>Biography of Mann Win Maung – 10

>

မန်းဝင်းမောင် အတ္ထုပတ္တိ အပိုင်း (၁ဝ)
မှတ်စုမှတ်တမ်း
ဖေဖေါ်ဝါရီ ၂၇၊ ၂ဝဝ၉


ဆွဲတဲ့နေရာမှာလည်း တသမတ်တည်းမဟုတ် ဆွဲလိုက်၊ ရပ်လိုက် လုပ်တော့ ခံရတဲ့လူဟာ တအော်တည်းအော်နေရပြီး ညနေကြမှ အသံပျောက်သွားပါတယ်လို့ ထပ်မံ သိရှိရတယ်။ ရွာထဲရှိအိမ်တချို့မှာလည်း သေနတ်ဒဏ်ကြောင့် ပေါက်ပြဲနေတာ တွေ့ရသလို ရွာနည်းစပ်သစ်ပင် တွေမှာလည်း ကျိုးပဲ့နေတာ တွေ့ရပါတယ်။

ဟင်္သာရွာကို ပါပါတို့ရောက်တဲ့နေ့ဟာ ကချင်အမျိုးသား နဲ့ ချိန်းဆိုထားတဲ့နေ့ဖြစ်ပါတယ်။ ညမိုးချုပ်သော်လည်း ပေါ်လာသည်ကို မတွေ့ရပါ။ နောက်တနေ့ ထပ်မံ စောင့်ပါတယ်။ သို့သော် အရိပ်အရောင်မျှ မတွေ့။

နိုဝင်ဘာလ (၁ဝ) ရက်သို့မဟုတ် (၁၁) ရက်မှာ ဟင်္သာရွာသို့ သူအရောက်လာမယ့်အကြောင်း မြတောင် တောရမှာ ဦးစောအောင်ခင်လှ ရှေ့မှာ ပါပါကို သူ ပြောတယ်။ သူလာနိုင်အောင်လည်း သူ့ကို ရွှေဒဂါးတပြား ပေးထားတယ်။ ချိန်းဆိုထားတဲ့ ရက်ကုန်ဆုံးသွားသော်လည်း ပေါ်လာနိုးနဲ့ ပါပါတို့ နောက်ထပ်တရက် စောင့်ရန် ဆုံးဖြတ်တယ်။

ဟင်္သာရွာမှာ ကချင်အမျိုးသားကို စောင့်စောင့်မျှော်ရင်း ပါပါတို့နဲ့ ပါလာတဲ့ ပိုးဖျင် အဝါရောင်မြေပုံကို ထပ်မံလေ့လာကြတယ်။ တကောင်းမှာ ရှိစဉ် လေ့လာပြီးသား ဖြစ်တဲ့အတွက် ထပ်မံလေ့လာခြင်း ဖြစ်တယ်။ လမ်းပြ အဖြစ် ကချင်အမျိုးသား လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ ပါပါတို့ ရွှေဂူဘက်သို့ ဦးတည်ပြီး သွားရန် ဆုံးဖြတ်ကြတယ်။ ၎င်းမှ တဆင့် မြစ်ကြီးနားကို သွားရန် ဖြစ်တယ်။ မသွားဘူး မလာဘူးတဲ့ နေရာဖြစ်သော်လည်း ပိုးဖျင်အဝါရောင်မြေပုံဟာ ပါပါတို့အတွက် လမ်းပြသဖွယ် ဖြစ်နေပါတယ်။

နောက်ထပ်တရက်ပိုစောင့်သော်လည်း၊ ကချင်အမျိုးသားဟာ ပေါ်မလာပါ။ (ပါပါ ဝန်ကြီးအဖြစ် ကချင်ပြည်နယ် ရောက်စဉ် ဟင်္သာမှာ ပါပါတို့နဲ့ ချိန်းဆိုထားတဲ့ ကချင်အမျိုးသားကို ပြန်လည် တွေ့ဆုံပါတယ်။ ပါပါသူ့ကို တွေ့တဲ့အချိန်မှာ သူ့ရဲ့အဖွဲ့မှာ အမှုထမ်း နေပါတယ်။ ဟင်္သာရွာသို့ သူမလာနိုင်တဲ့အကြောင်းက သူ့ဇနီးမျက်နှာ မြင်နေသောကြောင့် ဖြစ်တယ်လို့ သူပြောပြပါတယ်။

ပါပါတို့လည်း မူလ အစီအစဉ်အတိုင်း ဦးစံဒွန်းနှင့် ဒေါ်စကာ တို့ကို နှုတ်ဆက်ပြီး ဟင်္သာရွာမှ ထွက်ခွာသွားပါတယ်။ (ပါပါ ဝန်ကြီးအဖြစ် ကသာကို နယ်လှည့်ထွက်ရာ ဦးစံဒွန်းနှင့် ဒေါ်စကာတို့ အကြောင်းကို စုံစမ်းမေးမြန်းတယ်။ ဦးစံဒွန်းတော့ သေဆုံးသွားပြီး သိရှိရတယ်။ ဒေါ်စကာကို ရန်ကုန် အလည်လိုက်ဘို့ ပါပါ ခေါ်လာပါတယ်။ ပါပါ သမ္မတဖြစ်တော့လည်း ဒေါ်စကာကို အလည် ခေါ်ပါသေးတယ်) ဟင်္သာရွာမှ ပါပါတို့ လှေဘိုရွာကို သွားကြပါတယ်။ ၎င်းမှတဆင့် ရွှေလီမြစ်ကမ်းမှာ ရှိတဲ့ အင်းရွာသို့ ရောက်ရှိသွားပါတယ်။ အင်းရွာသူကြီးအိမ်မှာ တည်းခိုပါတယ်။

သူကြီးအိမ်ဟာ သစ်သားနှစ်ထပ် အိမ်ကြီးဖြစ်ပါတယ်။ အိမ်ကြီး ဖြစ်သော်လည်း စစ်ပြေးများ လာရောက်ခိုလှုံ နေပါသဖြင့် တအိမ်လုံး လူပြည့်နေပါတယ်။ ရောက်စမှာ သူကြီး အိမ်အလှူများ ရှိနေသလားလို့ ထင်ရပါတယ်။ လူပင်များသော်လည်း ပါပါတို့ကို ဧည့်ဝတ်ကျေပွန်စွာ ဧည့်ခံ ကျွေးမွေးပါတယ်။

ရွှေလီမြစ်သည် တရုတ်ပြည်တွင် မြစ်ဖျားခံ၍ မြန်မာပြည်တွင်းသို့ နယ်စပ်ရွာ စီနူးမှ ဖြတ်၍ မကိန်းတောင် ကုန်းရွာအတိုင်း စီးဆင်းသောမြစ် ဖြစ်သည်။ ၎င်းရွာတွင် ဧရာဝတီမြစ်နှင့် ဆုံသည်။ ၎င်းရွာမှ ရွှေချောင်း (ရွှေလီမြစ်လက်တက်ချောင်း) အရောက် ဆန်တက်ခဲ့ရသည်။ အစုံခရီးမဟုတ်ပါ။

နောက်တနေ့ အင်းရွာမှ မိုးမိတ်နယ် ပြချောင်းရွာသို့ မြေပုံအရ ပါပါတို့ ရေးဆွဲထားသော ခရီးစဉ်အတိုင်း ဆက်လက် ခရီးထွက်ခွာပါတယ်။ ပြချောင်းသို့ ရွှေလီမြစ်အတိုင်း လှေဖြင့် စုန်ဆင်း ရမယ်ဖြစ်တဲ့အတွက် ညနေကြမှ ခရီးစတင် ထွက်ပါတယ်။ အင်းရွာမှ ထွက်ခွာပြီး မကြာမီ ကျောက်တောင်နှစ်ခုကြားသို့ အရောက်မှာ ညနေ ဆည်းဆာချိန် ဖြစ်သည့်အားလျော်စွာ လေကလေး တဖြူးဖြူး တိုက်ခတ်လာသဖြင့် အလွန်မှ ချမ်းစိမ့်လာပါတယ်။ တောင်ကမ်းပါးမှာလည်း စံပယ်ကုံးများ ဆွဲထားသည့်အလား ရေတံခွန်များ ဖွေးခနဲ ဖြာဆင်းလာပြီး သစ်ပင်ပေါ်ရှိ မျောက်များမှာ တပင်မှ တပင်သို့ ကူးလူး သွားလာ နေကြပါတယ်။ လှေသမားလည်း လှေခပ်မှန်မှန် လှော်ရင်း ည (၁ဝ) နာရီ အချိန်ခန့်မှာ ပြချောင်းရွာသို့ ချောမောစွာ ရောက် ရှိသွားပါတယ်။

ပြချောင်းရွာရောက်ပြီး နောက်တနေ့ မန်းကလေးရွာသို့ ဆက်လက် ခရီးထွက်ရန် ဖြစ်သော်လဲ အခြေအနေ လေ့လာရန် အတွက် ပြချောင်းရွာမှာပဲ နေပါတယ်။ ပါပါတို့ပြချောင်းရွာ ရောက်ရှိတဲ့အချိန်မှာ ရှေ့တန်း စစ်မြေမျက်နှာပြင် ဖြစ်နေကြောင်း သိရှိရပါတယ်။

ရှေ့တန်း စစ်မြေမျက်နှာပြင်မှာ အဖော်က သုံးယောက်တည်း၊ ဘီဒီအေ ယူနီဖောင်း ကားကား ဝတ်ပြီး ဘာများ လာလုပ်သလဲ အကြည့်မျိုးနဲ့ သူကြီးက ပါပါတို့ကို ကြည့်နေပါတယ်။ နောက် ပါပါတို့ ပြချောင်းကနေ ဘယ်ဆက်သွားမလဲလို့ မေးပါတယ်။ ပါပါတို့က မန်းကလေးရွာသို့ ဆက်သွားရန် အစီအစဉ် ရှိကြောင်း ပြောပြရင်း သူကြီး သံသယ ကင်းရှင်းရန် တပ်မတော်အတွက် ရှေ့တန်း စစ်မျက်နှာ အခြေအနေကို သတင်းရယူရန် လာရောက်ခြင်း ဖြစ်ကြောင်း ဆက်လက် ပြောပြပါတယ်။

ပြချောင်းရွာမှာ ပါပါတို့ နှစ်ည အိပ်ပါတယ်။ ပထမညအိပ်ပြီး မိုးလင်းသောအခါ ဗိုလ်မှူးချစ်ကောင်းက ညက အိပ်မက်တဲ့ အကြောင်း ပြောပြပါတယ်။ အနားမှာလဲ လေထီး ဦးအုန်းမောင်က ရှိပါတယ်။ ဗိုလ်မှူးချစ်ကောင်းက သူ့အိပ်မက်အကြောင်း အံ့သြစွာဖြင့် ပြောပါတယ်။

အိပ်မက်ပုံက ဒီလိုပါ။ ပါပါကို ဂျပန်ဖမ်းသွားတယ်။ နောက်လှံစွပ်နဲ့ ထိုးသတ်တယ်။ သုံးခါတိတိ ထိုးတယ်။ ထိုးတိုင်း ထိုးတိုင်း လှံစွပ် ကောက်သွားတယ်။ ဒီအိပ်မက်ကို ကြားရတော့ အောင်မြေနင်းရန် နီးပြီ ဖြစ်ကြောင်း ပါပါ သူတို့ကို ပြန်ပြောတယ်။

ပြချောင်းရွာမှာ နှစ်ရက်နေပြီး ပါပါတို့ ခရီးစဉ်အရ မန်းကလေးရွာသို့ ကုန်းလမ်းအတိုင်း သွားပါတယ်။ မန်းကလေးရွာသို့ ညနေရောက်သောအခါ ရွာဟာ သုသာန်တစပြင်လို ဆိတ်ငြိမ်ပြီး အိမ်တိုင်း လိုလို တံခါး ပိတ်ထားတာကို တွေ့ရတယ်။ အိမ်တအိမ်မှာ လူတယောက်ကို လှမ်းမြင်တော့ သူ့အိမ်ကို သွားရာ ရွာခေါင်းဖြစ်မှန်း သိရပါတယ်။ ရွာခေါင်း ပြောပြချက်အရ သိရှိရသည်မှာ ရွှေဂူမြို့ကို အမေရိကန်နှင့် တရုတ်တပ်များ သိမ်းပိုက်ထားပြီး ဖြစ်ကြောင်း၊ လွန်ခဲ့တဲ့ နှစ်ရက်တုန်းက အမေရိကန် သြဇာခံ ချန်ကေရှိက် တရုတ်တပ်များ၊ မန်းကလေးရွာကိုလာပြီး ညအိပ်သွားကြောင်း၊ ရွာသူရွာသားများ ကြောက်ရွှံ့သည့်အတွက် ရွာမှာ မနေရဲဘဲ တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြောင်း အစရှိသည်တို့ ဖြစ်ပါတယ်။

ရွာခေါင်းအိမ်မှာ ပါပါတို့ စခန်းချပြီး ပါပါတို့ဟာ တပ်မတော်ထောက်လှမ်းရေးမှ ဖြစ်ကြောင်း၊ ရှေ့တန်း စစ်မြေမျက်နှာပြင် အခြေအနေနဲ့ ပတ်သက်၍ လာရောက် စုံစမ်း ထောက်လှမ်းကြောင်း ယခု အမေရိကန်နှင့် တရုတ်တပ်များ ရွှေဂူသို့ ရောက်ရှိနေကြောင်း ကြားသိရ၍၊ ရွှေဂူသို့ သွားရောက် စုံစမ်းလိုကြောင်းကို ရွာခေါင်းအား ပါပါ ပြောပြပါတယ်။ ပါပါ ပြောပြချက်ကို ရွာခေါင်းက ယုံကြည်သဖြင့် သူကိုယ်တိုင် ရွှေဂူသို့ လိုက်ပို့မယ့် အကြောင်း ပြောပါတယ်။ လမ်းခရီးမှာ တောတောင် ထူထပ်ပြီး ဆင်၊ ကျား၊ ကျားသစ်များ တွေ့တတ်ကြောင်းလည်း သူပြောပြပါတယ်။

အစီအစဉ်အရ နောက်တနေ့ ရွှေဂူကို ပါပါနှင့် ရွာခေါင်းသွားပြီး မဟာမိတ်တပ်နှင့် အဆက်အသွယ်ရသောအခါ ဗိုလ်မှူးချစ်ကောင်း နှင့် လေထီး ဦးအုန်းမောင်တို့ကို ပြန်လာခေါ်ရန် ဖြစ်တယ်။ ရွှေဂူကို အရပ်သားအဖြစ် လားဝယ်သွားရန်သဘော ခရီးသွားရန် ဖြစ်တယ်။ နွားဝယ်သွားရန် လက်မှတ်ကို ရွာသူကြီးက ထုတ်ပေးပါတယ်။ အရပ်သားအဖြစ် ဝတ်ဆင်ရန် တပတ်နွမ်း အဝတ်အထည်များကို ရှာဖွေ ဝယ်ယူရပါတယ်။

သားရဲတိရိစ္ဆာန်ထူပြော၍ လျှိုမြောင် ပေါသော တောကြီး ဖြစ်စေကာမူ လူတို့၏ ဇွဲ၊ သတ္တိ၊ လုံ့လဖြင့် အောင်မြင်စွာ ကျော်ဖြတ်နိုင်မည်ဟူသော စိတ်ဓာတ်ဖြင့် နံနက် (၂) နာရီ အချိန်မှာ ပါပါနှင့် ရွာခေါင်းတို့ စတင် ခရီး ထွက်ကြပါတယ်။ လမ်းမှာ စားရန် ကောက်ညှင်းပေါင်း ယူသွားပါတယ်။ ဓားမ တချောင်းလည်း ပါတယ်။ ရွာခေါင်းနည်းတူ ပါပါလည်း ဖိနပ်မစီး ရပါ။ ရွာအလွန်မှာ တောကြီးထဲ ရောက်သွားပါတယ်။ တတောလုံး ဆိတ်ငြိမ်ပြီး နေပြောက်များ မကျရောက်နိုင်သည့် မြိုင်တောမျိုး ဖြစ်တယ်။ လူသွားလမ်းရယ်လို့ အတည်အကျ မရှိပါ။ တချို့နေရာမှာ လှည်းသွားနိုင်လောက်အောင် ကျယ်ဝန်းပြီး တချို့နေရာကျတော့ ကိုင်းပင်များ၊ ကြိမ်ပင်များ ရောယှက်ပေါက်နေသော လမ်းကျဉ်းလေး ဖြစ်ပါတယ်။

လမ်းပေါ်တချို့နေရာများမှာ စီးကရက် အတိုအစ၊ မီးခြစ်ခွံ၊ စစ်ဖိနပ်၊ ခြေရာများ တွေ့ရှိရသဖြင့် မန်းကလေးကို လာရောက်သွားသော တရုတ်စစ်တပ်၏ ခြေရာလက်ရာဖြစ်ကြောင်း သိရှိရပါတယ်။ နေ့လယ်အချိန်မှာ ပါပါတို့နဲ့ သိပ်မဝေးတဲ့လမ်းဘေး တနေရာမှာ ဗုံးခနဲ အသံမြည်ကာ လမ်းပေါ်သို့ ရုတ်တရက် တောတိရစ္ဆာန်သား အမိနှစ်ကောင် ပေါ်လာပါတယ်။ ပါပါတို့လည်း လန့်ဖြတ်ပြီး ကြည့်လိုက်တော့ ဆတ် သားအမိနှစ်ကောင် ဖြစ်နေတာ တွေ့ရလို့ စိတ်အေးသွားပါတယ်။ ပါပါလည်း ဖိနပ် မစီးရလို့ ခြေဖဝါးတွေ ကြိမ်းပြီး နာကျင်စဖြစ်လာတယ်။ မလျှော့သော ဇွဲလုံ့လဖြင့် ခရီးပြင်း ဆက်လက် သွားရာ ရွှေဂူမြို့ပြင်ဘက်မှာ တပ်စွဲထားသော တရုတ်တပ်သို့ ညနေ (၄)နာရီမှာ ရောက်ရှိသွားပါတယ်။

တရုတ်စစ်သား တယောက်က တရုတ်စစ်ဗိုလ်ဆီ ခေါ်ဆောင်သွားပါတယ်။ ဗမာစကား မတတ်တတတ် စကားပြန်နဲ့ ပါပါတို့ကို စစ်ဆေး မေးမြန်းပါတယ်။ ပါပါတို့လည်း လားလာဝယ်တဲ့ အကြောင်းပြောပြီး သူကြီးပေးတဲ့ လက်မှတ်ကို ထုတ်ပြတော့ ပါပါတို့ကို သွားခွင့် ပြုပါတယ်။ စစ်ဗိုလ်ဟာ သဘောကောင်းပါတယ်။ ပါပါ ရေသောက်ချင်တယ် ပြောတော့ သူ့ဓာတ်ဘူး ထဲက လက်ဖက်ရည်ကြမ်းကို ထုတ်ပေးပါတယ်။

ရွှေဂူမြို့ထဲသို့ ပါပါ (၂) နာရီအချိန်မှာ ရောက်သွားပါတယ်။ အုပ်ချုပ်သော အမေရိကန်စစ်ဗိုလ်ထံ သွားရောက်တွေ့ဆုံကာ ပါပါတို့ လာရတဲ့အကြောင်းကို ရှင်းလင်းပြောပြပါတယ်။ အမေရိကန်စစ်ဗိုလ်က ပါပါကို အင်္ဂလိပ်စစ်ဗိုလ်လက်သို့ လွှဲပြောင်း ပေးလိုက်ပါတယ်။ အင်္ဂလိပ်စစ်ဗိုလ်ဟာ ကတ်(စ်)ဘီ ခေါ် မြို့ပြအုပ်ချုပ်ရေး အရာရှိအဖြစ် လိုက်လာသော စစ်ဗိုလ် ဖြစ်တယ်။ ပါပါတို့ လာရတဲ့အကြောင်းရင်း အင်္ဂလိပ်စစ်ဗိုလ်က သိရှိတဲ့အခါ “မင်းတို့ ဂျပန်တော်လှန်ရေးသမားတွေဟာ တို့မဟာမိတ် နိုင်မယ် သိတော့ တို့နဲ့လာပေါင်းတယ်၊ မဟုတ်လား” လို့ ပါပါ့ကို ခနဲ့စကား ပြောပါတယ်။ နောက် ပါပါ နေထိုင် စားသောက်ဘို့ စီစဉ်ပေးတယ်။ ပါပါ့ခြေဖဝါးတွေ ပေါက်ပြီး အနာဖြစ်နေတဲ့အတွက် လိုအပ်သလို ကုသပေးရန် ဆေးမှူးအား တာဝန်ပေးပါတယ်။ ဖန်ရည်ဆေးရန် ခွက်မရှိသဖြင့် စစ်သားဆောင်း သံဦးထုပ်ကိုပဲ အသုံးပြုပါတယ်။ ဆေးထည့်ပြီး ခြေဖဝါးနှစ်ဖက်စလုံးကို ပတ်တီး စီးထားပါတယ်။

ဆောင်းဝင်ပြီး ဖြစ်သဖြင့် ရွှေဂူမြို့ဟာ အလွန်မှ အေးပါတယ်။ မန်းကလေးကို ရွာခေါင်းနဲ့ ပါပါကို တအိမ်ထဲမှာပဲ နေရာပေးပါတယ်။ ပါပါနဲ့အတူ ဗိုလ်မှူးချစ်ကောင်းနှင့် လေထီး ဦးအုန်းမောင်တို့ ပါလာပြီး သူတို့ကို မန်းကလေးရွာမှာ ထားခဲ့ကြောင်း လက်နက်ခဲယမ်း မီးကျောက်များပါ ပါလာကြောင်း အင်္ဂလိပ် စစ်ဗိုလ်အား ပြောသွားပြီး ဖြစ်သဖြင့် သူတို့ကို သွားခေါ်ရန် အင်္ဂလိပ်စစ်ဗိုလ်က အစီအစဉ် လုပ်ပါတယ်။

ကချင်စစ်ဗိုလ်နှင့် စစ်သားလေးယောက်ဟာ မန်းကလေးရွာမှာ ကျန်ရစ်ခဲ့တဲ့ ဗိုလ်မှူးချစ်ကောင်းတို့ကို နောက်တနေ့ သွားရောက် ခေါ်ရန်နှင့် ရွာခေါင်းက လမ်းပြအဖြစ် ပြန်လိုက်သွားရန် ဖြစ်ပါတယ်။ မန်းကလေးသို့ ရွာခေါင်းပဲ ပြန်သွားရမယ် ဖြစ်တော့ ပါပါ ရွှေဂူမှာ အဖမ်းခံတယ်လို့ သူထင်တယ်။ သူ စိတ်မကောင်းကြောင်း ပါပါ့ကို ပြောတယ်။ ပါပါလဲ မသိလိုက်ဘာသာ နေပြီး သူပြောတာကိုပဲ နားထောင်တယ်။

နောက်တနေ့ နံနက်လင်းသောအခါ ရွာခေါင်းဟာ လမ်းပြအဖြစ် ကချင်စစ်ဗိုလ်နောက်သို့ မန်းကလေးကို ပြန်လိုက်သွားရတယ်။ နံနက် (၉) နာရီအချိန်မှာ မြစ်ကြီးနားမှ လေယာဉ်ပျံငယ်ကလေး ရွှေဂူသို့ ရောက်လာပြီး ပါပါ့ကို မြစ်ကြီးနားသို့ ခေါ်ဆောင်သွားပါတယ်။ ပါပါ့အနေနဲ့ ပထမဆုံး လေယာဉ်ပျံ စီးရခြင်းဖြစ်တယ်။ လေယာဉ်ပျံပေါ်မှ အောက်သို့ ငုံ့ကြည့်သောအခါ ရွှေဂူနှင့် မြစ်ကြီးနားကြားမှာ တောအထပ်ထပ် တောင်အထပ်ထပ် တွေ့ရပါတယ်။ အကယ်၍သာ ရွှေဂူမြို့သို့ အမေရိကန်တပ်၊ တရုတ်တပ်တွေ မသိမ်းပိုက်သေးလျှင် ပါပါတို့ ဒီတောဒီတောင်တွေကို ဖြတ်သန်းသွားလာရမှာပဲလို့ တွေးမိရင်း၊ ရင်လေးမိပါတယ်။ ရွှေဂူမှ ထွက်ပြီး တနာရီကြာသောအခါ ပါပါတို့ မြစ်ကြီးနားကို ချောမောစွာ ရောက်ရှိသွားပါတယ်။

(ပါပါကို လေယာဉ်ဖြင့် လာခေါ်သော လေယာဉ်မောင်း အရာရှိကို ပါပါ ဝန်ကြီး ဖြစ်ပြီးနောက် ရန်ကုန်မှာ ပြန်လည် တွေ့ဆုံကြပါသေးတယ်။ ဧည့်ခံပွဲတနေရာမှာ တွေ့ဆုံခြင်း ဖြစ်တယ်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts