်း ချစ်ဖို့ကောင်းလှပေ xxxx (ရွှေမန်းမေ)၂ xxxx ယဉ်တင်တင် စကားလေးနဲ့ ထိအောင် မိအောင် ငြိအောင် ပြောတာ သဘောကျသလေ xxxx

မန်းမြို့မြေ၊ လှမ်းလို့နေ၊ အဝေးကဆွေ၊ အပြေးကြွလေ၊ စိတ်မပျက်နဲ့ဟေ မိတ်ဆက်မယ့်မေ၊ သဘောရှိကွယ့် လည်အုံး ပတ်အုံး တမြို့လုံး ကြည့်စရာ မဆုံးဘူးလေ၊ တခေါက် နှစ်ခေါက်တောင် မချို့ငဲ့စေ၊ ရောက်ရောက်အောင် ပို့မယ့်မေ၊ ဧည့်ဝတ်ကို ပြုစုကာ တာဝန်ကျေစေမယ်လေ ရွှေမန်းမေ xxxx

[ မူရင်း – ဘီဘီစီ၊ မြန်မာဌာန ]

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts