>Cap, gown and mom are his biggest goals

>

အာလ်လင်တန်ဟိုက်စ် အထက်တန်းကျောင်းမှ မြန်မာဘောလုံးသမား
မိုးစဲ
မတ် ၂၂၊ ၂၀၀၉

အမေရဲ့ အိပ်မက်တွေထဲမှာ သူ့ကို ခေတ်ပညာတတ် သားတစ်ဦး အဖြစ် အမြဲ မြင်တွေ့နေခဲ့တယ်တဲ့၊ သူ့အမေ ပြောဖူးခဲ့တဲ့အကြောင်း မင်းကိုအောင်က ပြန်ရှင်းပြပါတယ်။ သူ့အတွက်တော့ ဘယ်နေ့ ဘယ်အချိန် ဘယ်နေရာမှာ ဘယ်လိုပုံသဏ္ဍာန်မျိုးနဲ့ အမေ့အတွက် ပေးဆပ်ရမလဲ ဆိုတာကို သူ့အတွက် သေချာမှု မရှိသေး၊ ဒါပေမဲ့ အမေ့ဆန္ဒ ပြည့်စေရမယ်လို့ သူ ဆုံးဖြတ်ထားခဲ့တယ်။ သူ့ရဲ့မိသားစု ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းမှာ ရှိတာကို သတိရတယ်။

သူအသက် (၁၈) နှစ် ပြည့်တဲ့ အချိန် တက္ကဆပ်ပြည်နယ် ဖို့ဝပ် အဲလ်လင်တန် အထက်တန်းကျောင်းရဲ့ အကြီးတန်း ဘောလုံးအသင်းမှာ အားထားရတဲ့ ရှေ့တန်း တိုက်စစ်မှူး ဖြစ်လာခဲ့တယ်။
အခုဆိုရင် သူ့အမေ၊ ပြီးတော့ ညီအစ်ကို နှစ်ယောက်နဲ့ ခွဲခွာခဲ့ရတာ ငါးနှစ်ရှိခဲ့ပြီ၊ သူ့တို့ အားလုံး ထိုင်းနိုင်ငံရဲ့ နို့ဘိုးဒုက္ခသည်စခန်းမှာ ရောက်နေကြပြီလို့ သူပြောပြတယ်။

“ကျနော် အရမ်းကို ခံစားရပါတယ်။ ဒီအမေရိကန်နိုင်ငံမှာ နေရတာ လွတ်လပ်မှု အပြည့်အဝ ရခဲ့ပါတယ်။ ဒါပေမဲ့ ကျနော့်ရဲ့ လိုအပ်နေမှုက ဒါအဓိက မကျဘူး။ ကျနော်တို့ မိသားစု အတူတူ နေရမယ့် နေ့ကိုပဲ တမ်းတနေမိတယ်”

ဒီနိုင်ငံရောက်စတုန်းက သူ့ဘဝမှာ အပြောင်းအလဲတွေ အများကြီး ကြုံခဲ့ရတယ်။ အင်္ဂလိပ်စကား လုံးဝ မပြောတတ်ခဲ့ဘူး၊ အခု ဒီရောက်တဲ့ လေးနှစ်အတွင်းမှာ အင်္ဂလိပ်စကားကို ကောင်းကောင်း ပြောနိုင်နေပြီ။

သူဆယ်ကျော်သက်အရွယ်မှာ မိသားစု အစုံအလင်နဲ့ အတူ မနေခဲ့ရဘူး။ ဘာဖြစ်လို့လဲဆိုရင် သူ့အဖေဟာ စစ်အာဏာရှင်စနစ်ကို တွန်းလှန်ခဲ့တာမို့ အကျဉ်းထောင်ထဲမှာ ၇ နှစ်တာ ထိန်းသိမ်းခံခဲ့ရတယ်။

အဖေထောင်က ပြန်လွတ်လာတဲ့အခါမှာလည်း အိမ်မှာအမြဲ မရှိတတ်ဘူး၊ နာမည်ကျော် လူဆိုး တစ်ယောက်လို အမြဲ ရှောင်တိမ်း နေရတယ်။ မိသားစုရဲ့ နွေးထွေး ချစ်ခင်မှုကို သူ မခံစားခဲ့ရဖူး။ အမေရိကန်နိုင်ငံကို ရောက်စက သူအကြိမ်ကြိမ် ငိုခဲ့ရဖူးတယ်။ အဖေ အလုပ်သွားနေချိန်မှာ သူ တစ်ယောက်ထဲ အထီးကျန်နေခဲ့ရတယ်။

အခုလည်း အငြိမ်းစားများ နေထိုင်တဲ့ ဂေဟာမှာ နှစ်ယောက် အတူတူ အလုပ်လုပ်နေပေမဲ့ အချိန်ဇယားခြင်းမတူ ဌာနခြင်းက မတူတော့ နှစ်ယောက် ဆုံဖြစ်ဖို့ မလွယ်ဘူး၊ အဖေက အင်ဂျင်နီယာဌာနမှာ လုပ်ပြီး ၊ သူကတော့ ကျောင်းတဖက်တက်ရင်း အချိန်ပိုင်း စားပွဲထိုးပေါ့။

ဒီအလုပ်ဟာ သူ့အတွက် ပထမဦးဆုံးအလုပ် ဖြစ်တယ်။ သူအလုပ်လုပ်တဲ့ အငြိမ်းစားဂေဟာမှာ နေထိုင်ကြတဲ့ လူကြီးတွေကလည်း သူ့အတွက် အကြံဉာဏ်ကောင်းတွေ ပေးတတ်ကြတယ်။

သူ အလုပ်ကြိုးစားလို့ မန်နေဂျာက သူ့ကို သဘောကျပြီး၊ တခါတလေ စားသောက်ခန်းမကို ကြီးကြပ်ခိုင်းတတ်တယ်။

သူ့အဖေဟာ ရှစ်လေးလုံး အရေးတော်ပုံအတွင်း မြန်မာပြည်ရဲ့အကျဉ်းထောင် မှာ ထိမ်းသိမ်းခဲ့ရစဉ်က သူ့အသက်က ရှစ်နှစ်သားပဲ ရှိသေးတယ်။

အဖေ ထောင်ကလွတ်လာပြီး စစ်ထောက်လှမ်းရေးက အဖေ့ကို အမြဲတမ်း စောင့်ကြည့်နေတာကြောင့် သူတို့ ထိုင်းနိုင်ငံဘက်ကို ထွက်လာခဲ့တယ်…။

ထိုင်းနိုင်ငံမှာ တရားဝင် နေခွင့်မရှိဘူး။ အခက်အခဲ များစွာနဲ့ ရင်ဆိုင်ခဲ့ရတယ်။ မြန်မာပြည်ကနေ တောင်တွေကို ကျော်၊ မြစ်တွေကို ဖြတ်လာခဲ့ရပါတယ်။ ဒုက္ခသည် စခန်းမှာ (၇)လလောက် နေထိုင်ခဲ့ပြီးမှ အမေရိကန်ပြည်ထောင်စုကို ရောက်ခဲ့ပါတယ်။

Mr.Earnest Register (မီးရထားဌာန အင်ဂျင်နီယာအငြိမ်းစား)နဲ့ သူ့ဇနီး Mrs.Helen က သူတို့သားအဖနဲ့ ရင်းနှီးခဲ့ပြီးတော့ ကူညီမှုတွေပေးခဲ့တယ်။

ထိုင်းနိုင်ငံ နို့ဘိုးဒုက္ခသည်စခန်းမှာ ကျန်ရှိနေတဲ့ မိသားစုတွေနဲ့ ပြန်ပြီး ပေါင်းစည်းနိုင်ဖို့ သူ့ဖခင်က မျှော်လင့်တယ်။ Mr.Earnest တို့ကလည်း အဲသလိုပဲ မျှော်လင့်ထားတယ်။

“သူဟာ အရာအားလုံးထဲမှာ ဘောလုံးပဲကစားချင်ပြီး အကောင်းဆုံးဖြစ်လာဖို့ အဓိကထားတယ်။ ထူးချွန်တဲ့ ကစားသမားပဲ” လို့ Mr.Earnest က သုံးသပ်တယ်။

“အဖေက ကျနော့်ကို နာမည်ကျော် ဘောလုံးသမား တစ်ယောက် ဖြစ်ဖို့ မျှော်လင့်ထားတယ်၊ ကျနော်သိတယ်။ အကောင်းဆုံးဖြစ်အောင် ကစားနေတယ်။ ဘယ်တော့မှလည်း ရပ်မှာ မဟုတ်ပါဘူး။”

မင်းကိုအောင်မှာ အကြောင်းပြချက်တစ်ခု ရှိနေတယ်။ “ကျနော်အတန်းတိုင်း စာမေးပွဲ အောင်မြင်ဖို့ ကြိုးစားတယ်။ ဘာကြောင့်လဲ ဆိုတော့ အမေမြင်ချင်တဲ့ ကျနော့်ရဲ့ ဘွဲ့ရဓာတ်ပုံ အမေ့ကို ပြချင်လို့ပဲ”

(Star-Telegram သတင်းစာမှ William Wilkerson ၏ Cap, gown and mom are his biggest goals ကို ဆီလျော်အောင်ပြန်ဆိုပါသည်။)



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts