>Than SOe Hlaing – Nargis Reporter Story 2

>

(At Rangoon, Bo Aung Kyaw Street, after 3rd May 2008, Nargis)

သတင်းထောက်တဦး ၏ နာဂစ်ဒိုင်ယာရီ -၂

သန်းစိုးလှိုင်

မတ် ၇၊ ၂၀၀၉

ညအမှောင်နှင့် မုန်တိုင်း

ည သန်းခေါင်ကျော် မအိပ်နိုင်ဘဲ လေတိုက်သံများကို နားစွင့်လိုက်၊ ဘယ်တော့ လေရှိန်လျော့သွားမည်လဲဟု မျှော်လင့်လိုက်နှင့် မိနစ်၊ နာရီများ ကုန်ဆုံးအောင် စောင့်နေရသည်။ ထိုသို့စောင့်နေရာတွင် တ၀ုန်းဝုန်းမြည်နေသည့် အိမ်ခေါင်မိုးသွပ်ပြားသံများက ခြောက်ခြားစရာ ကောင်းလှသည်။ ဘယ်အချိန် ခေါင်မိုးလွင့်သွားမည်လဲဆိုသည့် စိုးရိမ်မှုလည်းပေါ်လာခဲ့သည်။ ရန်ကုန်တမြို့လုံး မီးရောင်မရှိ အမှောင်ကြားထဲတွင် မုန်တိုင်းဒဏ်ကို ကြံ့ကြံ့ခံနေရသည်။ ကောင်းကင်ပြင်က မိုးတိမ်အရောင်ကြောင့်လား လေအရောင်ကြောင့်လားမသိ အနီရောင်ထနေသည်ကို မြင်ရ၏။


မြင်တွေ့နေရသည် အိမ်ရှေ့အိမ်များ၏ ခေါင်မိုးမှ သွပ်ပြားများက စက္ကူချပ်များသဖွယ် လေဒဏ်နှင့် ခေါက်လိုက် ပြန်စန့်သွားလိုက် ဖြစ်နေသည်ကို မြင်နေရသည်။ ဂြိုဟ်တုဆက်သွယ်ရေး စလောင်းများလည်း အရွက်စုတ်ထွက်သည့်ဟာက စုတ်ထွက်၊ ဘေးတိုက်လဲသည့်ဟာ လဲ၊ အချို့ကလည်း ဗန်းအချပ်လိုက် လေနှင့်လွင့်ပါကာ လမ်းထဲ၊ နောက်ဖေးလမ်းကြားထဲသို့ လွင့်ကျကုန်သည်။

နံနက် ၃ နာရီ ခွဲ ကျော်တွင် လေမှာ ပိုမိုပြင်းထန်လာသည်။ ခေါင်မိုးသွပ်ပြားများ၏ ရုန်းနေသည့် အသံများလည်း ပိုကျယ်လောင်လာသည်။ မိုးလင်းခါနီးလေ လေ ပိုပြင်းထန် လာလေပင် ဖြစ်သည်။ အိမ်ရှိအိပ်ပျော်နေသူ တဦးနှစ်ဦးပင် ခေါင်မိုးအသံများကြောင့် နိုးလာကြပြီး အခြေအနေကို စောင့်ကြည့်နေကြသည်။ ရန်ကုန်မြို့ လမ်းများပေါ်တွင် မည်သည့် ယာဉ်အသွားအလာမျှ မတွေ့ရတော့။



နံနက် ၅နာရီခွဲတွင်တော့ အလင်းရောင် အနည်းငယ် ရလာပြီး ကောင်းတိုက်ခတ်နေသည့် လေသည် တိုက်ခတ်သည့်ဘက်ပြောင်းသွားပြီး သည်းထန်နေသည့် မိုးလည်း စဲသွားသည်။ ထိုအချိန်သည် ရန်ကုန်မြို့ကို မုန်တိုင်း၏ ဗဟိုချက်ဖြတ်သည့် အချိန်ဖြစ်လိမ့်မည်ဟု နားလည်လိုက်သည်။ ဆိုင်ကလုန်းမုန်တိုင်း ၏သဘာဝကို အထက်တန်းကျောင်းသားဘ၀တွင် သင်ရစဉ်က မုန်တိုင်း၏မျက်စေ့ဟု ခေါ်သည့် ဗဟိုချက်သည် တိမ်ကင်းစင်နေပြီး မိုးသားမရှိပဲ မိုင်အနည်းငယ် အချင်းရှိသည်ဟု မှတ်သားခဲ့ရဘူးသည်။ ထိုဗဟုသုတ ဖြင့် ယခုလို မိုးစဲသွားပြီး လေပိုမိုပြင်းထန်လာခြင်းသည် မုန်တိုင်း ဗဟိုချက် ဖြတ်သန်းခြင်း ဖြစ်လိမ့်မည် ဟုတွက်ဆမိ လိုက်သည်။



မုန်တိုင်း ဗဟိုချက် ယခုမှ ဖြတ်သန်းသည်ဆိုလျင် မုန်တိုင်း စတင်တိုက်ခတ်သည့် ည ၁၁နာရီကျော်မှ တွက်ဆလျင် ယခုမှ တ၀က်သာရှိသေး သဖြင့် မုန်တိုင်း ပြီးဆုံးဖို့ နောက်ထပ် ၅နာရီကျော် ၆နာရီနီးပါး ကြာမြင့်လိမ့်ဦးမည် ဟုနားလည်လိုက်သည်။

(At Rangoon, Bo Ta Htaung Local Port, after 3rd May 2008, Nargis)

ခေါင်မိုးလွင့်ပြီ

နံနက် ၅နာရီခွဲကျော် ၆နာရီမထိုးမီ အချိန်တွင် လေက ပိုမိုပြင်းထန်လာသည်။ အိမ်ရှေ့မျက်နှာချင်းဆိုင် တိုက်များမှ သွပ်ပြားများလွင့်ကျသံ၊ လေတိုး၍ သွပ်ပြားရိုက်ခတ်သံများဆူညံနေသည်။ ကိုယ့်အိမ်ခေါင်မိုးမှလည်း သွပ်ပြားတ၀ုန်းဝုန်း ရိုက်ခတ်သံက ပြင်းထန်လာသည်။ ဘယ်အချိန်လွင့် ပါမလဲဟု စိုးရိမ်နေစဉ်မှာပင် ပိုပြင်းသည့် လေရှိန်တချက်အတိုက်မှာ ခေါင်မိုးမှ အလင်းရောင်ဝင်လာပြီး ကောင်းကင်ကိုမြင်လိုက်ရတော့သည်။ တပြိုင်နက်ထဲ မိုးရေစက်များပါ ကျဆင်းလာတော့သဖြင့် အိမ်ရှိပစ္စည်းများကို ရွှေ့နိုင်တာ ရွှေ့၊ မရွှေ့နိုင်တာ ပလပ်စတစ် အိတ်များ ဆုတ်ဖြဲပြီး အုပ်၊ မြွေရေခွံအိတ်များဖြင့် အုပ်တန်အုပ် လုပ်ရတော့သည်။



ကံကောင်းထောက်မ စွာဖြင့် ခေါင်မိုး တခုလုံး လုံးဝလွင့်ပါသွားခြင်း မဟုတ်ပဲ ခေါင်တလျှောက် နှင့် အလယ်ကွက်ပြီး ၅၀ ရာခိုင်နှုန်းခန့် လွင့်သွားခြင်းဖြင့်သဖြင့် နံရံနှင့်ကပ်နေသည့် အချို့နေရာများသို့ စာအုပ်အချို့နှင့် လျှပ်စစ်ပစ္စည်းများကို ရွှေ့ထားနိုင်ခဲ့သည်။



ခေါင်မိုးမှ ၀င်လာသည့် မိုးရေများဖြင့် အိမ်တအိမ်လုံးတော့ ရေကန်အလား ပြည့်နေသည်။ စောစောပိုင်း မုန်တိုင်း ဗဟိုချက် ဖြတ်သန်းစဉ် စဲနေသည့် မိုးမှာလည်း ပြန်လည်ပြီး သည်းထန်စွာ ရွာသွန်းနေပြီ ဖြစ်သည်။ ကြမ်းပြင်ပေါ်တွင် ရေက ၁လက်မ ၊ ၂လက်မှသာသာမျှ နစ်မြုပ်နေသည်။ အိမ်ရှေ့မှ တီဗီကို မရွှေ့ပြောင်းနိုင်တော့သဖြင့် ထီးတလက်ဖွင့်ကာ တီဗီကို မိုးထားပေးလိုက်သည်။ အိမ်ထဲမှာလည်း မီးဖို ခန်း တခန်းသာ မိုးယိုလွတ်သဖြင့် ကလေးများကို မီးဖိုခန်းတွင် နေစေရသည်။


သည်လိုနှင့် အိမ်ထဲဝင်လာသည့် မိုးရေများကို အုန်းလက် တံမျက်စည်းဖြင့် လှဲထုတ်လိုက်၊ အိမ်တံခါးဝမှ လှေခါးသို့ ယက်ထုတ်လိုက် အိမ်ဝရံတာနှင့် နီးသည့်နေရာမှ ရေများကို ၀ရံတာသို့ သွန်ထုတ်ပစ်လိုက်နှင့် တအိမ်သားလုံး မိုးရေစိုရွှဲကာ တမိနစ်မျှ မနားကြရပေ။ သတိရ၍ နာရီကြည့်သည့်အခါ နံနက် ၈နာရီခွဲတော့မည်။ အလင်းရောင်က အာရုံတက်ချိန် အလင်းရောင် သာသာမျှပဲ ရှိသည်။ ထူထဲလွန်းသည့် မုန်တိုင်း မိုးတိမ်ထုကြောင့် အလင်းရောင်က အာရုံတက်ချိန်နှင့် နံနက် ၈နာရီခွဲ ၉ နာရီထိုးချိန်လည်း အတူတူသာ ဖြစ်နေသည်။

(At Rangoon, Sule & Bogyoke Street Corner, after 3rd May 2008, Nargis)

ထမင်းတနပ် ငတ်ကြရ

အိမ်ရှိလူအားလုံး လည်းနံနက်စာ စားဖို့နေနေသာသာ ၊ အိမ်ထဲသို့ ဖြိုင်ဖြိုင်ကျနေသည့် မိုးရေများကို ယက်ထုတ် သွန်ထုတ်နေကြရသဖြင့် မအားနိုင်ကြ။ အိမ်ပြူတင်းတံခါး၊ ၀ရံတာတံခါးများကိုဖွင့်လျင် လက်ဖြင့် မြဲမြဲကိုင်ကာ ဖွင့်ရသည်။ သို့မဟုတ်ပါက လေအရှိန်နှင့် ပြင်းထန်စွာ ရိုက်မိနိုင်သည့် အတွက်ဖြစ်သည်။



အခြားသူများ ဘယ်အခြေအနေရှိသလဲဆိုတာကို မေးရန် သတိရသဖြင့် တယ်လီဖုန်းလက်ကိုင် မ ကြည့်ရာတွင် ဖုန်းလိုင်းပြတ်တောက်သွားခဲ့ပြီ။ ကြိုးပြတ်သဖြင့် ဖုန်းလိုင်းပြတ်သည်လား သို့မဟုတ် အိတ်က်စချိန်းကပဲ ပြတ်သည်လားတော့ မသိနိုင်တော့။



မိုဘိုင်းဖုန်းကို ကိုင်ကြည့်တော့လည်း နက်ဝေါ့ခ် အမှတ်အသားပြတုံးမှာ ၁ခုသာ မြင်ရပြီး ဆက်သွယ်လို့ မရနိုင် ဖြစ်နေသည်။



လမ်းထဲရှိ အိမ်တွေကလည်း ၀ရန်တာထွက်ကြည့်လိုက် ၊ သွပ်ပြားတွေလွင့်ပျံနေသည်ကို မြင်တွေ့ရသဖြင့် ပြန်ဝင်လိုက်ရှိကြသည်။ ဤမျှပြင်းထန်သည့်မုန်တိုင်းထဲတွင် လွင့်ကျလာသည့် သွပ်ချပ်များ လိုက်ကောက်သူ တဦးတလေကို မြင်တွေ့ရသေးသည်။ နောက်ပိုင်းမှသိရသည်မှာ ကျောင်းမြောင်းဘက်တွင် ထိုသို့ သွပ်ချပ်လိုက်ကောက်သူ တဦးထက်မနည်း လွင့်လာသည့် သွပ်ချပ်ထိပြီး သေဆုံးခဲ့ရသည် ဟုဆိုသည်။

နံနက်စာ ထမင်းစားဖို့ အတွက် ချက်ပြုတ်ရန် လျှပ်စစ်မီးလည်း မရှိ၊ မီးသွေးမီးမွှေးဖို့ရာလည်း လေပြင်းနှင့် မိုးကြောင့် ချက်ပြုတ်ရန် မဖြစ်နိုင်တော့။


နံနက် ၉နာရီခွဲပြီး ၁၀ နာရီ ထိုးတော့မည်။ သို့ရာတွင် လေရှိန်ကမလျော့သေး၊ မိုးလည်း သည်းထန်နေဆဲ ရှိသေးသည်။ လမ်းပေါ်တွင်လည်း သစ်ပင်အကိုင်းအစများ၊ အမြစ်မှ ပြိုလဲထားသည့် သစ်ပင်များ၊ အလျားလိုက်လဲနေသည့် အုန်းပင်များဖြင့် ပြည့်နှက်နေသည်။



ခေါင်မိုးပေါ်မှ လွင့်စင်လာသည့် ဂြိုဟ်တု စလောင်းဗန်းများနှင့် သွပ်ချပ်များကြောင့် လမ်းထဲရပ်ထားသည့် ကားအချို့လည်း မှန်ကွဲသည့်ကားကကွဲ၊ ပိန်ချိုင့်သည့်ကားက ပိန်ချိုင့်နှင့် မြင်ကွင်းတခုလုံးမှာ အပျက်အစီးများ ဖြင့်သာ ဖုံးလွှမ်းနေသည်။



မုန်တိုင်းမတိုက်ခင်နှင့် မုန်တိုင်းတိုက်ခါစက နာရီပိုင်းလေးမျှသာ ကြာမည်ထင်ခဲ့ကြသော်လည်း ယခုလို ၈နာရီ ၁၀နာရီကြာရှည်လာသည့်အခါ လူအများ ထိတ်လန့် တုန်လှုပ်လာကြသည်။ ယခုထက် ထပ်ပြီး ဘယ်လောက်များ ပျက်စီးဦးမလဲ ဟုတွေးပြီး ကြောက်လန့်လာကြသည်။

(At Rangoon, Hanthawaddy Circle, after 3rd May 2008, Nargis)

မုန်တိုင်းစဲပြီးနောက် ရန်ကုန်မြင်ကွင်း

နေ့လည် ၁၁နာရီခွဲ ကျော်လာသည်နောက်တွင် လေနည်းနည်းပျော့စပြုလာသည်။ မိုးကတော့ မစဲသေး။ လမ်းမကြီးများတွင် ရေများပြည့်နေပြီး သစ်ကိုင်းများ၊ သစ်ပင်များ ကန့်လန့်ဖြတ်လဲနေကာ လူတချို့ ထီးဖြင့် အနီးအနားကို ထွက်ကြည့်စ ပြုလာသည်။ အိမ်ထဲတွင်လည်း ခေါင်မိုးမှဝင်သည့်ရေများကို လှဲထုတ်၊ ရက်ထုတ် နေရသူများ ခဏ အနားရကာ အ၀တ်အစား လဲလှယ်နိုင်ကြသည်။ မိုးလင်းကတည်းက တကိုယ်လုံး ရွှဲရွှဲစိုသည့် ရေထဲတွင် နေနေကြရသဖြင့် အအေးဒဏ်ဖြင့် ဖြူဖျော့နေသည် ကိုတွေ့ရသည်။



၁၂နာရီကျော်တွင် မိုးဖွဲဖွဲသာကျန်တော့ပြီး အလင်းရောင်လဲ ပိုမိုရလာသည်။ လူများသာမက ကားများ ဟိုကြားဒီကြားမှ ထွက်လာကာ ရန်ကုန်မြို့၏ အပျက်အစီးများကို လိုက်ကြည့်ခြင်း၊ ဆွေမျိုးမိတ်သင်္ဂဟ တို့၏ အိမ်အခြေအနေ၊ ဘေးအန္တရာယ် ကင်းမကင်းကို လိုက်လံ စုံစမ်း မေးမြန်းကြသည်။



မိုးအနည်းငယ်ရွာ နေသေးသဖြင့် ထီးတလက်နှင့် ကင်မရာယူကာ လမ်းတလျှောက် ကြည့်ဖို့ထွက်လာခဲ့သည်။ မဂိုလမ်းအလယ်ဘလောက်တွင် ပိတောက်ပင်များ လဲပြိုကာ ဒိုင်နာထရပ်ကား အငယ်စား၊ စက်မှုဇုန်ထုတ် တောင်းအေ့စ် ပစ်ကပ် ကားပေါ်ပိနေသည် ကိုတွေ့ရသည်။ ဗိုလ်ချုပ်ဈေး ကြီး၏ ခေါင်မိုးပေါ်မှ အုတ်ကြွပ်များ လွင့်ကုန်ပြီး ဈေး၏အမိုး နေရာ အတော်များများ ဗလာဖြစ်နေသည်။ အုတ်ကြွပ်အကွဲအစများက ဗိုလ်ချုပ်ဈေး အရှေ့ဘက်တန်း ကားအ၀င်လမ်းတလျှောက် ပြန့်ကျဲနေသည်။ ဆူးလေနှင့် ဗိုလ်ချုပ်လမ်းမကြီး ဆုံရာ လမ်းဆုံတွင် ထောင်ထားသည့် ဘီလ်ဘုတ် (ဆိုင်းဘုတ်)ကြီးများမှာ ခေါက်ရိုး ကျိုးသည့်ဟာကျိုး၊ သွပ်ပြားများ တစစီ စုတ်ထွက်သည့်ဟာ ထွက်နှင့် ရှုမြင်၍မကောင်း လောက်အောင် ဖြစ်နေသည်။



သိမ်ကြီးဈေးဘီရုံ ဘက်ရောက်တော့ ပရဆေးများရောင်းသည့် အတန်းတခုလုံး ခေါင်မိုးများလွင့် လွင့်ထွက်ကုန်ပြီး သွပ်ချပ်များ မုန်တိုင်းဒဏ်ကြောင့် လွင့်ထွက်သည်နှင့်အတူ သစ်သားဒိုင်းများပါ အလဲလဲ အပြိုပြိုဖြစ်နေသည်။ အထည်ရောင်းသည့် ရုံများဘက်ကတော့ ခေါင်မိုးလွင့်သည်လည်းရှိ၊ ကျန်သည်လည်း ရှိသည်ကို တွေ့ရသည်။ လမ်းမပေါ်လူ အုပ်စုလိုက်ထွက်လာကြပြီး ကားများပေါ်ပိနေသည့် အပင်များ၊ အိမ်ဝရံတာပေါ်လဲပြိုနေသည့် သစ်ကိုင်းများကို ရရာလက်နက်များဖြင့် စတင် ခုတ်ဖြတ် နေကြသည်။

ကျောက်တံတား မြို့နယ် အနော်ရထာလမ်း တလျှောက် လမ်းဘေးတလျှောက်ရှိ ကြော်ငြာဆိုင်းဘုတ် ကြီးငယ်များ လဲပြိုနေသလို၊



ကြော်ငြာဆိုင်းဘုတ်က ကားတွေပေါ်ပိနေတာလည်း မြင်ရသည်။ ၃၃ လမ်းနှင့် အနော်ရထာလမ်းထိပ်ရှိ ပိတောက်ပင်ကြီး အမြစ်မှ ကြွကာလဲပြိုသဖြင့် သစ်ပင်ဘေးမှာ ထားရှိသည့် မီးစက်ကြီးများပါ တုံးလုံးလဲမလို ဖြစ်နေသည်။ ရန်ကုန်ဘူတာကြီး ခေါင်မိုး သွပ်ချပ်များလည်း လွင့်သည့်ဟာလွင့်၊ အချို့သော ကြော်ငြာဆိုင်းဘုတ်အကြီးစားများက လမ်းမပေါ်ကန့်လန့်ဖြတ် လဲကျနေသည်။ ဗိုလ်အောင်ကျော်လမ်းနှင့် ၀န်ကြီးများရုံး တ၀ိုက်တွင် နှစ် ရာ ဂဏန်း ချီ သက်တမ်းရှိ၊ ကုက္ကိုပင်ကြီးများ အမြစ်မှ ကျွတ်ကာ လမ်းပေါ်တုံးလုံးလဲနေသည်။ သစ်ပင်တွေက မီးတိုင်တွေပေါ်ပြိုလဲ၊ လျှပ်စစ်မီးတိုင်တွေလည်း မီးကြိုးပြတ်ကာ လမ်းပေါ်လဲနေ၊ ကြိုးများက လမ်းပေါ် ပြတ်ကျနေ သည် ကိုတွေ့ရသည်။



၃၈လမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်ရှိ အေးရှားပလာဇာ၏ အောက်ထပ် ဧည့်ကြိုခန်းမ တခုလုံး မှန်တွေကွဲ၊ မျက်နှာကျက် အလူမီနီယံတွေ၊ ပလာစတာ မျက်နှာကျက်များ ကွဲကြေကာ အပျက်အစီးများနှင့် အောက်ထပ် ပွင့်ထွက်နေသည်ကို တွေ့ရသည်။



ရန်ကုန်မြို့လည်တပတ်ကို လှည့်ကြည့်လိုက်ရုံမျှဖြင့် နာဂစ်မုန်တိုင်း၏ ဒဏ်ရာဒဏ်ချက်များ မည်မျှနက်ရှိုင်းသည်ကို ခန့်မှန်းနိုင်ပြီ။ ရန်ကုန်မြို့လည်မြင်ကွင်းကိုကြည့်ပြီး ရန်ကုန်မြို့ပျက်ကြီး ဖြစ်သွားသလို ခံစားလိုက်ရသည်။ သစ်ပင်တွေပိတ်ဆို့နေသဖြင့် လိုက်လံကြည့်ရှုကြသည့် ကိုယ်ပိုင်ကားငယ်များက သစ်ပင်တွေကြားထဲက ကွေ့ပတ်မောင်းနေကြ၊ ၀င်မရသည့် လမ်းများကို ရှောင်ကွင်းသွားကြနှင့် မွန်းလွဲ ၁နာရီခွဲ ၂နာရီ ၀န်းကျင်တွင် အတော်လေးစည်ကားနေသည် ကိုမြင်တွေ့ရသည်။

(At Rangoon, in Rangoon River, after 3rd May 2008, Nargis)

မယုံကြည်နိုင်ဘွယ်ရာ အပျက်အစီးများနဲ့ရန်ကုန်

နက်ဝေါ့ခ် ဆက်သွယ်မှု မကောင်းသော်လည်း မိုဘိုင်းဖုန်းများ ဆက်လို့ပြန်ရနေပြီ။ သို့ပေမယ့် အိမ်ဖုံးနံပါတ် အတော်များများ ဆက်မရ။ မိုဘိုင်းဖုန်းနံပါတ်များကလည်း ဧရိယာပြင်ပရောက်နေသည်ဟု ဆိုသည်။ ရှားရှားပါးပါး ပုသိမ်ရောက်နေသည့် မိတ်ဆွေ တဦးက မိုဘိုင်းဖုန်းဖြင့် လှမ်းခေါ်သည်။ ပုသိမ်မြို့မှာ ကြီးကြီးမားမား အပျက်အစီးမရှိဟု သိရသည်။



ညနေစောင်း ၃နာရီခွဲ ၄နာရီခန့်မှာ အသိကားဖြင့် အလုံ၊ ကြည့်မြင်တိုင်၊ ဗိုလ်တထောင် ဆိပ်ကမ်းတို့ကို လှည့်ကြည့်တော့မှ ရန်ကုန်မြစ်အတွင်း တပိုင်းတစ မြုပ်နေသည့် ကမ်းရိုးတန်းသွား စက်လှေများ၊ အစိုးရနှင့် ပုဂ္ဂလိက သဘောင်္များ ကိုတွေ့မြင်ရသည်။ ကြည့်မြင်တိုင်ဘက် ရန်ကုန်မြစ်ထဲတွင် သစ်လုံးတင် စက်မဲ့ သဘောင်္များပေါ်မှ သစ်လုံးတွေ မြစ်ထဲမျောနေသည်ကို လည်းမြင်ရသလို ကမ်းနားတ၀ိုက်ရှိ မြစ်ကမ်းနားတွင် စက်လှေများ တစီးကို တစီးတိုက်မိကာ မြုပ်နေပျက်စီးနေသည် ကိုလည်း တွေ့ရသည်။



ထိုအခါမှ ညကတညလုံး သဘောင်္ ဥသြဆွဲသံများ ဆူညံနေခဲ့သည်ကို သတိရသည်။ ရန်ကုန်ကမ်းနားလမ်း အထပ်မြင့်မှာ နေထိုင်သူတွေက ပြန်ပြောဆိုရာမှာ နာဂစ်ည တညလုံး မုန်တိုင်းဒဏ်ကြောင့် ရန်ကုန်မြစ်ထဲ သဘောင်္တွေ၊ လှေတွေမြုပ်နေတာကို အတိုင်းသားမြင်တွေ့ခဲ့ရသည် ဟုဆိုသည်။



မုန်တိုင်းဒဏ်မှ မမြုပ်အောင် ကြိုးစားနေရသည့် ကမ်းရိုးတန်း စက်လှေနှင့် ကူးတို့သဘောင်္များ ပင်လယ်ကူး သဘောင်္များက မီးမောင်းကြီးများ ထိုးထားပေးထားခဲ့ သည့်အတွက် ကမ်းနားလမ်းနေသူတွေ အတိုင်းသား မြင်တွေ့ခဲ့ ကြရခြင်းလည်း ဖြစ်သည်။



ဗိုလ်တထောင်ဆိပ်ခံဗောတံတား တခုမှ အကောင်းမရှိတော့။ ဗောကမျောပြီး မြုပ်သွားတာ၊ ဗောသို့ဆင်းသည့် အမိုးနှင့် တံတား ကျိုးပြတ်ကာ မြစ်ထဲဦးစိုက်နေတာ၊ ဌာနဆိုင်ရာ သင်္ဘောလတ်များနှင့် အသေးများ တစီးနှင့် တစီး ခိုက်မိထားကြပြီး စုတ်ပြတ်ကာ ကမ်းစပ်တွင် ဦးလာဆိုက်နေတာ သည့်မြင်ကွင်းများသည် မည်သူ့ကိုမျှ စိတ်သက်သာမှု မရစေခဲ့ပေ။



တိုင်းပြည်အတွက် ဘာမျှ မလုပ်ပေးနိုင်သည့် ယခုစစ်အစိုးရနှင့်သာဆိုလျင် ထိုအပျက်အစီးများမှ နာလံပြန်ထူဖို့ရာ လွယ်ပါ့မလား ဆိုသည့်အတွေးက လူအများစုထံတွင် ပေါ်လာကြသည်။

(ဆက်လက်ဖေါ်ပြပါမည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts