>Burmese Weather Man, U Tun Lwin refused news on Cyclone warning

>

စိုက်ဆင်းလေပြင်းသတင်း မိုး/လေ ဦးထွန်းလွင် ငြင်း၊ ဂျာနယ်များ စည်းရှိရန်လိုဟု ပြော

မိုးမခ အထောက်တော် ၀၀၃

ဖေဖော်ဝါရီ ၂၅၊ ၂၀၀၉

ယခုအပတ်ထုတ် နယူးစ်ဝပ်ခ်ျ သတင်းဂျာနယ်အင်တာဗျူးတွင် မိုးလေ၀သဌာနမှ ဦးထွန်းလွင်က စိုက်ဆင်းလေပြင်းကျမည်ဟု မိမိတို့က ထုတ်ပြန်ခဲ့ခြင်း မရှိကြောင်း ငြင်းဆိုလိုက်သည်။ ပြည်သူအများ အထိတ်တလန့်ဖြစ်စေအောင် သတင်းမှား ထုတ်ပြန်သည့် သတင်းဂျာနယ်တိုက်ကို အပြစ်တင်ဝေဖန်လိုက်ပြီး အမှားပြင်ဆင်ပေးရန် တောင်းဆိုထားသည်ဟု ဆိုသည်။



“မြန်မာနိုင်ငံအတွေ့အကြုံအရ ပြောရရင် လူတသိန်းခွဲလောက် ၁ ည တည်းနဲ့ သေစေနိုင်မယ့် ကိစ္စတွေကို ပေါ့ပေါ့ဆဆ လုပ်ကြတာလဲ …” ဟု ဦးထွန်းလွင်က ပြောလိုက်သည်။



၎င်း အင်တာဗျူးဆောင်းပါးအရ ဦးထွန်းလွင်က ဤရာသီတွင် “စိုက်ဆင်းလေပြင်း” ဖြစ် ‘တတ်’ သည်ဟု ပြောခဲ့ပုံရကြောင်း၊ သတိထားသင့်သည်ဟု ထင်မြင်ချက် ပေးခဲ့ပုံ ရကြောင်း၊ ၎င်းပြောဆိုချက်ကို အဆိုပါဂျာနယ်က သတိပေးချက်တခုသဖွယ် ထုတ်ပြန်ခဲ့ပုံရကြောင်း မြို့ခံတဦးက မှတ်ချက်ပေးသည်။ ထိုဂျာနယ်မှာ ဤသတင်းကြောင့် အရောင်းသွက်ခဲ့ပြီး ထိုသတင်းဖြတ်ပိုင်း မိတ္တူစာရွက်တခုကို ကျပ်ငွေ ၂၀၀ ဖြင့် ခရီးသည်များက ၀ယ်ယူဖတ်ရှုခဲ့ကြသည်ဟု ဆိုသည်။



ယခင်က ဖော်ပြခဲ့သော ဂျာနယ်သတင်းကို ခေတ်လူငယ်အင်တာနက် စာမျက်နှာတွင် အောက်ပါအတိုင်း တင်ဆက်ခဲ့သည်ကို တွေ့ရှိနိုင်ပါသည်။



တစ်နာရီ မိုင်တစ်ရာကျော်ရှိ စိုက်ဆင်းလေပြင်း တစ်ခု ယခုလအတွင်း ကျရောက်နိုင်ဟုဆို

14/Feb/2009

တစ်နာရီလျှင် မိုင်တစ်ရာကျော်ထိ တိုက်ခတ်နိုင်သော စိုက်ဆင်းလေပြင်းတစ်ခု ယခု ဖေဖော်ဝါရီလအတွင်းဖြစ်ပေါ်လာနိုင်၍ လေကြောင်း၊ရေကြောင်းမှခရီးသွားမည့်သူများအထူးသတိထားရန်လိုအပ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းလွင်က ပြောကြားသည်။ စိုက်ဆင်းလေပြင်းသည် အများအားဖြင့် မြန်မာနိုင်ငံ၏မြောက်ဘက်စွန်းဒေသများတွင် ဖြစ်ပေါ်နိုင်ကြောင်း၊ အဆိုပါလေပြင်း၏သဘောသဘာဝမှာ အောက်အနိမ့်ပိုင်းနှင့် မြေပြင်အထက်ပေ တစ်ထောင်ခန့်တို့တွင် တစ်နာရီလျှင် မိုင် ၁၅၀မှမိုင် ၂၀၀ အထိမြန်ဆန်တတ်ကြောင်း၊ ယင်းကြောင့် ရေကြောင်းနှင့် လေကြောင်းဖြင့် ခရီးသွားမည့်သူများ အထူးသတိထားသင့်ကြောင်း မြန်မာနိုင်ငံ မြောက်ဘက်စွန်းဒေသ၌ လွန်ခဲ့သည့် နှစ်အတွင်း စိုက်ဆင်းလေပြင်းကျရောက်၍လေယာဉ်ပြေးလမ်းချော်မှုဖြစ်ပွားခဲ့ဖူးကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ထပ်လောင်း ပြောကြားသည်။ ရေကြောင်း ခရီးစဉ်များနှင့် ပတ်သက်၍ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ တာဝန်ရှိသူ ပုဂ္ဂိုလ်တစ်ဦးက စိုက်ဆင်းလေပြင်း ကျရောက်မှုကို ရေကြောင်းခရီးစဉ်များတွင်လည်း ကြုံခဲ့ဖူးကြောင်း လွန်ခဲ့သည့် ၂၅နှစ်ဝန်းကျင်က စိုက်ဆင်းလေပြင်းမိ၍ သင်္ဘောနစ်မြုပ်ခဲ့ဖူးကြောင်း အလားတူ ၂၀၀၈ ခုနှစ်အတွင်း မြစ်ဝကျွန်းပေါ်ခရီးစဉ်တွင်ပြေးဆွဲနေသော ဗန္ဓုလရေယာဉ်သည် စိုက်ဆင်းလေကျရောက်မှုကြောင့် သွပ်ပြားချပ်ရေ၅၀လန်သွားဖူးကြောင်း သို့ဖြစ်၍ စိုက်ဆင်းကျရောက်နိုင်သည့် ယခုကဲ့သို့ရာသီတွင် ရေကြောင်း ခရီးစဉ်များကို အထူးသတိထား၍ ပုံမှန်ပြေးဆွဲသွားမည်ဖြစ်ကြောင်းပြောကြားသည်ဟု ၂၀၀၉ ခုနှစ်ဖေဖော်ဝါရီလ ၁၆ ရက်နေ့ထုတ် The Voice ဂျာနယ်တွင်ဖော်ပြထားပါသည်။

http://www.khitlunge.net/news/news_detail.aspx?info_id=12848


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts