>Than Soe Hlaing – Sanction on Burma – Question Revisited

>

စီးပွားရေးပိတ်ဆို့မှုနှင့် မြန်မာစီးပွားရေး ဘာလဲ ဘယ်လဲ

သန်းစိုးလှိုင်

မတ်လ ၄၊ ၂၀၀၉

အပိတ်တခု အပြော နှစ်မျိုး

ရန်ကုန်မြို့၏ ဆင်ခြေဖုံးဟု ခေါ်ဆိုသည့် လှိုင်သာယာ စက်မှုဇုန်ထဲ ရှိစက်ရုံတရုံ၊ အထည်ချုပ် အလုပ်သမများ ခုံတန်းနိမ့်နိမ့်ပေါ်တွင် ထမင်းချိုင့်ကိုယ်စီဖြင့် စီတန်းကာ ထမင်းစားနေကြသည်။ ရုတ်တရက်ကြည့်လျင် စာသင်ကျောင်းတွင် ကလေးများ နေ့လည်စာ စားချိန်ခုံတန်းများတွင် တန်းစီကာ ထိုင်စားနေကြသည်ဟု ထင်ရသည်။ သို့ရာတွင် ခပ်နိမ့်နိမ့် ခုံတန်းရှည်ပေါ် ထမင်းချိုင့်တင်ပြီး စားနေကြသူများမှာ ကလေးတွေ မဟုတ်ပဲ လူငယ်ပိုင်း၊ လူလတ်ပိုင်းအရွယ် မိန်းမသားများ ဖြစ်သည်။

သူတို့၏ ဇာတိမှာ လှိုင်သာယာစက်မှုဇုန်နှင့် မနီးမဝေး ရှိရွာများ၊ ရန်ကုန်မြို့ အထက်ဘက် မြေလတ်၊ မြန်မာနိုင်ငံ အလယ်ပိုင်း၊ မန္တလေး မိတ္ထိလာဒေသများမှ အထိပါဝင်သည်။ ယခင်ကတော့ ရွာ၊ ယခုတော့ စက်မှုဇုန်နယ်မြေအလယ် ရောက်ရှိနေသည့် ရေဥက္ကံ အမည်ရှိ ရွာကလေးထဲတွင် အထည်ချုပ် အလုပ်သမများ ငှားနေကြသည်။

၈ပေ၊ ၁၀လောက် အကျယ် ရှိသည့် အိမ်၏ အဖီလေးထဲမှာ ၃ယောက် မျှနေကြရာ အဆောင်ခ အနေဖြင့် တယောက်ကို ၄၀၀၀ ကျပ် ပေးရသည်။ တယောက်စာ အိပ်ဖို့ ဖျာငယ် တချပ်စာ နေရာရပြီး မီးဖိုချောင်ကို အိမ်ထဲမှာ အခြားနေသူများနှင့် အတူမျှဝေ သုံးရသည်။

သူ့တို့၏ လစာမှာ ပျှမ်းမျှအားဖြင့် ၂၄,၀၀၀ ကျပ်မှ ၂၈,၀၀၀ ၀န်းကျင် ရကြပြီး၊ အဆောင်လခပေး၊ ကျန်သည့်ငွေကို ချိုးခြံချွေတာစွာ စားသောက်ပြီး တမြို့တနယ်မှာရှိသည့် မိဘမောင်နှမများကို တလလျင် ၁သောင်း၊ ၁သောင်းခွဲ ၀န်းကျင် ကြိုးစား ပြန်ပို့ကြသည် ဟုဆိုသည်။

ထိုအခြေအနေမှာ ၂၀၀၃ ခုနှစ် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် စီးပွားရေး ပိတ်ဆို့မှု ဥပဒေကို တရစ် ထပ်တင်းပြီး ၃နှစ်အကြာ ၂၀၀၆ ခုဝန်းကျင်က ဖြစ်သည်။

စီးပွားရေး ပိတ်ဆို့မှုဟု ဆိုလျင် နအဖ စစ်အစိုးရအနေဖြင့် ရှေ့နောက်မညီသည့် အပြောနှစ် မျိုးဖြင့် တုန့်ပြန်လေ့ရှိသည် ကိုအမြဲတွေ့ရသည်။ တမျိုးမှာ အမေရိကန်ဦးဆောင်သည့် စီးပွားရေးပိတ်ဆို့မှုကို မြန်မာနိုင်ငံအနေဖြင့် မှုစရာမလို။ မြန်မာနိုင်ငံ အနေဖြင့် စီးပွားရေး အခြေခံကောင်းများရှိနေပြီး လက်ရှိအချိန်တွင် တိုးတက်မှု အရှိန်အဟုန်ရနေပြီ ဆိုသည့် အပြောမျိုးကို နအဖ ထိပ်တန်းခေါင်းဆောင်များ၏ မိန့်ခွန်းများတွင် အမြဲထုတ်ဖေါ်သည်ကို တွေ့ရသည်။

ထိုသဘောထားနှင့် ကွဲလွဲပြီး၊ နောက်အပြောတမျိုးမှာ – ၂၀၀၃ ခုနှစ်တွင် အမေရိကန်အစိုးရက မြန်မာနိုင်ငံအား ငွေကြေးကိစ္စများ ဆောင်ရွက်မှုများ မလုပ်နိုင်အောင် ပိတ်ဆို့ လိုက်ပြီးနောက် အထည်ချုပ် စက်ရုံပေါင်း ရာနှင့်ချီကာ ပိတ်သိမ်းခဲ့ရပြီး အထည်ချုပ်လုပ်သားပေါင်း ၈ သောင်းဝန်းကျင် အလုပ်လက်မဲ့ ဖြစ်ခဲ့ရသည်ဆိုသည့် သတင်းစာဆောင်းပါးမျိုးကိုလည်း ထိုစဉ်က ဖေါ်ပြခဲ့ကြသည်။

တပြိုင်နက်ထည်းမှာ စီးပွားရေး ပိတ်ဆို့မှု ကြောင့် မြန်မာနိုင်ငံ အနေဖြင့် မှုစရာမလိုဆိုသည့် သဘောပြောနေရင်းနှင့် တဘက်မှာလည်း ဘယ်လောက် ထိခိုက်ကြောင်းကို ဖေါ်ပြနေပြန်သည်။ ထို့ပြင် အဆိုပါ အလုပ်လက်မဲ့ ဖြစ်သွားသည့် အထည်ချုပ်သမများ “လမ်းပေါ်”ရောက်သွားလျင် စီးပွားရေး ပိတ်ဆို့သူများမှာ တာဝန်ရှိသည့် သဘောမျိုးလည်း အစိုးရ သတင်းစာ ဆောင်းပါးများတွင် “ဇာတ်ဆန်ဆန်” ရေးသား ဖေါ်ပြလေ့ရှိသည်။

(ကမ်းရိုးတမ်းသွား ငါးဖမ်းသဘောင်္တစင်း၏ပုံ)

ပိတ်ဆို့မှုက တကယ် ထိရောက်၊ မထိရောက်

၁၉၉၇ ခုနှစ်မှ စတင်လိုက်သည့် အမေရိကန်ဦးဆောင်သည့် စီးပွားရေး ပိတ်ဆို့မှုသည် နအဖ ထိပ်တန်းခေါင်းဆောင်များ၏ မိသားစု စီးပွားရေးလုပ်ငန်း၊ ထိုခေါင်းဆောင်များနှင့် အကျိုးတူ လုပ်ကိုင်ဘက် လုပ်ငန်းရှင်ကြီးများကိုအနည်းနှင့် အများထိခိုက်သည်မှာတော့ သေချာသည်။

ထိုသို့သော နအဖ ခေါင်းဆောင်များ၏ ကိုယ်ကျိုးစီးပွား အတွက် လုပ်ကိုင်သည့် ကုမ္ပဏီများမှာ ဈေးကွက်ကန့်သတ်မှုကို ရင်ဆိုင်ရပြီး ကွေ့ပတ်ကာ လုပ်ကိုင်နေကြရသည်ကို မကြာခဏ ကြားသိရသည်။ သို့ရာတွင် ထိုကုမ္ပဏီများ နည်းတူ နအဖနှင့် မပတ်သက်သည့် အလတ်စားနှင့် အသေးစား ပို့ကုန်သွင်းကုန် လုပ်ကိုင်သူများလည်း ပိတ်ဆို့မှုကြောင့် ကွေ့ပတ်လုပ်ဆောင်ရမည်သာဖြစ်သည်။ ကုမ္ပဏီအားလုံး၊ ပို့ကုန် သွင်းကုန် လုပ်ငန်းရှင်အားလုံး နအဖနှင့် ပတ်သက်သည်ဟူ၍တော့ သိမ်းကျုံး ကောက်ချက်မချနိုင်ပေ။

အထူး လုပ်ပိုင်ခွင့် ရထားသူ၊ လုပ်ငန်းရှင်ကြီးများ အားလုံးကတော့ နအဖနှင့် တနည်းမဟုတ် တနည်း အကျိုးစီးပွားဆက်နွယ်နေကြသည်မှာ မှန်သော်လည်း ပဲတင်ပို့သူတိုင်း၊ ရေထွက်ပစ္စည်းတင်ပို့သူတိုင်း အထည်ချုပ်စက်ရုံပိုင်ရှင်တိုင်းကိုတော့ နအဖလက်ဝေခံကုမ္ပဏီဟု မဆိုနိုင်ပေ။

ထိုသို့သော အလတ်စားနှင့် အသေးစားလုပ်ငန်းရှင်များလည်း စီးပွားရေးပိတ်ဆို့မှုကြောင့် ကွေ့ပတ်လုပ်ဆောင်ရခြင်း၊ ဈေးကွက်ရှာရာတွင် ကန့်သတ်မှုများနှင့် ကြုံတွေ့ရသည့်အဖြစ်များ ရှိမည်မှာ ဧကန်ပင်။

ရန်ကုန်မြို့ရှိ ပုဂ္ဂလိကပိုင်ဆိပ်ကမ်းတခုမှ ၀န်ထမ်းတဦးက –

“စီးပွားရေးပိတ်ဆို့တာကတော့ အကုန်လုံး ခံရတာပါပဲ။ အစိုးရအကြီးပိုင်းတွေထဲမှာလည်း သူတို့နဲ့ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေ ထိတာပဲ။ တလောက အကောင်ကြီးကြီးတွေထဲကပဲ နိုင်ငံခြားကနေ သင်္ဘောတွေ ၀ယ်တယ်။ သူတို့နဲ့ပတ်သတ်တဲ့ အသိုင်းအ၀ိုင်းက လူတွေ အဲဒိသင်္ဘောတွေမှာ ပြန်အလုပ်လုပ်ကြမယ်။ အဆင့်လိုက်ပေါ့။ ဒါပေမယ့် တစီးပဲ ရောက်လာတယ်။ နောက်ထပ်အစီးတွေကို ငွေချေ ခွင့်မပေးလို့ဆိုပြီး စင်္ကာပူက မပို့တော့ဘူးတဲ့။ သုံးစီးဝယ်တာလို့ ပြောတယ်။ သူတို့မှာ ဘယ်လောက်တောင် စီးပွားဖြစ်နေကြလဲ မသိဘူး။ နိုင်ငံခြားကနေတောင် သင်္ဘောဝယ်နိုင်တယ်။ ဒါက စီးပွားရေးပိတ်ဆို့တာကြောင့် သူတို့ကိုယ်ပိုင်စီးပွားရေးကို ထိတာ။ ဒါပေမယ့် သူတို့မှာက ဒီဟာလုပ်လို့မရလို့ ဘာမှ မဖြစ်ဘူး။ ပုဂ္ဂလိက လုပ်ငန်းတွေကတော့ သူတို့ချုပ်ချယ်မှုအောက်မှာ လုပ်နေရတော့၊ သူတို့ကို အပြင်ကကြပ်ရင် ကျွန်တော်တို့ကို သူတို့က ပြန်ကြပ်မယ်။ကျွန်တော်တို့မှာ ကြပ်စရာ ဘာမှမရှိဘူး …”

ဟု ဆိုသည်။

(ရန်ကုန်ဆိပ်ကမ်းက ပြည်ပပို့ သစ်များ)

စီးပွားရေး နှင့် နိုင်ငံရေး ရှုထောင့် အသီးသီးမှ တုံ့ပြန်ပုံများ

ဤသည်မှာ ပိတ်ဆို့မှုနှင့်ပတ်သက်ပြီး စီးပွားရေးနယ်ပယ်မှာ ကြုံတွေ့နေရသည့် ရလဒ်တခု ဖြစ်သည်။ သာမန်ပြည်သူများ အကြားတွင်တော့ စီးပွားရေးပိတ်ဆို့မှုကို ဘယ်လို မြင်ကြသလဲ။ ဘယ်လိုနားလည် ကြသလဲဆိုသည်ကို မေးမြန်းတီးခေါက်ကြည့်ရာမှာ နိုင်ငံရေးအမြင် ရှိသူ၊ လက်ရှိ စာရေးသားခြင်းဖြင့် အသက်မွေးနေသည့် စာရေးဆရာတဦးက –

“ကျွန်တော့်ကတော့ စီးပွားရေးပိတ်ဆို့တာကို ထောက်ခံတယ်။ ကျွန်တော်က အမေရိကန်ကို ထောက်ခံလို့လည်း မဟုတ်ဘူး။ ကျွန်တော်တို့က ဟိုးငယ်ငယ်ကတည်းက လက်ဝဲ၀ါဒ ယုံကြည်လာတဲ့သူ၊ အမေရိကန်အစိုးရကို ကြိုက်လို့၊ ထောက်ခံလို့လည်း မဟုတ်ဘူး။ တခုပဲ … စီးပွားရေးပိတ်ဆို့မှုကြောင့် ကျွန်တော်တို့ စားဝတ်နေရေးအပေါ် အကျိုးသက်ရောက်မှု ရှိမယ်ဆို ရှိပါစေဦးတော့ အဲဒီဒဏ်ကို ခံပြီးတော့ ပိတ်ဆို့မှုကို ကျွန်တော်ကထောက်ခံတာ။ ဘာကြောင့်လဲဆို ဒီစစ်အစိုးရကို အပြင်ကနေ လုပ်နိုင်တာ ဒါပဲရှိလို့ပဲ။ ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုယ် စတေးပြီး နအဖ စစ်အစိုးရကို ပိတ်ဆို့စေချင်တာပါ …”

ဟု ဆိုသည်။

အသက် ၆၀ ကျော်အရွယ် ရောက်ရှိနေပြီဖြစ်သည့် ဗမာပြည်ကွန်မြူနစ်ပါတီဝင်ဟောင်းတဦးကလည်း သူ့လိုပင် –

“ဒီစစ်အစိုးရကို စီးပွားရေးပိတ်ဆို့တာ သူတို့ ထိသလား၊ ပြည်သူပဲ ထိသလားဆိုတဲ့ ငြင်းခုန်တာတွေ ကြားတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ပိတ်ဆို့တာကို ထောက်ခံတယ်။ ဘာလို့လဲ ဆိုတော့ ဒီလိုပိတ်ဆို့မှု မရှိရင် နအဖက ပြည်သူတွေအပေါ် ဒိထက်ကို ပိုပြီး ဖိနှိပ်ဦးမှာ မို့လို့ပဲ …”

ဟု ဆိုသည်။

သာကေတမြို့နယ်တွင်နေထိုင်ပြီး ကိုယ်ပိုင်ဘက်ထရီပြုပြင်သည့်လုပ်ငန်းလုပ်ကိုင်သူ ဘွဲ့ရ လူငယ်တဦးကလည်း စီးပွားရေးပိတ်ဆို့မှုကြောင့် လူထုမှာပါ ထိခိုက်မှုရှိသည် ဆိုဦးတော့ သူ့တဦးချင်းအနေဖြင့်မူ ပိတ်ဆို့မှုကို ထောက်ခံသည်ဟု ပြောသည်။ အဘယ်ကြောင့်ဆိုသော် စစ်အစိုးရကို ပြောင်းလဲလာအောင်လုပ်မည့် နည်းလမ်းတွေအနက်က တခုအဖြစ် သူ ယူဆသောကြောင့်ဟု ပြောသည်။

ပြင်ပစီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် ရင်ဆိုင်ကြုံတွေ့နေရသည့်စိန်ခေါ်မှုများ၊ အဆင်မပြေမှုများဟု ဆိုလျင် စီးပွားရေးပိတ်ဆို့မှုကြောင့် ဖြစ်ပေါ်လာသည့်အကျိုးဆက်တွေထက် စစ်အစိုးရ၏ လာဘ်စားသည့် အုပ်ချုပ်ရေးစနစ်၊ တသမတ်တည်းမရှိဘဲ မကြာခဏပြောင်းလဲသည့် စီးပွားရေးဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်၊ ဆွေမျိုးကောင်းစားရေး ဖေါ်ဆောင်သည့်စနစ်များကြောင့် ကြုံတွေ့ရသည့် အခက်အခဲ များက သိသာစွာ ပိုလိမ့်မည်ဟု စီးပွားရေးလေ့လာသူများက ဆိုပါသည်။

စီးပွားရေး ပိတ်ဆို့မှု မရှိရင် ဘာဖြစ်မလဲ ..

စီးပွားရေးပိတ်ဆို့မှုကို ဖွင့်ပေးလိုက်လျင် မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေ ပိုကောင်းလာမည်လား။ စီးပွားရေးပိတ်ဆို့မှုသည် နိုင်ငံစီးပွားရေးကျဆင်းမှုအတွက် အဓိကအကြောင်းရင်းလား ဆိုသည့်မေးခွန်းများအပေါ် စီးပွားရေးရှုထောင့်နှင့် နိုင်ငံရေးရှုထောင့်တို့မှ အမြင်အသီးသီး ရှိနိုင်ပါသည်။

အမေရိကန်က စီးပွားရေးပိတ်ဆို့ထားသဖြင့် မြန်မာနိုင်ငံထွက် လယ်ယာထွက်ကုန်၊ ကျွန်းသစ်၊ သဘာဝဓါတ်ငွေ့၊ ရေထွက်ပစ္စည်းတို့ကို ပြည်ပ မတင်ပို့နိုင်တော့ပြီလား။ တင်ပို့နိုင်ပါသည်။ ဆိပ်ကမ်းမှ သဘောင်္ာကြီးများဖြင့်ရော နယ်စပ်မှ ကားများဖြင့်ပါ ၀ယ်အားရှိသလောက် တင်ပို့နေသည်ကို အားလုံး သိရှိကြပြီး ဖြစ်ပါသည်။ အမေရိကန်က မ၀ယ်လျင်၊ ဥရောပက မ၀ယ်လျင် တရုတ်ဈေးကွက်၊ အိန္ဒိယဈေးကွက် ကို လှည့်ရောင်း၊ အမေရိကန်ကို အထည်ချုပ်ပစ္စည်း တင်ပို့ခွင့်မရလျင် ဂျပန်သို့၊ ဥရောပသို့ တင်ပို့နေကြသည် ကို သိရှိပြီး ဖြစ်ပါသည်။

အဘယ်ကြောင့်ဆိုသော် စီးပွားရေးပိတ်ဆို့မှုတွင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများ မပါဝင်သောကြောင့် အဆိုပါနိုင်ငံတို့နှင့် ကုန်သွယ်ရောင်းဝယ်နိုင်သော်ကြောင့် ဖြစ်သည်။ တခုတော့ရှိသည်၊ ၂၀၀၃ ခုနှစ် နောက်ပိုင်း မြန်မာကုမ္ပဏီများကို နိုင်ငံခြား ဘဏ်များက အမေရိကန်ဒေါ်လာနှင့် ငွေပေးငွေယူကိစ္စများတွင် မဆောင်ရွက်ပေးကြသဖြင့် တဖြည်းဖြည်းလုပ်ကိုင်ရ ကြပ်လာ၊ အဆင့်တွေ ပိုလာသည်ကို တွေ့ရသည်။

အကယ်၍သာ အမေရိကန်က စီးပွားရေးပိတ်ဆို့မှုကို ရပ်ဆိုင်းပေးလိုက်လျင် စစ်အစိုးရအတွက် နိုင်ငံရေးအရ ကြွားဝါစရာတခု ဖြစ်လာမည်။

အမေရိကန်နိုင်ငံနှင့် မြန်မာနိုင်ငံကုန်သွယ်မှုက သိသာများပြားသည့်ပမာဏဖြစ်လာမည့် အလားအလာ မမြင်တွေ့ရသေးပေ။ အမေရိကန်နှင့် မြန်မာနိုင်ငံ ကုန်သွယ်မှုပမာဏမှာ ကုန်သွယ်ခဲ့သည့် နောက်ဆုံးနှစ်များစာရင်းအရ ဒေါ်လာသန်း ရာဂဏန်း မျှသာရှိခဲ့သည်။ မြန်မာနိုင်ငံ၏လက်ရှိ အဓိကထွက်ကုန်မှာ သဘာဝဓါတ်ငွေ့ ဖြစ်နေသည်။ သဘာဝဓါတ်ငွေ့မှာလည်း ၀ယ်ယူလိုသည့် အိမ်နီးချင်းနိုင်ငံ တဦးထက် မနည်း ရှိသဖြင့် ၀ယ်သူ မရှိမှာ မပူရ။

မြန်မာနိုင်ငံသားအများစုအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ထွက်လာဖို့ထက်ကို စစ်အစိုးရနှင့် နီးစပ်သူ အကျိုးတူကုမ္ပဏီကြီးများသာ ပေါ်ထွက်လာသည့်အခွင့်အရေးကို အမြန်ဆုံးရယူဖို့ ကြိုးစားကြလိမ့်မည်ဟု မျှော်လင့်ရသည်။ သာမန် အလတ်စားနှင့် အသေးစားလုပ်ငန်းရှင်များမှာ ထိုကုမ္ပဏီများနောက်တွင်မှ လုပ်ကိုင်ခွင့်ရမည် ဖြစ်သည်။ မြန်မာနိုင်ငံမှလုပ်ငန်းရှင်များအားလုံးအတွက် အစစ်အမှန်အခွင့်အလမ်းကတော့ နအဖ၏ ဆွေမျိုးကောင်းစားရေးမူ၊ စီးပွားရေးဥပဒေ လုပ်ထုံးလုပ်နည်းများ တသမတ်တည်းရှိဖို့က ပိုအရေကြီးသည်ဟု လေ့လာသူအချို့က ထောက်ပြပြောဆိုသည်။

စီးပွားရေးပိတ်ဆို့မှုသည် စီးပွားရေးအကြောင်းအချက်သက်သက်ထက် စစ်အစိုးရကို ကမ္ဘာ့အလယ်တွင် နိုင်ငံရေးအရ ထိုးနှက်ချက်တခုလည်း ဖြစ်နေသည်မှာ အမှန်ပင်။

ပြည်တွင်းမှ လူငယ်အင်ဂျင်နီယာတဦးကတော့

“စီးပွားရေးပိတ်ဆို့တာကတော့ အကုန်လုံးထိတာပဲ။ အစိုးရကော ပြည်သူတွေရောပဲ။ ဒီလိုပိတ်ဆို့ထားတာ ကောင်းလည်းကောင်းတယ်၊ မကောင်းလည်း မကောင်းဘူး။ သူတို့ကို အမေရိကန်ကပိတ်ထားတော့သူတို့က အပြင်ထွက်မရတဲ့အတူတူ အထဲမှာ ပတ်မွှေတော့တာပေါ့။ အခုပြည်တွင်းက စီးပွားရေးလုပ်ငန်းကြီးကြီးတွေလုပ်နေတဲ့ သူတွေအားလုံးဟာ ဒီစစ်အစိုးရခေတ်မှာ နေ့ချင်းညချင်းကြီးထွားလာတဲ့ သူတွေပဲ။ အဲပိတ်ထားတာ မကောင်းလို့ ဖွင့်ပေးလိုက်မယ် ဆိုရင်ကော … အခုလက်ရှိ ကြီးထွားနေတဲ့ကောင်တွေပဲ ပိုပြီးကြီးသွားမှာ။ သူတို့မှာက အရင်းအနှီးတွေရော လုပ်ငန်းတွေရော လက်ရှိ ရှိနေတော့၊ ဟိုက ဖွင့်လိုက်ြပီဆိုတာနဲ့ သူတို့ကပဲ ခြေလှမ်းကျဲကျဲနဲ့ ရှေ့က ပြေးမှာ။ ပိတ်ထားတဲ့အချိန်မှာ ပြည်တွင်းမှာ ရှိရှိသမျှလုပ်ငန်းတွေ သယံဇာတတွေအကုန်လုံး သူတို့လက်ထဲရောက် အောင် လုပ်ထားပြီးပြီ။ ရိုးရိုးကုန်သည်တွေ စီးပွားရေးလုပ်ငန်းရှင်တွေပဲ ကျန်ခဲ့မှာ။ အဲဒါကြောင့်ပြောတာ ဘယ်လို ပြောရမှန်းကို မသိအောင်ပါပဲ”

ဟု ဆိုသည်။

(ဓာတ်ပုံ – သန်းစိုးလှိုင်၊ မိုးမခ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts