>Si Thu Nyane – Poem in a rap

>

အနုပညာပြင်ပမှာ ငါ မနေလို၊

ရန်ကုန်ရောက်နေ့ များကို၊

ဟစ်ဟော့သီချင်းလို ဆိုမိခြင်း

စည်သူငြိမ်း

မတ် ၁၉၊ ၂၀၀၉

ဆက်သွယ်မှု ဧရိယာပြင်ပကိုရောက်နေတာ ဘယ်သူလဲ

အဲဒီလက်ကိုင်ဖုန်းလား ကျွန်တော်လား

ဟိုသည်လျှောက်သွား လူအများလား

ဆက်သွယ်မှုဧရိယာပြင်ပ ဟုတ်လား

ကားမထွက်ခင်မှာ တစ်နာရီကြာတယ်

ကားထွက်တဲ့အခါကားပေါ်မှာ

လေးနာရီကြာတယ်

နောက်တစ်ခါ ကားပေါ်ကဆင်း

ကားစောင့်တာနာရီဝက်ကြာတယ်

ဟုတ်တယ် နာရီဝက်

ကားပေါ်ပြန်တက် ကားစီးတာ

နောက် တနာရီကြာတယ်

အဲ့ဒီမှာ နာရီကိုကြည့်ရင်း

ကျွန်တော် သတိရတယ် …

ကမ္ဘာကိုပြားတယ်ဆိုတဲ့

ပြားသွားတဲ့ကမ္ဘာ၊ မစ္စတာဖရိုင်းမင်း …

၃၇ လမ်းရောက်ဖို့ 

ကျွန်တော် တော်တော် လာရတာ

ကျွန်တော်ဆက်လိုက်တဲ့ဖုန်းက

ဆက်သွယ်မှုဧရိယာပြင်ပမှာလား

ကျွန်တော်က ဆက်သွယ်မှုဧရိယာပြင်ပမှာလား …

ကားပေါ်က ဆင်းပြီး ကားပေါ်ပြန်တက်

ကားတွေကိုရှောင်ပြီး

ကားလမ်းဖြတ်ကူး

ရွှေဘိုမြင်းရယ်လေ ခွာသံနှာသံပြင်းတယ်လေးလေး

(ငါးပိ ငါးချဉ် ငါးလူး ငါးလဲ)၂

ကားတွေထဲဖြတ်သွား ကာဗွန်ငွေ့များ တိုးတိုက်ကြ ဟွန်းမတီးရ

အလဲဗင်းတွေရမယ်၊ ညကကန်တဲ့ပွဲတွေ၊

M R T V 4 အင်တာနာတွေ၊ ဒန်ပေါက် ၁၅၀၀

တစ်ခါပြင်ထမင်းက ၅၀၀

ရန်ကုန်ကိုလာတယ် ရန်ကုန်ကိုလာရင်

မောင်စိုင်းဆီဝင် ဇေယျာနဲ့ တွေ့ မြတ်ထိုက်ဆီဝင်

F E G ကိုဝင်

ကိုလင်းရိပ်တယောက် မမြင်ပါလား

လေထန်ကုန်း သွားမယ်

ပိတောက်ပွင့်သစ် သွားမယ်

ကားစီးပြီး ကားပေါ်ကဆင်း

ကားပေါ် ပြန်မတက်ချင်ဘူး

ကားတွေ ကြားသွားမယ်

မျဉ်းကြားက ကူးမယ်

အဲဒီအချိန် နာရီပြန်တစ်ချက်

မအူပင်ကထွက်တော့ မနက် ၆ နာရီ

မိုင် ၅၀ က ကျွန်တော့်ကို ရယ်မပြုံးနိုင်ဘူး … ခပ်တည်တည်

တိုကျိုမှာ ကော်ဖီသောက် လမ်းဆက်လျှောက်

ခြေကျင်သွားမယ် လမ်းဆက်လျှောက်မယ်

ပေတစ်ရာလမ်းမ အနက်ရောင်လေးအပေါ်

ငါလျှောက်သွားရင်းနဲ့ 

လက်မှာ အဖော်အိတ်အနက်တစ်လုံးကို

ပခုံးမှာလွယ် ပခုံးမှာလွယ် ပခုံးမှာလွယ်

လမ်းလျှောက်တာ ကျမ်းမာရေးလား ဝေးဝေးလျှောက်လျှောက်

ချွေးလေးပေါက်ပေါက် လျှောက် လျှောက်

လမ်းလျှောက်တာ သက်သာတယ်

ပိုက်ဆံ သက်သာတယ်

တိုးဝှေ့ ရတာသက်သာတယ်

စိတ်အလိုမပါပဲ စောင့်ရတာ သက်သာတယ်

ရပ်ချင်တဲ့နေရာမှာ ရပ်လို့ ရတာ သက်သာတယ်

စကားပြောချင်တဲ့သူနဲ့ ပြောရတာ သက်သာတယ်

ကုသိုလ် ပညာဥစ္စာရဖို့ 

သင့်ရာဒေသ အမြဲနေ

ရှေးကကြိုတင် ပြုခဲ့ဖူးသည့်

ကောင်းမှုအထူး ရှိပါစေ

နေရာတကာ ငါးမြှားချိပ်တွေ

လူ တသွင်သွင်စီးလို့  ငါးကြီးတွေ

ငါးထွေ ငါးကြင်း ငါးမြင်း ငါးမြစ်ချင်း ငါးပတ်

ငါးညှပ် ငါးသေး ငါမွှား တစ်ချို့ ငါးမြှားချိတ် တန်းလန်း

ဖက်ရှင်ဆိုင် အီလက်ထရောနစ်ဆိုင်

ဘီယာဆိုင် ဘာဆိုင်ညာဆိုင်

ငါနဲ့ မဆိုင်တဲ့ဆိုင်များ

ဖြတ်ကျော်သွား

စာအုပ်ဆိုင်များ ရောက်သွား

ငါးလည်း ငါးမြှားချိတ် ချိတ်မှာငြိ

ကြည့် ဖြည်းဖြည်းကြည့် အေးအေးကြည့်

ရုပ်ရှင်မကြည့်ဘူး

စာအုပ်ကြည့်

စာအုပ်တွေလျှောက်ကြည့်မယ်

၃၃ လမ်းဝင်မယ်

၃၃ လမ်းဟာ ဆက်သွယ်ရေးဧရိယာလား

၃၃ လမ်းထဲမ၀င်ရင်

ဆက်သွယ်ရေးဧရိယာပြင်ပလား ပြင်ပလား

ဆက်သွယ်ရေးဧရိယာဟာဘာလဲ

ဆက်ဆက်သွယ်ရဦးမယ်

ဆက်ပြီးလည်းသွယ်ရလိမ့်မယ်၊

ဆက်သွယ်ရေးဧရိယာထဲမှာ

စတူဒီယိုစီမှာ

ရေဒီယိုကဗျာဆရာ၊ မောင်လင်းရိပ်နဲ့ တွေ့ လာ

ကိုင်ဇာနဲ့ တွေ့ တယ်၊ သင်းသင်းသာနဲ့ တွေ့ တယ်၊

မိုးတွေရွာတယ်၊ ဆက်သွယ်ရေးဧရိယာထဲမှာ

ဝှိုက်ဘုတ်ပေါ်မှာ၊ နာမည်ရေးထားတာ၊

ရေဒီယိုကဗျာဆရာ

စည်သူငြိမ်းဆိုတာ၊

ငါ ငါ မတက်ရဘူးလား၊

ငါမရှိဘူးလား

ငါ လာတယ် ငါ ရှိတယ်

ငါ ကဗျာရေးတယ်

ငါ တွေးတဲ့အတိုင်း လိုက်တွေးဖို့ မလို၊

ခင်ဗျားအတွေးကို ကျွန်တော် မပိုင်ဘူး

ပုံသဏ္ဌာန်တွေကို ကျွန်တော်မပိုင်ဘူး

ခင်ဗျားမပိုင်ဘူး

အတွေးတွေကို မပိုင်နိုင်ဘူး

မပိုင်တာတွေကို ပိုင်အောင် လုပ်စရာ

မလိုပါဘူး မလိုပါဘူး

ရန်သူတို့ အကြားမှာ

ချမ်းချမ်းသာသာ အေးဆေးစွာ

ရန်မရှာဘဲ တို့ နေကြ

ရန်ရှာသူတို့  အကြားမှာ

ရန်မရှာဘဲ တို့ နေကြ။

ရန်မရှာဘဲ တို့ နေကြစို့ 

ရန်မရှာဘဲ တို့ နေကြစို့ 

ရန်က တို့ကို လာရှာ

တို့က ရန်ကို ဘယ်မရှာ ရှာရှာ မရှာရှာ

မရှာ မရှာ မရှာ မရှာ

မရှာ မရှာ မရှာ မရှာ

ဆရာဒဂုန်တာရာပြောတာ ရန်သူမရှိ မိတ်ဆွေသာရှိ

ရှိအောင်လုပ် ရှိအောင်လုပ် ရှိအောင်လုပ်

ရှိအောင်လုပ်ကြစို့ အချိန်မဆွဲနဲ့ 

မဟုတ်လောက်ရင် ဟုတ်အောင်လုပ်

ရှိအောင်လုပ်ကြစို့ အချိန်မဆွဲနဲ့ 

မဟုတ်လောက်ရင် ဟုတ်အောင်လုပ်

လုပ်သမျှတွေ အဆင်မပြေလို့

အရင်နေလည်း မဟုတ်လို့ 

ကျွန်တော်တို့ ငှက်တွေ၊ လေဆန်ငှက်တွေ၊ ဇီဝစိုးတွေ

ကဗျာတွေကို သွေးထွက်အောင် အန်ထုတ်

ဘယ်လောက်ခက်ခက် ကဗျာတွေထွက်တယ်

မဂ္ဂဇင်းတွေများတယ် ကဗျာတွေရှားတယ်

ကြော်ငြာတွေကြားမှာ

သားသားနားနားနဲ့ မသားမနားနေရ

နည်းနည်းတက်ပါဦး နည်းနည်းတက်ပါဦး

စာမှုခတက်ပါဦး နယ်ကို စာအုပ်ပို့ ပါဦး

ရွေးခန်း ထည့်ပါဦး ရွေးခန်း ထည့်ပါဦး

မဆုံးတဲ့ခရီး မငြီးငွေ့ ခရီး … ခရီးသည် ခရီး

ကဗျာခရီး ထီးပါပါ မပါပါ၊ ရေဘူးပါပါ မပါပါ

စုံမြိုင်သည်ကန္တာ

နေ၀ါညီးညီး၊ မွန်းတည့်တုန်းနေ၊ အခိုးဝေတဲ့၊နေပူကြီးမှာ

လက်သီးခြီးမြှောက်၊လက်က ပန်းပေါက်နှင့်၊

ဝမ်းမြောက်ကာ အူရွှင်

က ကာ ပြေးလို့  ဟန်ရေးဆင်

ဆက်သွယ်ရေးဧရိယာပြင်ပ၊

ဧရိယာပြင်ပ ဆက်သွယ်ရေးမှာ

ပြင်ပ ဆက်သွယ်ရေးဧရိယာ

ပြင်ပ ဧရိယာ ဆက်သွယ်ရေး

အနုပညာပြင်ပမှာ ငါမနေလို။

အနုပညာက ဆံပင်ရှည်တယ်၊ ဣနြေ္ဒကောင်းတယ်

ငြိမ်းချမ်းတယ် စိမ်းလန်းတယ်

ပန်းပွင့်တယ်

အနုပညာပြင်ပမှာ ငါမနေလို

မနေလိုဘူး မနေထိုက်ဘူး

နေချင်သလိုလည်း မနေထိုက်ဘူး။

ကဗျာကြိုက်တဲ့လူက နည်းနည်း

ကဗျာဖတ်တဲ့လူတွေလည်း စဉ်းစား စဉ်းစား

ငါကတော့ စဉ်းစားတယ်

စဉ်းစားမယ် စဉ်းစားမယ် ဆွေးနွေးမယ် တွေးခေါ်မယ်

တ၀ိုင်းတည်း ထိုင်ပြီး ထမင်းစားမယ်

ကြိုက်ရာဟင်းနဲ့  ထမင်းစားမယ်

ရင်းနှီးအောင် ထမင်းစားမယ်

မျှတမယ် လှပတယ်

လှပတယ် အလှပဆုံး

မုန်းသူမရှိ ချစ်သူသာရှိ

ချစ်သူသာရှိ ချစ်သူသာရှိ

ငါ၏စိတ်တွင်၊ထင်၏မလွဲ၊ လိပ်ခဲတည်းတည်း

ဟုတ်တည်းဧကန်၊ အာမသန်နှင့်

မှန်သည်တစေ၊ မရှိချေ။

(ပိတောက်ပွင့်သစ်၊ ဖေဖော်ဝါရီ၊ ၂၀၀၉ ထုတ်က ကောက်နုတ်။ ခွင့်ပြုချက်မတောင်းနိုင်ပါ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts