>Mar Mar Aye – 267

>

ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ် အမှတ်(၂၆၇)
ရွှေပြည်အေးရာပြည့်
မာမာအေး
မတ် ၈၊ ၂၀၀၉

သောတရှင်များ ကျန်းမာတော်မူကြပါစရှင်။ မာအေးချစ်တဲ့သောတရှင်တွေ ဂီတဝါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ၊ ခုလေ ကိုယ့်ကိုယ်ကို ကျန်းမာပါစေ၊ အသက်ရှည်ပါစေလို့ ဆုတောင်းချင်သလိုလို ဘာလိုလိုကြီး ဖြစ်နေတယ်၊ မာအေးရဲ့ ချစ်သော ပရိသတ်တွေက ဒီလို ဆုတောင်းပေးနေကျ ဆိုတာ သိပြီးသားပါရှင်၊ ယုံယုံကြည်ကြည် ခံစားရပါတယ်၊ ဒီအတွက် ကျေးဇူးတင်တယ် ဝမ်းသာပါတယ်နော်၊ ကိုယ့်ကိုယ်ကို ဂရုစိုက်နေဖြစ်တာတော့ ကြာပါပြီ၊ အဲဒီလို ဆုတောင်းချင်လာတာကတော့ အခုမှရှင်၊ စာတွေဖတ်လာလေ၊ အင်တာနက်တက်ကြည့်လေ၊ ဟိုမွှေသည်မွှေရှာဖွေလေ တွေရှိလေလုပ်နေတော့ ပြောပြစရာတွေလဲတပုံ ကြီးမကတော့ဘူး တပုံ့တပုံကြီးဖြစ်ဖြစ်လာပါတယ်၊ စာမှုရေးတဲ့ ကလောင်ကိုင်သောလက်ကလဲ အိန္ဒိယ မယ်တော်ကြီးတွေလို အပိုမရှိ၊ တတိတတိနဲ့ ရေးရပြောရမှာမဟုတ်လားကျန်းမာမှ အသက်ရှည်မှ ဖြစ်တော့မှာကိုး။

သည်ရှေ့က အစီအစဉ်တွေမှာ ပြောခဲ့တာတွေက မဟာဂီတကိစ္စ၊ သန့်မှ ခန့်မှ လေ့လေ့လာလာ ရှာရတာ အစဉ်ချောလို့ အမောပြေတုန်း ဗြုန်းဆို တွေ့လိုက်ရတာ ‘နှစ်တရာပြည့် စာဆိုတော် သုံးယောက်’ ဂီတဖက်မှာ မှော်ပေါက် မိုးလောက်ကြီးတွေကိုးရှင့်၊ တယောက်မှတော့ မြေပေါ်မှာ လက်ကျန်မရှိတော့ပါဘူးရှင် ဆရာရွှေတိုင်ညွန့်၊ ဆရာမြို့မငြိမ်းနဲ့ ဆရာရွှေပြည်အေး ဂီတပဂေး တွေပေါ့။

ဒီဂီတ ဆရာကြီး သုံးဦး နှစ်တရာပြည့်ပွဲ မာအေးတို့ အမိမြေမှာ ကျင်းပကြမယ်တဲ့လေ၊ သတင်းက တိုတိုလေးပေမယ့် ကိုယ့်အတွက်က လေးနက်နေတော့ ကောင်းလိုက်တဲ့ သတင်းလေးဟယ်လို့ ပျော်သွားတာပေါ့။ အဟဲ ဒါပေမယ့် ဒါပေမယ့်ပေါ့လေ ကိုယ် မနွှဲရချေဘူး၊ ရင်ထဲမှာ စူးရှရှ။ နှောင်းတုန်းက ဆရာ့သမီးလေ၊ ဝေးတမြေမှာ ဆိုတော့ ဆွေးရတာပေါ့။

မာအေး ဆရာရင်းက ဆရာကြီးသုံး ဦးထဲမှာ ရွှေပြည်အေးပါ။ မာအေး ဆယ်ကျော်သက် ကနေစပြီး ဆရာရွှေပြည်အေးရဲ့ ရုပ်ရှင်သီချင်းပေါင်း များစွာကို ဆိုလာခဲ့ပါတယ်၊ ဆရာအေးကို စပြီး တွေ့ဖူးတာ အခု ‘ညွှန့်မြန်မာ’ရုပ်ရှင်ကုမ္ပဏီလို့ နာမည်ပြောင်းလိုက်တဲ့ ‘ဗြိတိသျှဘားမား’ ရုပ်ရှင်ခြံထဲမှာပါ၊ ဒါရိုက်တာချစ်ခင် ရိုက်ကူးတဲ့ ‘မမှီတဲ့ပန်း’ ဆိုတဲ့ ရုပ်ရှင်ကားမှာ မင်းသမီး မေသစ် ကလေးဘဝကို ရိုက်ရမယ့် မင်းသမီးငယ် ခင်မြင့်လေး ကိုယ်စား သီချင်းဆိုပေးဖို့ ကလေးအဆိုတော် လိုချင်တယ်ဆိုလို့ ဆရာ စိန်ဝေလျှံက ရှာခိုင်းတာနဲ့ မာအေးဆရာ အဆိုတော် တေးလုင်ရဲနောင်က ပို့ပေးလို့ ရောက်ခဲ့တာပါရှင်။

အဲအချိန်က ဆရာရွှေပြည်အေးဟာ ဗြိတိသျှဘားမားရုပ်ရှင်ကုမ္မဏီရဲ့ ပင်တိုင်ဂီတတာဝန်ခံ ဖြစ်နေတော့ ဒီရုပ်ရှင်ခြံထဲ ဘယ်သူဘယ်အဖွဲ့ပဲ အသံသွင်းသွင်း ဆင်းနားထောင်ပေးရတာပေါ့ရှင်၊ မာအေးက ဆရာစိန်ဝေလျှံရေးတဲ့ ‘မမှီတဲ့ပန်း’ အဓိက ဇာတ်ကျောဖြစ်တဲ့ သီချင်းကို တယောက်ထဲ တခါဆိုရပါတယ်၊ မမသစ်လို့ခေါ်တဲ့ မင်းသမီးမေသစ်နဲ့ တဝက်စီတွဲပြီးတော့ တခါဆိုရပါတယ်၊ မမသစ်က မရဲတရဲဆိုတော့ ခဏ ခဏ မှားတာပေါ့၊ သူက ဆရာကြီးတွေကို ကြောက်တယ် ထင်ပါရဲ့၊ ဒီတုန်းက မှားတဲ့နေရာလေးတင် ကွက်ပြီး ပြန်အသံသွင်းလို့မှ မရတဲ့ခေတ်ကိုး၊ ကိုယ်မမှားလဲ မကောင်းမချင်း ဆိုပေးရတော့တာပေါ့နော။

တဖက်က မှန်ထဲမှာ နားထောင်နေတဲ့ လူကြီးမင်းတယောက်ကိုလဲ မြင်နေရတယ်၊ ဒီခြံထဲက အာဏာပါဝါရှိတဲ့ လူကြီးတယောက် ဖြစ်မှာပေါ့လို့ ကြောက်မနေရအောင် အမှတ်တမဲ့ နေလိုက်တယ်၊ ပထမဆုံး ရုပ်ရှင်သီချင်း သွင်းရတာမို့ နည်းနည်းတော့ ဖြုံတာပေါ့ရှင်၊ မာအေးကို သူမွေးထုတ်သလို ချစ်တတ်တဲ့ တေးလုင်ဖခင် နဲ့တော့ စကားတွေ ပြောနေကြတာ တွေ့တယ်လေ၊ ခေါင်းတငြိမ့်ငြိမ့်ပဲ လှမ်းတွေ့ရတဲ့ မိစပ်စုက သိချင်လိုက်တာ အူကိုလိမ့်နေရောပဲ။ ဆရာ အနားရောက်တာနဲ့ ဘယ်သူကြီးလဲလို့ မေးတာပေါ့၊ ‘ဟဲ့ အဲဒါ ရွှေပြည်အေး သမီးရဲ့’ ဆိုတော့၊ ဟယ် တိုက်တိုက်ဆိုင်ဆိုင် ဟယ်၊ မနေ့ကပဲ ဒီဆရာကြီး သီချင်းနဲ့ ကဖို့ မာအေးတို့မရမ်းခြံ ကျောင်းသူတွေ ယိမ်းတိုက်ခဲ့တာ အော်ခဲ့တာ ‘ဗွေးတုတ်’ပါလား။ မနက်ဖြန် ကျောင်းကျရင်တော့ ကြွားနိုင်တော့မယ် လို့၊ ပျော်လိုက်တာလေ။

“ xxx ငွေစန္ဒာ လရထား၊ တက်ဖျာဝဠာတခို့ သာလို့နေ ဟေ – ဟေ – ဟေ – ငါတို့တတွေ မန်ကျည်းပင်ရင်းမှာ ခြေဆင်းကာပ (အပျင်းဖြေ)၂၊ ကြံသကာ ထန်းလျက်ခဲ မြေပဲလှော်နဲ့ တကယ်ဖက်သလေ၊ အေ – အေ – အေ – လက်ဖက်ရည် ပူပူနွေး ယူပေးပါကွယ် (သာအေးရေ)၂ xxx လေးပျို့လေးပျို့ ခင်ကညာ တော်ရေ ရွှင်စရာ ပျော်စရာ ဖော်သဟာများနဲ့ တော်ရာနား ခေါ်ကာသွား ကစားပါစို့ဟေ၊ ကြက်ဖခွပ်မယ် မြင်ချည်ပါအေ၊ ချောသည် ယောထမီတိုတိုလေးနဲ့ ဟိုကိုပြေး သည်ကိုပြေး၊ မလေးလုံမထွေး၊ ပြိုင်မယ်လေ နိုင်မယ်အေ၊ ရှောင်လေရှားလေ အနားမနေဘူးတော့ ကြက်တက်စူးလို့ နာတတ်သအေ၊ ခွပ်လိုက်ကြစို့ သူငယ်ချင်းရေ၊ ယောင်္ကျားဘသား နွှဲလိုက်မယ်ဟေ xxx
ငါတို့ကြက်ဖ နိုင်နိုင် ရွှေဖလားနဲ့ ကြက်သားကိုင်
ငါတို့ကြက်ဖ ရှုံးရှုံး ကြေးဖလားနဲ့ ကြက်ချေးတုံး xxx ”

‘ဟဲ့ ဒီကလေး ဘာငေါင်နေတာလဲ၊ ဘယ်သူလဲ မေးပြီးတော့ ဘာမှ ပြန်မပြောတော့ဘူးလား’ ဆိုမှ ဆရာ့ကို ပြန်နောက်လိုက်ပါတယ်၊ ကာတွန်းထဲက ကောင်မလေးလို ‘စိတ်ကူးယဉ်သွားလို့ပါဖေဖေ’ လို့ အဲဒီလို နောက်လိုက်တာပေါ့။ ဆရာအဖေကြီးကို ရွှတ်တွတ်တွတ် ပြောနေကျပါ၊ အဲဒီခါ ဆရာက ‘မနောက်နဲ့အေ၊ အတည်ပြောမလို့၊ ငါ့သမီး ကြေးစားအဆိုတော်ဖြစ်ပြီး’ နာမည်ကြီးလေး ဖြစ်ဦးမှာ ဗျ၊ ဆရာရွှေပြည်အေးက ဂီတဘုရင်ကြီး၊ ဒီကလေးမှာ ဂီတ သန္ဓွေရှိတယ်၊ ကောင်းကောင်း မွေးရမယ် တဲ့၊ သဘက်ခါကျ ဖိုးပါကြီးကား အသံသွင်းရှိတယ်၊ မြဇော်ကို ခေါ်လာခဲ့ဗျား’ လို့ ပြောပါတယ်၊ အလုပ်ပေးပြီး ဖေးမမယ့် ဆရာတယောက် တိုးပြန်ပြီ၊ မာအေးမျက်နှာ ပြုံးနေတာကို မြင်ကြမှာပေါ့နော်။ ။

[ မူရင်း – BBC မြန်မာဌာန ]

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts