>Maung Yit – Feb Monologue – Leave them behind in Economy Recession

>

ဖေဖော်ဝါရီစကား – စီးပွားပျက်ကပ်ထဲမှာ သူတို့ကို ထားရစ်ခဲ့

မောင်ရစ်

မတ် ၁၀၊ ၂၀၀၉

အရင်လက မိုးမခလစဉ်ဆွမ်းကျွေးကို ဖရီးမောင့်ဘုန်းတော်ကြီးကျောင်းမှာ ပြုနေမြဲ ပြုဖြစ်တယ်။ ဖေဖော်ဝါရီက လကုန်တာ စောတော့ ၂၂ ရက်မှာ ဆွမ်းကျွေးလုပ်ရတယ်။ ကမန်းကတန်းဆိုတော့ ဘယ်သူမှ မဖိတ်ဖြစ်ဘူး။ ဆောရီးဗျာ။ ကိုထိန်လင်း ထိုင်းကပြန်ရောက်နေတော့ ၀င်ရောက်ဆင်နွှဲတယ်။ လူနည်းနည်းပဲဆိုပေမယ့် အခြားမိသားစုတွေရဲ့ အလှူနဲ့ကြုံတော့ ဟန်ကျတာပေါ့ဗျာ။ ဆွမ်းဟင်းတွေ အများကြီးပဲဗျ။ မြန်မာပြည်က ရပ်ကွက်ထဲက ဘုန်းကြီးကျောင်း စုပေါင်းအလှူလိုပေါ့ဗျာ။


ထုံးစံအတိုင်း နာဂစ်သင့်မိဘမဲ့ကလေးတွေအတွက် လစဉ်အလှူလည်း လှူတယ်။ ပြီးတော့ တရားနာ၊ ရေစက်ချ စတာလုပ်တယ်။ လစဉ်ဆွမ်းကျွေးကို ဒီထန်း ၂ ပင် ကျောင်းမှာ ပုံမှန်သာလုပ်တာ၊ ဆွမ်းကပ်၊ ကန်တော့၊ ဆွမ်းကျွေးတာသာ လုပ်ဖြစ်တာ တရားမနာဖြစ်ဘူး၊ ရေစက်မချဘူး။ မေ့တာပေါ့ဗျာ။ ဘုန်းဘုန်းတွေက သတိပေးမှ လုပ်ဖြစ်တယ်။ ရောမရောက်တော့ ရောမလိုလည်း မကျင့်၊ မြန်မာလိုလည်းမကျင့်ဘဲ ယောင်ချာချာမဖြစ်အောင် ဆင်ခြင်ရတာပေါ့ဗျာ။



ဆရာတော်က ခေတ်မီတဲ့ တရားပေးပါတယ်။ မြန်မာအကယ်ဒမီဆုပေးပွဲမှာ မည်သို့ပင်ဖြစ်စေကာမူ မြန်မာရုပ်ရှင်တွေထဲမှာ ဆေးလိပ်၊ အရက် သောက်သောက်ပြနေတာတွေ၊ မတရားအနိုင်ကျင့်တာ၊ ရန်ဖြစ်တာ၊ လူသတ်တာတွေကို အလွန်အကျွံပြနေ၊ ရိုက်နေတာကိုကော မဆင်ခြင်သင့်ကြဘူးလား တဲ့။ ဆရာတော်က ပြည်တွင်းကဘုန်းတော်ကြီးကျောင်းတွေ နိုင်သလောက် ဆောင်ရွက်နေကြတဲ့ ပရဟိတ စေတနာ့ဝန်ထမ်းလုပ်ငန်းတွေအကြောင်း ပြောတယ်။ ရုပ်သံရိုက်လာတာကို ထုတ်ပြတယ်။ မိုးမခကလည်း အဲဒီအစီအစဉ်တွေ တင်ပြပါဦးမယ်ဗျ။



နာဂစ်လွန် ၁ နှစ် ပြည့်တော့မယ့်အချိန်မှာ နာဂစ်ဒုက္ခသည်တွေလည်း ၁ နှစ် အတွင်း ဘာတွေ ဖြတ်သန်းခဲ့ကြသလဲဆိုတာကို အဲဒီ ရုပ်သံအခွေထဲက တစေ့တစောင်းတွေ့ရတယ်။ မိဘမဲ့ကလေးတွေဟာ မန္တလေးက ဖောင်တော်ဦးဘုန်းတော်ကြီးကျောင်းမှာ ကျောင်းအိပ် ကျောင်းစား စာသင်နေကြတယ်။ တချို့က ဧရာဝတီက ဘုန်းတော်ကြီးကျောင်းတွေ၊ ဆွေမျိုးသားချင်းတွေဆီမှာ ခိုလှုံလျက်ရှိကြတယ်။ လူထုဟာ သူတို့မွေးဖွားရာကနေ သေတွင်းကို ချီတက်တဲ့ဆီအထိ သာရေး၊ နာရေး၊ ပညာရေး၊ ကျန်းမာရေးကို ကိုယ့်အားကိုယ်ကိုး ကိုယ်ထူကိုယ်ထ ဆောင်ရွက်နေရတဲ့ တိုင်းပြည်တခုမှာ လက်နက်တွေ အပြည့်ကိုင်ထားတဲ့ စစ်သားတွေနဲ့ အစိုးရ ဆိုတာ ဘာအတွက်များ လိုအပ်နေသေးလဲလို့ တွေးမိပါရဲ့။



ယခင် ၂၀၀၉ ဇန်န၀ါရီနဲ့ ဖေဖော်ဝါရီလအတွက် ဒီမိုကရေစီရေးကူညီမှု ရန်ပုံငွေက ကူငွေ ဒေါ်လာ ၁၁၀၀ လည်း ပြည်တွင်းကို လှူဖြစ်တယ်။ တတ်နိုင်သလောက် ကူတာပါခင်ဗျာ။ ဒီထက်ပိုပြီး တတ်နိုင် လုပ်နိုင်တဲ့ လူတွေ၊ အဖွဲ့တွေ ရှိတာကိုလည်း အလေးပြုလိုက်ပါတယ်။



ထောင်ဝင်စာဆိုလို့ သိရအောင် ပြောတာပါဗျာ။ ထောင်က အရာရှိလက်မှတ်နဲ့စာကို အကူအညီပေးနိုင်တဲ့ အသိအမှတ်ပြုအဖွဲ့အစည်းကို ပြနိုင်မှ ထောင်ဝင်စာကူငွေကို ထုတ်ယူခွင့်ရှိတယ်လို့ ဆိုတယ်။ ထောင်ဝင်စာကူငွေက အခုလို ရပ်ဝေးနယ်ဝေး ထောင်တွေကို သွားမယ့် မိသားစုတွေအတွက် လမ်းစာရိတ်နဲ့ တင်ကုန်သွားနိုင်တယ်။ တခြားပေးရ ကမ်းရတဲ့ စာရိတ်တွေ၊ အကုန်အကျတွေက မိသားစုကို ဖိထားတယ်။ ကျန်းမာရေးကိစ္စ၀င်လာရင် အားလုံး စိတ်မကောင်း ဖြစ်ရုံမှ တပါး ဘာမှ မရှိတော့ဘူး။ တချို့အဝေးကြီးထောင်က ၂ ခု မှာ လူ ၂၄ ယောက်၊ ပြီးတော့ သံဃာတွေလည်း သူတို့နဲ့အတူ ပါတယ်လို့ ဆိုတယ်။ ဒီလိုပဲ ဝေမျှပြီး အားပေးနေကြရတယ်တဲ့။ နီးစပ်ရာ ဆက်စပ်ပြီး ကူညီကြတဲ့အလုပ်ကို လုပ်ရမှာပဲလို့ ထင်မိပါတယ်။



နာဂစ်က မိသားစုတွေ၊ ကျန်ရစ်သူတွေကို သွားရောက်ကူညီကြသလိုမျိုး၊ အကျဉ်းစံတွေရဲ့ မိသားစုတွေကိုလည်း ပတ်ဝန်းကျင်က၊ မိတ်ဆွေတွေက ၀ိုင်းဝန်းဖေးကူသင့်ပါတယ်။ ဘယ်လိုမျိုး ခြိန်းခြောက်တာတွေ ရှိရှိ။ အားလုံးက ၀ိုင်းမှပါနော်။ သူတို့တွေ အပြင်မှာရှိတုံးကဆိုရင် တချို့ကြောက်တဲ့သူတွေ၊ မိတ်ဆွေတွေက သူတို့လာရင် ကျောခိုင်းနေကြတာမျိုးကို သူတို့က နားလည်ပေးခဲ့ကြတယ်။ ။ ခုချိန်မှာ သူတို့မိသားစုတွေကို လမ်းမှာတွေ့ရင် နှုတ်ဆက်ကြစေချင်လိုက်တာ။ ဆရာဦးဝင်းတင်က အမျိုးသားရေးလှုပ်ရှားသူမိသားစုတွေ လိုက်တွေ့တယ်၊ နှုတ်ဆက်တယ်၊ အားပေးတယ်။ ဟိုတုံးက ၈၈ မျိုးဆက်တွေလည်း အဲသလို ချီတက်ခဲ့ကြတယ်။



စီးပွားပျက်ကပ် အရပ်ရပ်မှာ ဆိုက်နေတဲ့အချိန်မှာ သူတို့အတွက်က ငွေကြေးဥစ္စာတွေ မလိုပါဘူးဗျာ။ အဲဒီအတွက် လုပ်ချင်ရင် သူတို့တတွေ အစကတည်းက စစ်အစိုးရအလိုကျ ပြောဆို၊ ရေးသား၊ စည်းရုံးပြီးနေကြမှာပေါ့။ စစ်အစိုးရဆီက ခွဲဝေပေးလိမ့်မယ်လို့ မျှော်လင့်ပြီးတော့ အရင်ကလည်း ဘာမှ မရခဲ့၊ အခုလည်း မရ၊ နောင်လည်း ရမယ်မှန်း မသိဘဲနဲ့ ကြိုတင်ပြီး ဒူးထောက်နေတဲ့သူတွေ၊ အမှန်တရားနဲ့ တရားမျှတမှုကို အပေါင်းအသင်းမလုပ်ဘဲ ကျောခိုင်းပြနေသူတွေထက် ရဲ့ရင့်စွန့်လွှတ်တဲ့သူတို့တတွေကို ကျနော်တို့က ပိုပြီး ထောက်ခံကြောင်း၊ ခင်မင်ရင်းနှီး ချစ်ခင်ပါကြောင်း ပြသသင့်နေပါပြီ။



ပြည်တွင်းမှာ အစစ အရာရာ ပြတ်တောက်၊ ရှားပါး၊ ဆင်းရဲနေခဲ့တာ ကြာပြီဆိုတော့ အမေရိကန်ပြည်ကြီးက မောင်ရစ်တို့က စီးပွားပျက်သလေး၊ အလုပ်ပြုတ်သလေးနဲ့ ခုမှ မျက်ဖြူဆိုက်ပြနေတာကို ပြည်တွင်းမိတ်ဆွေများက ပြုံးပါတယ်။ မောင်ရစ်ကလည်း ပြန်ပြောပါတယ်။ “ဟေ့ ခင်ဗျားတို့ကပဲ အကျင့်ပါနေတာလား၊ ကျနော်တို့ကပဲ အကျင့်ပျက်သွားတာလားတော့ မသိဘူး။ ရေတွေ မီးတွေများ မလာရင် နိုင်းဝမ်းဝမ်းခေါ်ပြီး ရဲတောင်တိုင်ရမလို စိတ္တဇဖြစ်လေ့ရှိတယ် …” လို့ သူတို့ကို ပြောမိသေးဗျာ။



ဒါကြောင့်နဲ့တူပါရဲ့။ ကိုဖိုးသံတို့ ကွန်မြူနစ်ပါတီက သုံးသပ်ချက်ထဲက စကားလေးကို ကိုအောင်ဝေးက သဘောကျကြောင်းပြောတော့ မောင်ရစ်တယောက် ပြည်ပက မြန်မာ့အရေးကျွမ်းကျင်သူ ပညာရှိများ၊ သုခမိန်များ၊ မျက်စိကြီး နားကြီးများကိုယ်စား မျက်နှာဘယ်ထားရမှန်းမသိ ဖြစ်မိတယ်။ ပြည်တွင်းက အတိုက်အခံက အညံ့ခံရေးစကား၊ လက်နက်ချစကားမပြောရဘူး။ ပြည်ပက အရှုံးပေးရေးလမ်းစဉ်ကို တယ်ပြောတာကိုးတဲ့။



စီးပွားပျက်ကပ်ထဲမှာ အဖော်ကောင်း၊ အပေါင်းအသင်းကောင်းတွေနဲ့ ဆိုတော့ သုမနကျောမှာ ဒဏ်ရာတွေနဲ့တောင် အပြုံးမပျက်ကြပါ။ တလောက မိတ်ဆွေတို့တတွေ စုနေကြတဲ့ ဇရပ်မှာ (ဇရပ်တော့ ဘယ်ဟုတ်ပါ့မလဲဗျာ။ သဘောပြောတာပါ) ၀ိုင်းလုပ် ၀ိုင်းစား စုနေကြတဲ့ဆီမှာ အနယ်နယ်အရပ်ရပ်က ဒုက္ခသည်တွေ တိုးလာလို့ ပျော်စရာကြီးလို့ ပြောကြပါတယ်။ မောင်ရစ်ကတော့ အကြိုက်ပေါ့ဗျာ။ စာပေ၀ါသနာရှင်တွေ၊ အနုပညာရှင်တွေနဲ့ အိမ်နီးနားချင်းလုပ်နေရတာကို ပျော်လို့ပါ။



စီးပွားပျက်ခါစမတိုင်ခင်မှာ ရဲဘော် ၂ ယောက် စုပြီး ဆိုင်ကလေးတဆိုင်လုပ်ကိုင်ပြီး နေကြတယ်လို့ ဆိုပါတယ်။ ပိုပိုသာသာမရှိလှဘဲ လောက်လောက်ငှငှရှိတယ်ဆိုရင်ကို သူတို့တွေက ကျေနပ်လို့ နေကြတယ် ဆိုတယ်။ ဘေးကအခြားဆိုင်က မိသားစုတွေဆိုရင် အံ့သြလို့တဲ့။ အော် ခင်ဗျားတို့ကြည့်ရတာ လူချမ်းသာဇာတာမပါဘူးထင်တယ်လို့ မှတ်ချက်ချပါသတဲ့။ အဲပြီးတော့ သူတို့လို သံသရာခရီးသည်တွေကိုလည်း အဲသည်ဇရပ်ပေါ် ခေါ်တင်ထားလိုက်သေးသဗျ။ သူတို့တတ်ကျွမ်းသမျှ လုပ်ငန်းဗဟုသုတတွေကို ဆရာစားမကျန် သင်ပြပေးအုံးမယ် ဆိုပြီးတော့။ ဝေမျှ စားသောက်ကြမယ် ဆိုပြီးတော့ …တဲ့။ လုပ်တတ်လိုက်တာများ ပြောပါတယ်။



အဲသည်ထဲက မိတ်ဆွေ ၅ ဦးရဲ့ သီရိဂေဟာကို ကြည့်လိုက်မယ်ဆိုရင် ကဗျာဆရာတဦးက ကဗျာတွေ ရေးတယ်။ အယ်ဒီတာတဦးကတော့ စာအုပ်တွေ စာစောင်တွေ အရှိန်မြှင့်ထုတ်ဝေဖို့ စိတ်ကူးအိပ်မက်တွေ ပြင်ဆင်နေတယ်။ ကျောင်းဆရာကတော့ “အတတ်လည်းသင်” လုပ်နေရလို့ ပျော်တယ်ဆိုပဲ။ ရွှေ့ပြောင်းမိတ်ဆွေ တဦးကလည်း သူတို့နဲ့အတူ နေရတာ စိတ်ချမ်းသာလို့ဟု ဆိုပါတယ်။ စာပေ၀ါသနာရှင်တဦးကတော့ သူတို့နဲ့အတူတူ ကောင်းတူ ဆိုးဖက် မိတ်ဆွေများနဲ့ ခရီးသွားရခြင်းမို့ ပျော်ရွှင်ကျေနပ်လျက်ရှိပါ သတဲ့။



စီးပွားပျက်ကပ်ထဲမှာ ကောင်းတူဆိုးဖက် အသက်ရှုကြရတဲ့အခါ သူတို့လည်း ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိတယ်လို့ သိရပါတယ်။ လောက်လောက်ငှငှ မရှိကြတဲ့အခါ သူတို့လည်း ခွဲကြရတာပေါ့ခင်ဗျာ။ (ကွဲကြတာမဟုတ်ပါဘူး ခင်ဗျာ။ “ငါတို့ မြန်မာတွေ … တို့ခေတ်ရောက်မှ ကွဲကြရမှာလား ” လို့ ငိုချင်းချစရာမလိုပါ)။ ရွှေ့ပြောင်းမိတ်ဆွေနဲ့ စာပေ၀ါသနာရှင်တဦးက အခြားဆိုင်တွေမှာ သွားရောက် အလုပ်လုပ်ကြပါတယ်။ ကဗျာဆရာကတော့ သိပ်မကြာခင်မှာ နယ်မြို့လေးတခုက ဆိုင်ကလေးတခုကို ခေတ္တသွားခိုလှုံဦးမတဲ့။ သူတို့တတွေ တယောက်တလက် တယောက်တပေါက် စဉ်းစားတိုင်ပင် ဖြေရှင်းလိုက်ကြတယ်လို့ ဆိုပါတယ်။



တချို့တွေအတွက်တော့ စီးပွားပျက်ကပ်ဆိုတာ ကားဂိတ်ဆုံးကို ရောက်သွားသလိုပဲလို့ ထင်ကြတယ်။ အဲသည်ကားဂိတ်ကနေ ကားပြောင်းစီးဖို့ ဟိုဂိတ်ပြေး၊ သည်ဂိတ်ပြေးနဲ့ စဉ်းစားခန်းတွေ ဖွင့်ကြရပါတယ်။ တချို့အတွက်မှာ ခရီးရှည်ကြီးတခုက မှတ်တိုင်လေးတခုကို ကျော်ဖြတ်ရသလို ထင်မြင်ကြပါတယ်။ ဒီမှတ်တိုင်ကို ကျော်ဖြတ်တဲ့နေရာမှာ ကိုယ်စီးထားတဲ့ဘတ်စကားကို ဆင်းတွန်းချင်လည်းတွန်း၊ တွယ်စီးချင်လည်း စီး၊ လမ်းဆင်းလျောက်ပေးချင်လည်း လျောက်ပေါ့နော်။ မောင်ရစ်ရဲ့ မိတ်ဆွေတွေကတော့ ခပ်ပြုံးပြုံးပါပဲ။ စီးပွားပျက်ကပ်ကြီး သူတို့ဘေးက အရှိန်နဲ့ တလိမ့်ခေါက်ကွေး ဖြတ်သွားတာကို ကိုယ်ကလေးကျုံ့ပြီးပေးလိုက်ပုံ …



၂၀၀၉ က စီးပွားပျက်ကပ်ကြီးကို သူတို့ ရင်ဆိုင်ကြသလို ၂၀၁၀ ကျရင်လည်း ဒီလိုပဲ “တွေ့ကြသေးတာပေါ့ …” လို့ ဆိုရမယ် ထင်ပါရဲ့။ ၂၀၀၉ လည်း ဘတ်စကားက ဂိတ်မဆုံးသေး။ ၂၀၁၀ ဆိုတာလည်း ကားမှတ်တိုင်လေးတခုမျှသာပါ။

(သရုပ်ဖော် ဓာတ်ပုံ ကျေးဇူး – ကဗျာဆရာကိုကေအေအေး၊ ဝေငှသူ – သစ်ကောင်းအိမ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts