>Electricity in Mawlamyine cut off again before the exam

>

မော်လမြိုင်တွင် လျှပ်စစ်မီး ပြန်လည် ပြတ်တောက်သွားပြီ

ဝင်းမြတ်

မတ် ၁၀၊ ၂၀၀၉

မော်လမြိုင်မြို့ လျှပ်စစ်ရုံးအား လွန်ခဲ့သော စနေနေ့က ၁၀ တန်း ကျောင်သားများ ခဲဖြင့် ပေါက်သောကြောင့် ချက်ချင်း လျှပ်စစ်မီး ရရှိခဲ့ပြီး တနင်္လာနေ့က လျှပ်စစ်မီး ပြန်လည် ပြတ်တောက် သွားပြီဖြစ်သည်။

ပြီးခဲ့သော စနေနေ့ မတ် ၇ ရက်က ၁၀ တန်း ကျောင်းသား သုံးဦးက စာမေးပွဲ နီးနေသဖြင့် စာကျက်ရန်အတွက် လျှပ်စစ်မီး မလာကြောင်း မြို့နယ်ရဲစခန်းကို သွားရောက်ပြောရာ ရဲစခန်းက ၄င်းတို့နှင့် မဆိုင်ဘဲ လျှပ်စစ်ရုံးနှင့်သာ ဆိုင်ကြောင်း ပြန်လည် ပြောကြားခဲ့သည်။

ည ၁၀ နာရီခွဲခန့်တွင် မြို့နယ် လျှပ်စစ်ရုံး (မော်လမြိုင်အခေါ် ပြည်တော်သာ မီးစက်ရုံး) ကို ကျောင်းသားများ မောင်းနှင်လာသော ဆိုင်ကယ် အစီး ၃၀ မှ ၄၀ ခန့် စီးနင်းဝိုင်းရံပြီး လျှပ်စစ်မီး ရရှိရန် ပြောဆိုကာ ခဲဖြင့် ပေါက်ခဲ့ကြသည်ဟု လျှပ်စစ်ရုံး အနီး နေထိုင်သူ မော်လမြိုင်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“ခဲနဲ့ပေါက်ပြီး မီးပြန်လာတယ်။ တနင်္ဂနွေ တစ်နေ့လုံးလည်း လာတယ်။ တနင်္လာနေ့က စပြီး ပြန်ပြတ်သွားပြီ” ဟု ၄င်းက ပြောသည်။

မော်လမြိုင်မြို့တွင် လျှပ်စစ်မီး ပုံမှန် မရရှိသည်မှာ ကြာပြီ ဖြစ်ပြီး ၁၀ ရက် ၀န်းကျင်ခန့်မှ လျှပ်စစ်မီး တကြိမ် လောက်သာ ရကြောင်းနှင့် မီးလာသည့် အချိန်တွင်လည်း သုံးလေးနာရီခန့်သာ လာလေ့ရှိကြောင်း သိရသည်။

လျှပ်စစ်မီး ပြတ်တောက်ချိန် ကြာမြင့်သောကြောင့် အင်ဗာတာ အားသွင်းရန် အတွက်ပါ အခက်အခဲ ဖြစ်ကြသည်။ အင်ဗာတာသုံးရန် အတွက် ဘက်ထရီအိုး အားသွင်းလျှင် တထောင်ကျပ် ပေးရသည်။

မတ်လ ၁၁ ရက် ဗုဒ္ဓဟူးနေ့တွင် ၁၀ တန်း စာမေးပွဲများ စတင်မည် ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts