>short story by Waso Ko Oo

>

ငါးကြင်းခေါင်း
ဝါဆိုကိုဦး (တောင်ကြီး)
မတ် ၉၊ ၂၀၀၉


(၁)
ခေတ်ကြီးမှာနေရင် ခေတ်ကြီးရဲ့ တိုးတက်ပြောင်းလဲမှုကို မျက်ခြေပြတ်လို့မရဘူးဗျ။ သည်လိုအသိမျိုး ရှိဖို့ဆိုတာကလည်း လူတိုင်းမှာ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ကျုပ်မှာက သည်အသိမျိုးရှိတယ်။ ရှိဆို ဗဟုသုတများတဲ့သူကိုး။ အမျှော်အမြင်ကြီးတဲ့သူကိုး။ အတွေးအခေါ်ရှိတဲ့သူကိုး။

ကျုပ်ရပ်ကွက်ထဲက လူတွေများတော့ တနေ့တနေ့ မနက်လင်းရင် အိပ်ယာထ၊ ဖရုဿဝါစာတွေနဲ့ မနက်ခင်းကို အိုးမည်းသုတ်၊ စားဖို့ သောက်ဖို့လုပ်၊ လက်ဖက်ရည်ဆိုင်မှာ ငုတ်တုတ်၊ မုန့်ဟင်းခါးဆိုင်မှာ ငုတ်တုတ်၊ ဟိုလူ့အတင်းတုတ်၊ သည်လူ့အတင်းတုတ်၊ မဟုတ်ကဟုတ်က နိမိတ်တွေကောက်၊ အိပ်မက်တွေပုံဖော်၊ ဂဏန်းတွေနဲ့ ပျော်နေကြတာပဲ။ ကံကိုယုံပြီး ဆူးပုံမနင်းရဆိုတဲ့ စကားပုံကိုမှ ကြားဖူးကြရဲ့လား မသိဘူး။

သူတို့မှာ သားသမီးတွေရှိသလို ကျုပ်မှာလည်း သားသမီး ရှိတာပဲဗျ။ သမီးလေးက (၇)တန်း၊ သားအငယ်ကောင်ကတော့ ခုမှ (၄)တန်း ။ ကျောင်းကတော့ လမ်းထိပ်က အလယ်တန်းကျောင်းပါပဲ။ မြို့ထဲကျောင်းတွေ သွားထားလည်း ကျောင်းပို့ကျောင်းကြို ကိစ္စတွေ လုပ်ဖို့ အချိန်မရပါဘူး။ ကျောင်းကားအကြောင်းတော့ မပြောနဲ့ဗျာ။ မောင်နှမနှစ်ယောက်စာဆိုရင် ကျုပ်တို့အိမ်မှာ တနေ့ဟင်းတမယ် တိုးပြီး စားလို့ရတယ်။ သည်တော့ အရပ်ထဲက ကျောင်းပဲပေါ့။ သည်စာ သည်စာပဲ အတူတူ သင်ကြတာပဲဗျာ။ အောင်ချက် မတူတာတော့ ကျုပ်လည်း မသိဘူး။ ကလေးတွေ ကြိုးစားမှု မတူလို့ ဖြစ်မှာပေါ့ဗျာ။ ကျုပ်တို့ဆီက ကလေးတွေကလည်း တယ်အဆော့သန်ကြတာကိုး။

ကျုပ်ကလည်း လေရှည်သဗျ။ သည်တော့ စကားတခု ပြောရင် လိုရင်းကို မရောက်နိုင်ဘူး ဖြစ်ဖြစ်နေတယ်။ ပြောနေရင်းကကို ဟိုရောက် သည်ရောက် ရောက်သွားတာကိုး။ ခုလည်း ကျုပ်ပြောချင်တဲ့အကြောင်းက ခေတ်ကြီးရဲ့ ပြောင်းလဲမှုကို မျက်ခြေမပြတ်ဖို့ကိစ္စပါ။ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီး တည်ဆောက်ဖို့ ဆိုရင် နိုင်ငံသားတွေကလည်း ခေတ်နဲ့အညီ ရင်ဘောင်တန်းလိုက်နိုင်ရပေမပေါ့။ မဟုတ်ရင် ဘယ်ဖြစ်မလဲဗျာ။

ဟိုဆရာကြီး ပြောသလိုပါပဲ။ ကျုပ်တို့ကတော့ အသက်ကြီးပါပြီ။ အနာဂတ်ဟာ လူငယ်တွေလက်ထဲမှာပဲရှိသတဲ့။ ဟုတ်တယ်။ သည်ကလေးတွေ ကြီးလာတဲ့အခါ ကျုပ်တို့က ရှိချင်မှ ရှိတော့မှာ။ အဲသည်အချိန်ကြရင် ဇွတ်ကြီး ငါနေဦးမယ်ဆိုလို့လည်း မရတော့ဘူး။ သဘာဝတရားကြီးကို ဘယ်သူမှ လွန်ဆန်နိုင်တာမှ မဟုတ်တာနော်။ ဒါလောက်တော့ ကျုပ်လည်း နားလည်ပါတယ်။

သည်တော့ ကိုယ့်သားသမီးတွေ ခေတ်ကြီးနဲ့အညီ ရင်ဘောင်တန်းလိုက်နိုင်ဖို့ အုပ်ထိန်းသူမှာ တာဝန်ရှိတာပေါ့ဗျာ။ သူတို့ကို တိုးတက်မှုတွေ နည်းပညာတွေနဲ့ ထိတွေ့ပေးဖို့လိုတာပေါ့။ ဒါပေမယ့် သူ့အရွယ်နဲ့သူပေါ့ဗျာ။ သူ့အရွယ်အလိုက် သူစိတ်ဝင်စားနိုင်မယ့် ကိစ္စကနေ စရမှာပေါ့။ သူတို့အရွယ်ကတော့ ကစားတာကို မက်တဲ့အရွယ်လေ။ ဒါလည်း ရပါတယ်။ ခုခေတ်မီ ကစားကွင်းဆိုတာတွေ ပေါ်နေပြီပဲ။ ရှုခင်းသာတို့၊ ဟက်ပီးဝေါတို့၊ အာလာဒင်တို့ တိရစ္ဆာန်ရုံတို့ပေါ့။ အဲသည်မှာ ရိုလာကိုစတာကြီးတွေ၊ တိုက်ကားတွေ၊ မိုးပျံရထားတွေ ဘာတွေ ညာတွေဗျာ၊ စုံမှစုံ။ ဒါတွေကို မြင်ဖူး၊ တွေ့ဖူးရမယ်ဗျ။ မဟုတ်ရင် တခေတ်နောက်ကျပြီး သူများ စကားဝိုင်းမှာ ပါးစပ်ကြီးဟပြီး နားထောင်နေရမှာပေါ့။ အင်း… နယ်က ကလေးတွေတော့ သနားစရာပေါ့ဗျာ။ သူ့ထိုက်နဲ့ သူ့ကံပေါ့။ ဒါက ဘဝဟောင်းက ကုသိုလ်အကျိုးပေးနဲ့လည်း ဆိုင်တာကိုး။ သူ့ကုသိုလ်နဲ့ သူပေါ့ဗျာ။

အင်း… သွားမယ်ဆိုတော့လည်း ချင့်ချိန်ရသေးတယ်ဗျ။ ကားခ၊ ဝင်ကြေး၊ ဘာညာစရိတ်စကတွေက ရှိသေးတယ်။ ကားခကပဲ အသွားအပြန်တယောက် လေးရာ၊ မိသားစုလေးယောက် ဆိုတော့ တထောင့်ခြောက်ရာ၊ တိရစ္ဆာန်ရုံဆိုရင် ဝင်ကြေးက တယောက်ငါးရာနဲ့ လေးယောက် အတွက် နှစ်ထောင်၊ အဲသည်ကနေ ကစားကွင်းထဲဝင်ဖို့ တယောက်တရာဆိုရင် လေးရာ၊ အဲသည်မှာပဲ ငွေလေးထောင်က ထွက်သွားပြီ။ နောက်ထပ် စားတာ၊ သောက်တာ၊ ဘာညာသာရကာတွေက နောက်ဆက်တွဲလာဦးမှာ။ ဒါပေမယ့် ဒါတွေက ပြဿနာမရှိပါဘူး။ ကလေးနှစ်ယောက်ကို တယောက်နှစ်ရာ မုန့်ဖိုးပေးနေကျကနေ တရာ လျှော့ပြီး ရက် (၂ဝ)ပေးလိုက်ရင် ငွေလေးထောင်က ပြန်ထွက်လာမှာပဲ။ သူတို့အတွက် ကုန်တာပဲဗျာ။ သူတို့ပြန်ပြီး နားလည်ရမှာပေါ့။ မဟုတ်ဘူးလား။ ဒါဟာလည်း အသိစိတ်ဓာတ်ကို ပျိုးထောင်ပေးရာ ကျတာပဲမဟုတ်လား။ ကျုပ်က အကွက်စေ့ပါတယ်ဗျ။ တခြားဘာညာသာရကာ ကုန်ကျစရိတ်လေးတွေ ပြန်ထေမိဖို့ကတော့ နေ့စဉ် အသုံးစရိတ်ဈေးဖိုးငွေကို လျှော့ချလိုက်ရုံပါပဲ။ တစုံတရာကို လိုချင်ရင် တစုံတရာကိုပြန်ပေးရတယ်ဆိုတာ ကလေးတွေ နားလည်သွားတာပေါ့။ ဟုတ်တယ်မဟုတ်လား။

ဒါပဲဗျ… အိမ်ထောင်ဦးစီးကောင်းတယောက်ဖြစ်ဖို့ဆိုတာ ကိုယ့်အိမ်ထောင်ကို စိတ်ရော၊ ရုပ်ရော ဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်နိုင်တဲ့ အရည်အချင်း ရှိရတယ်။ အတွေးအခေါ် ရှိရတယ်။ စီမံခန့်ခွဲမှုကျွမ်းကျင်ရတယ်။ ဒါမှ မိသားစုက လေးလေးစားစား ရှိမှာပေါ့။ အားကိုးအားထားပြုမှာပေါ့။ မဟုတ်လို့ကတော့ဗျာ။

(၂)
တိရစ္ဆာန်ရုံနဲ့ကစားကွင်း သွားရမယ်ဆိုလို့ သမီး အရမ်းပျော်သွားတာပေါ့။ တညလုံးတောင် အိပ်မပျော်ပါဘူး။ ခဏခဏကိုလန့်နိုးနေတော့တာ။ မိုးစောစောလင်းစေချင်နေတာလေ။ မောင်လေးလည်း ပျော်နေတာပါပဲ။ သရဲရထား စီးမယ်နော်မမတဲ့။ ဟဲ့…သရဲရထားက ဟက်ပီးဝေါမှာပဲ ရှိတာ။ တိရစ္ဆာန်ရုံမှာ မရှိဘူး ဆိုတော့ ဒါဆို သားတို့ ဘာစီးရမလဲဟင်တဲ့။ မမလည်း မရောက်ဖူးဘူး မောင်လေးရဲ့။ ဟိုရောက်မှတွေ့တာ စီးကြတာပေါ့ဆိုတော့ ဟေးကနဲအော်ပြီး ခုန်ပေါက်ပြေးထွက်သွားလေရဲ့။

တကယ်သွားတဲ့နေ့ကတော့ သမီးတို့မှာ အင်္ကျီလှလှလေး ဝတ်ထားရပေမယ့် ကြပ်သိပ်နေတဲ့ ကားကို တိုးစီးရတော့ အကုန်ကြေမွကုန်တာပဲ။ သမီးကတော့ အဲသည်ကတည်းက စိတ်ညစ်နေပြီ။ ပြီးတော့ ကားစီးရတာကလည်း အကြာကြီးရယ်။ ထိုင်စရာ နေရာမရတော့ တလမ်းလုံး မတ်တပ်စီးရတာ။ အရေးထဲ ကားမောင်းတဲ့သူက အရမ်းမောင်း ဘရိတ်ကို ဆောင့်အုပ်တော့ ဟပ်ထိုးမလဲအောင် မနည်းထိန်းပြီးစီးနေရတယ်။

မောင်လေးမျက်နှာလည်း ငိုမဲ့မဲ့နဲ့ သနားစရာ။ အိပ်ရေးကလည်း ပျက်ထားတော့ ပိုဆိုးတာပေါ့။ သမီးတို့ တိရစ္ဆာန်ရုံရောက်တော့ ကျောင်းက သူငယ်ချင်း တူးတူးမာတို့ကို တွေ့တယ်။ သူတို့ကတော့ ကိုယ်ပိုင်ကားနဲ့ လာတာလေ။ သူဝတ်ထားတာလေးက လှလိုက်တာ။ ပင်ဒါအဖြူလေး ကပ်ထားတဲ့ တီရှပ်အနီရဲရဲလေးနဲ့ ဂျင်းဘောင်းဘီလှလှလေး။ သမီးစိတ်ညစ်သွားတာပဲ။ သမီးဝတ်လာတာက ဂါဝန်အသစ်လေး ဆိုပေမယ့် ဝယ်ထားတာ ကြာလှပြီ။ တခါနှစ်ခါပဲ ပေးဝတ်လို့အသစ်လို့ပြောတာ။ မောင်လေးဝတ်ထားတာကလည်း လေဘေးထည်လေ။ ကိုယ့်ဟာကိုယ်တော့ဟုတ်နေသားပဲ။ သူများနဲ့ကျမှ ကိုယ့်ဟာက အဆင့်မမီဘူး ဖြစ်နေတော့တာ။ အဖေနဲ့အမေကဆို ပိုဆိုးတယ်။ တူးတူးမာရဲ့ အဖေနဲ့ အမေ ဝတ်စားထားတာများ တောက်လို့ပြောင်လို့၊ ခေတ်လည်းမီ၊ လှလည်းလှ သမီးပျော်နေတဲ့ စိတ်တွေ တော်တော်လျော့ကျသွားတယ်။ မောင်လေးကတော့ ဘာမှ သတိထားတတ်တဲ့ အရွယ်မဟုတ်လို့ ပျော်နေတာပဲ။ တွေ့သမျှအကောင်တွေကို လက်ညှိုးထိုးပြီး အော်ဟစ်ခုန်ပေါက်နေလေရဲ့။

စားသောက်ဆိုင်နားရောက်တော့ ဗိုက်ဆာဖို့ မောင်လေးက သတိရသွားတယ် ထင်ပါရဲ့။ အင်းလေ ခုန်လိုက်၊ ပေါက်လိုက်၊ အော်လိုက်၊ ဟစ်လိုက်၊ ပြေးလိုက်၊ လွှားလိုက်ဆိုတော့ ဆာပြီပေါ့။ စားသောက်ဆိုင်ထဲမှာ တူးတူးမာတို့ ဒံပေါက်စားနေကြတယ်။ မောင်လေးက ဒံပေါက်စားမယ် ဆိုပြီး ပူဆာတယ်။ အဖေက သူလွယ်လာတဲ့အိတ်ကြီးကို ဖွင့်ပြီး ပြောင်းဖူးပြုတ်တွေ ထုတ်လိုက်တယ်။ ပြီးတော့ တယောက် တဖူးစီ လှမ်းပေးတယ်။ မနေ့ညကတည်းက ပြုတ်လာတဲ့ ပြောင်းဖူးတွေက အေးစက်နေပြီ။ မောင်လေးက ဒံပေါက်စားမယ်လို့ ထပ်ပြောတယ်။ အဖေက ဒါပဲစားလို့ ခပ်မာမာ တခွန်းဟောက်လိုက်တာနဲ့ အဖေ့အကြောင်းသိတဲ့ မောင်လေးက ဘာမှ ထပ်မပူဆာတော့ဘူး။ ဒါပေမယ့် အဲသည်အချိန်က စပြီး ဘာအကောင်ကိုမြင်မြင်၊ မခုန်ပေါက်တော့ဘူး။ မအော်ဟစ်တော့ဘူး။ နောက်ဆုံး ကောင်းကောင်းတောင် မကြည့်တော့ဘူး။

ပြောင်းဖူးကြီးကိုပဲ စိတ်မပါ လက်မပါနဲ့ အစေ့တွေ ချွေနေတော့တယ်။ စားလည်းမစားဘဲ မြေကြီးပေါ်ကိုသာ တစေ့ချင်း ပစ်ချနေတာကိုတော့ အဖေလည်း သိဟန်မတူပါဘူး။ အကောင်တွေကြည့်တာ စုံသလောက်ရှိတော့ ကစားကွင်းဘက်ကို ကူးကြတယ်။ အိုး… ကစားစရာတွေအစုံပဲ။ ကြည့်စမ်းပါဦး။ စက်ဝိုင်းကြီးထဲမှာလူက ထိုင်လို့။ စက်ဝိုင်းကြီးက လှိမ့်,လှိမ့်သွားတော့ အထဲကလူက ဇောက်ထိုးကြီးဖြစ်သွားလိုက်၊ ပြန်တည့်သွားလိုက်နဲ့ ဂျွန်းထိုးနေသလိုပဲ ရယ်စရာကြီး။ ဟိုစက်ရဟတ်ကြီးကလည်း အဲသလိုပဲ။ အောက်ကို ဇောက်ထိုး ဆင်းသွားလိုက်၊ အပေါ်ကို ထောင်တက်သွားလိုက်နဲ့ အသည်းယားစရာကြီး၊ ပင်လယ်ဓားပြ လှေကြီးကတော့ သမီးတို့ ဒန်းစီးသလိုပဲနေမှာပါ။ ဒါပေမယ့် သူက အမြင့်ကြီးလွှဲတော့ ကြောက်စရာကြီး နေမှာပေါ့။ ရိုလာကိုစတာဆိုတာကြီးတော့ သမီးက မစီးရဲပါဘူး။ မတော်တဆ ဘေးချော်ထွက်သွားမှာ ကြောက်လိုက်တာ။

မောင်လေးကတော့ သူစိတ်ကောက်နေတာကိုတောင် မေ့သွားတယ် ထင်တယ်။ ပြန်ပြီး ခုန်ပေါက်ပျော်ရွှင်လို့ အင်းလေ ဘာမှမသိတတ်တော့လည်း ဘာမှ ကြာကြာမခံစားရဘူးပေါ့။ ဒါပေမယ့် သမီးကတော့ သိနေတယ်။ ဟော… ကြည့် မကြာဘူး မောင်လေးရဲ့ တောင်းဆိုမှုတွေက စလာပြီ။ ဟိုဟာစီးချင်တယ်၊ သည်ဟာစီးမယ်နဲ့ပေါ့။ သည်တခါတော့ အဖေက ဟန့်တာလည်း သူ ဂရုမစိုက်တော့ဘူး။ သူ့ဆန္ဒတွေက ပြင်းထန်နေတာကိုး။ ငိုယိုပြီး ပူဆာတော့တာပေါ့။ ဒါပေမယ့် အဖေ့အကြောင်းလည်း သမီးသိသားပဲ။ ဘယ်တော့မှ အကျိုးနဲ့အကြောင်းနဲ့ ရှင်းမပြဘူး။ တခါထဲ လက်ကပါလာတော့တာပဲ။ သည်တော့ အသားလည်း နာရသေး၊ လူကြားထဲမှာလည်း အရှက်ကွဲသေးပေါ့။

မောင်လေးကတော့ ကလေးပီပီ အနာခံပြီးတော့ကို အော်ဟစ်ငိုယိုရင်း သူစီးချင်တာကို ဇွတ်တောင်းဆိုနေတော့တာပဲ။ သူက ငိုယိုတောင်းဆိုလေ၊ အဖေက ဆော်လေနဲ့ လူတွေက ဝိုင်းကြည့်လာတဲ့အခါ သမီးတော့ ရှက်လိုက်တာ။

တကယ်တော့ အဖေ့အမှားပဲ။ ဘာဖြစ်လို့ ဒါတွေကို ခေါ်ပြသလဲ။ ကလေးဆိုတာကတော့ မြင်ရင်ဆော့ချင်မှာပဲ။ သူတကာတွေ လွတ်လပ်ပျော်ရွှင်နေကြတဲ့နေရာမှာ ကိုယ်က ငုတ်တုတ်ထိုင်ပြီး ငေးကြည့်နေဖို့ဆိုတာ ဘယ်လွယ်ပါ့မလဲ။ သူမပြရင်လည်း ဒါတွေသမီးတို့ မမြင်ဘူး၊ မမြင်ရင် ဘာမှမဖြစ်ဘူးပေါ့။ အခုတော့ မြင်အောင်လည်း ပြပြီးပြီ၊ မြင်လည်းမြင်ပြီးပြီ။ ကစားချင်စိတ်လည်း ဖြစ်လာတော့မှ ကစားခွင့်လည်းမပေး၊ ရိုက်မောင်း ပုတ်မောင်းလည်းလုပ်သေးဆိုတော့ မောင်လေးမမှားဘူး။ အဖေပဲမှားတာလို့ ပြောရမှာပဲ။ အဖေ့ကိုတော့ မပြောရဲပါဘူး။

ဟိုမှာတူးတူးမာတို့က ရေခဲမုန့်တွေစားလို့ ချောကလက် ဝေဖာတွေစားလို့ ကစားစရာတွေ အမျိုးမျိုးကို တခုပြီးတခုစီးလို့ သမီးမကြည့်ချင်တော့ပါဘူး။

ဒါ ပျော်စရာမကောင်းဘူး။ စိတ်ညစ်စရာပဲ ပိုကောင်းတယ်ဆိုတာ သမီးသိလိုက်ပြီ။ ပြီးတော့ သည်ကိုလာလို့ သမီးတို့မုန့်ဖိုးထဲက တနေ့တရာဖြတ်မှာတဲ့။ ဘာဆိုင်လို့လဲနော်။ သမီးတို့က ပူဆာလို့ သည်ကိုလာတာမှ မဟုတ်တာ။ ကားခတွေ၊ ဝင်ကြေးတွေက အဖေတို့အမေတို့ အတွက်လည်း ပေးရတာပဲ။ အဲဒါတွေအတွက် သမီးတို့က မုန့်အငတ်ခံပြီး စိုက်ပေးရတာဆိုရင် အဖေနဲ့အမေကို သမီးတို့က လိုက်ပို့ပေးရသလို ဖြစ်နေပြီလေ။ အဲသလိုဆို သူတို့ဘာမှမစီးကြတာကိုပဲ ကျေးဇူးတင်ရဦးမယ်။ မဟုတ်ရင် တလလုံးတောင် မုန့်ဘိုးရပါ့မလားမသိဘူး။ တော်ပါပြီ။ နောက်ဆိုရင် ဘယ်ကိုလိုက်ပို့၊ လိုက်ပို့ သမီးတော့ မလိုက်တော့ဘူး။ တကယ် ဒါပေမဲ့ မပြောရဲပါဘူး။

(၃)
အငယ်ကောင်က စိတ်နည်းနည်းကြီးတယ်။ သူလုပ်ချင်ပြီဆိုရင် တော်တော်နဲ့ အလျှော့မပေးဘူး။ ခက်တာက သူ့အဖေပဲ။ သူကလည်း သည်အရွယ်ကြီးအထိ ကလေးတွေနဲ့ မာနပြိုင်နေတုန်း။ ချော့တန်ချော့၊ ခြောက်တန်ခြောက်၊ မြှောက်တန်မြှောက်၊ ပင့်တန်ပင့်ပေါ့။ အဲသလိုမဟုတ်ဘူး။ ဟိန်းမယ်၊ ဟောက်မယ်၊ ရိုက်မယ်၊ ပုတ်မယ်ချည်းပဲ။ အခုတော့ လူကြားထဲမှာ ကျုပ်ပဲစိတ်ရှုပ်ရတယ်။

ဘယ့်နှယ်၊ သူ့ဟာသူမနေနိုင်၊ မထိုင်နိုင်၊ ရှည်လျားထွေပြားပြီး သည်ခရီးကို လမ်းထွင်ခဲ့တာ။ ကလေးတွေကဘာမှ ပူဆာတာမဟုတ်ဘူး။ သည်မှာ မီးဖိုချောင်စရိတ်က အတော်ကို ချင့်ချိန်ပြီး သုံးစွဲနေရတာ၊ ငွေသုံးလေးထောင်ဆိုတာ ကျစ်ကျစ်လစ်လစ်သုံးရင် နှစ်ရက်စာလောက်တော့ သုံးရတယ်။ ဟင်းကောင်းကျွေးကောင်းလေးစားရမယ်။ အခု ဘာမဟုတ်ညာမဟုတ်၊ ကားခနဲ့ဝင်ကြေးနဲ့ပဲ ငွေလေးထောင်ကုန်သွားပြီ။ ကလေးတွေမှာလည်း သူများလို လူလူသူသူ ပျော်ရပါးရတာ မဟုတ်ဘူး။ အဆူ၊ အရိုက်တောင်အဆစ်ခံလိုက်ရသေး။ ပြောင်းဖူးအေးစက်စက်ကိုလည်း မစားချင်ဘဲ စားရသေး။ အမြင်မတော်လို့ ဝင်ပြောချင်ပေမယ့် သူ့ပါးစပ်နဲ့ မဆန့်မပြဲ စကားလုံးကြီးတွေနဲ့ လေရှည်၊ ပေရှည်ပြီးကြီးကြီးကျယ်ကျယ်တွေ ပြောမှာ မကြားချင်လို့ကို ပါးစပ်ပိတ်ပြီး နေနေရတာပဲ။ မဟုတ်လို့ကတော့…

(၄)
ကဲ… ဒါပဲပေါ့။ အတွေ့အကြုံ ဗဟုသုတ တခု ရဖို့ ငွေလေး သုံးလေးထောင်လောက် သုံးလိုက်တာ ဘာဖြစ်လဲဗျာ။ အခုဆို ကျုပ်မိသားစုက ခေတ်နဲ့မျက်ခြေမပြတ်တော့ဘူး။ အလကားပါဗျာ။ ပတ်ဝန်းကျင်က ကျုပ်ကို လူဆိုးကြီးတယောက်လို ဟိုဟိုသည်သည် လျှောက်ပြောနေကြတာပါ။ အမှန်က ကျုပ်မိသားစုအတွက် ကျုပ်ဟာ မရှိမဖြစ် အိမ်ထောင်ဦးစီးပဲ။ ကျုပ်မိသားစုကလည်း ကျုပ်လုပ်သမျှ သူတို့အတွက်မှန်း သိကြပါတယ်။ ဟုတ်တယ်လေ မကြိုက်ရင် ပြောကြမှပေါ့။ ခု သူတို့ဘာပြောကြလို့တုန်း။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts