Uncategorized

Ohm Naing – Articles

မြို့နယ်တရားသူကြီးအဖွဲ့ဝင်ရဲ့ အခန်းကဏ္ဍ (၃)
အုန်းနိုင်
ဇူလိုင် ၁၂၊ ၂၀၁၃


အမှန်ကတော့ ကျနော်က တသက်လုံး ကျောင်းဆရာလုပ်လာတာပါ..။ အခု နောက်ဆုံး စတုတ္ထအကြိမ်သက်တမ်း ၁၉၈၅ ကျမှ  မမျှော်လင့်ပဲ ရုတ်တရက်ကြီး တရားရုံးကို တရားသူကြီးအဖွဲ့ ဝင်အဖြစ် အပို့ခံလိုက်ရပါတယ်..။ ရောက်ကာစမှာ လက်ရှိတရားသူကြီး ဥက္ကဌက အရင် ကောင်စီသက်တမ်းကတည်းက တရားသူကြီးဖြစ်ခဲ့သူမို့ တရားရုံးရောက်ရင် စာဖတ်မှဖြစ်မယ်နော်..လို့တောင် အပြောခံခဲ့ရတယ်။
မလုပ်ချင်ဆုံး အလုပ်ပါ..။ တရားစွဲဆိုခံရသူတွေကို အချုပ်နဲ့တမျိုး..။ အချုပ်လွတ်တမျိုး..။ နေ့စဉ်ဆက်ဆံပြီး..ပြစ်ဒဏ်ပေးသင့်သူပေး..။ ထောင်ချသင့်သူ..ထောင်ချ..။ လွှတ်ပေးသင့်သူ ..လွှတ်ပေး..လုပ်ရတဲ့အလုပ်ပါ..။ ဒါပေမယ့် တကယ်လုပ်ရတော့မယ်ဆိုတော့လဲ  ထဲထဲ ၀င်ဝင် လေ့လာရတော့တာပေါ့..။
“အပြစ်ရှိတဲ့သူ  ဆယ်ယောက်လွတ်ချင် လွတ်သွားပါစေ..။ အပြစ်မဲ့သူတယောက်ကို မှားယွင်းအပြစ်မပေးမိပါစေနဲ့.” ဆိုတဲ့ဆောင်ပုဒ်ကို တော့ အထူးကြိုက်သွားပါတယ်။“ဥပဒေအရသာ စီရင်ပါ..။ ဥပဒေအထက်မှာ  ဘာမှမရှိ” ဆိုတဲ့ဥပဒေသကလဲ  မှတ်သားစရာပေပဲ ..။ ဒီနှစ် ခုကို မြဲမြဲစွဲစွဲမှတ်ပြီးလုပ်မယ်ဆိုတော့  ဥပဒေကို လေ့လာရမှာပေါ့.။ ဥပဒေဆိုတာကလည်း ရာဇသတ်ကြီးဆိုတာတခုထဲမှ  မဟုတ်တာ..။ သက်သေခံ  ဥပဒေကလည်း ရှိ…။ ရာဇ၀တ်ကျင့်ထုံး ဥပဒေကလည်းရှိ..။ စာတလုံးချင်း တပိုဒ်ချင်းမှာကို စွဲဆိုခံရသူတွေကို လွှတ်ပေးနိုင်တဲ့  အချက်တွေပါနေတာမို့ အသေးစိတ်ပဲဖတ်တယ်..။
ရဲက..  စွဲတင်လိုက်ရင် အပြစ်ရှိလို့ပေါ့..ဆိုတဲ့အယူအဆကိုတော့ လုံးဝပယ်လိုက်ပါတယ်။ သက်သေခံပစ္စည်းဆိုတိုင်း တကယ်သက်သေခံ မှန်သလား..။ရာဇ၀တ်ကျင့်ထုံးနဲ့အညီ သိမ်းဆည်းရမိတဲ့ပစ္စည်းလား..။ သက်သေခံဥပဒေအရ  တကယ်သက်သေခံဝင်ရဲ့လား..။ ဒါတွေကို အဖတ်နာနာ ဖတ်ရပါတယ်..။ စာဖတ်တယ်ဆိုတာကလည်း  စာအုပ်ရှေ့ချပြီးဖတ်နေတိုင်း ခေါင်းထဲဝင်တာ မဟုတ်ပါ..။ စာဖတ်နာနာဖတ် နိုင်ဖို့ လိုပါတယ်..။
အဲဒီလိုနဲ့ တရားသူကြီးအဖွဲ့အတွင်း  အခြေအတင် လေးငါးခါလောက်ဖြစ်..။ တခြားအာဏာပိုင်အဖွဲ့အစည်းတွေနဲ့ ဥပဒေပိုင်းဆိုင်ရာ အငြင်း အခုန်လေးတွေဖြစ်..။ ပါတီကိုတင်ပြတဲ့အခါမှာလည်း..ဥပဒေကြောင်းနဲ့ ပြေပြေလည်လည် ထဲထဲဝင်ဝင် တင်ပြလာနိုင်တဲ့အတွက် နှစ်နှစ် ကျော်လောက်လုပ်သက်အတွင်းမှာ တရားရေးနဲ့ပတ်သက်ရင် တရားသူကြီးဥက္ကဌကိုယ်တိုင် ဘေးထွက်ရှောင်ပေးလာပါတယ်..။ တကယ် တော့ ကိုယ်တယောက်တည်း တော်လွန်းလှလို့မဟုတ်ပါ..။ ရှေ့ နေတွေကလည်း တပည့်တွေများတော့ သူတို့ကို မေးမြန်း ဆွေးနွေး..။ ဥပ ဒေ၀န်ထမ်းတွေနဲ့လည်း ဆွေးနွေးမှတ်သား..။ အထူးသဖြင့်တော့ စီရင်ထုံးတွေ အကုန်ရှာဖတ်ရပါတယ်..။ တပည့် ဘီလစ်စာရေးကြီးက  ဆရာကြီးရေ တရားရုံးလက်စွဲတွေလည်း အလွတ်မပေးနဲ့လို့ အကြံပေးပါတယ်.။ ရုံးတွင်းညွှန်ကြားချက် (Circular) လည်း မလွတ်စေနဲ့ဆိုတဲ့ ရုံးအုပ်စာရေးကြီးရဲ့စကားကအစ..။ ရုံးအဆက်ဆက်အမှုထမ်းခဲ့တဲ့ရှေ့ ဖတ်စာရေးလေးတွေရဲ့ အကြံပေးချက်တွေကိုပါ သတိရှိရှိ  နားထောင် ခဲ့တဲ့ အကျိုးကျေးဇူးတွေပါ..။
အခုလည်း  ဆရာကြီးပဲရှာပါဦးဆိုတော့ ဘယ်မှာအဆင်သင့်ရှိပါ့မလဲ…။ ရှာရတာပေါ့။ ဖတ်ရတာပေါ့..။ ဥပဒေနဲ့ဆန့်ကျင်တဲ့ လူစုလူဝေး  ဆိုတာ…ဘာလဲ..။ အဲဒီလူစုလူဝေးမှာပါရင်…ဘယ်လိုလဲ..။ ရိုးရိုးပါဝင်တာလား..။ လက်နက်ကိုင်ပြီး ပါဝင်တာလား..။ ဆိုတဲ့အချက်တွေပါ  သိလာရပါတယ်..။  ဥပဒေအချက်အလက်တွေ အကျယ်ရှင်းမနေတော့ပါ…။ သူတို့သိချင်တဲ့အချက်အလက်တွေကိုပဲ  လူပြိန်းနားလည် အောင်  ရှင်းပြလိုက်ပါတယ်..။ တကယ်တော့ ဟန်တွေပန်တွေနဲ့သာလုပ်နေကြတာ..လူပြိန်းတွေပဲမဟုတ်ပါလား..။
ဥပဒေနဲ့ဆန့်ကျင်တဲ့လူစုလူဝေးကို ပျက်သွားအောင် ပုဒ်မ (၁၄၄) ထုတ်နိုင်ပါတယ်..။ ပုဒ်မ (၁၄၄) ဆိုတာ လူငါးယောက်ထက် ပိုမစု ရဘူး..။ ပုဒ်မ (၁၄၄) ကို  ကောင်စီအဆင့်ဆင့် လုပ်ပိုင်ခွင့်ဥပဒေအရ မြို့ နယ်ပြည်သူ့ကောင်စီအမှုဆောင်က  စည်းဝေးဆုံးဖြတ်ပြီး  ဥက္ကဌ က လက်မှတ်ထိုး ထုတ်ပြန်ရမယ်။ နယ်မြေအကန့်အသတ် ပါဝင်ရမယ်..။ ကောင်စီဥက္ကဌက ပုဒ်မ (၁၄၄) ထုတ်ထားတဲ့နယ်မြေအတွင်းမှာ   ကျူးလွန်ဖောက်ဖျက်တာတွေတွေ့ ရင် ဖမ်းဆီးတရားစွဲဆိုရမယ်..။ တခါတည်းတန်းပြီး သေနတ်နဲ့ပစ်ရတာမဟုတ်ဘူး..။
တရားရုံးက  ဥပဒေနဲ့အညီ  စစ်ဆေးပြီးကျူးလွန်ကြောင်းတွေ့ရင် လက်နက်မပါတဲ့သူကို ထောင်ဒဏ် (၆) လအထိ။ လက်နက်ကိုင်ဆောင်  ထားရင် ထောင်ဒဏ် (၂) နှစ်အထိ..အပြစ်ပေးနိုင်တယ်..။ ငွေဒဏ်လည်း ချမှတ်နိုင်တယ်..။
ဥပဒေနဲ့ဆန့်ကျင်တဲ့လူစုလူဝေးဟာ အလွန်ကြီးလာလို့ ရုန်းရင်းဆန်ခတ်ဖြစ်လာပြီး သေနတ်ပစ်ခတ်လူစုခွဲရမယ်ဆိုရင်တော့ သေနတ်နဲ့ ပစ်ခတ်နိုင်ခွင့်အမိန့်ကို တိုင်းကောင်စီ ဥက္ကဌထံတင်ပြပြီး မြို့ နယ်ကောင်စီဥက္ကဌက  အမိန့်ပေးနိုင်တယ်..။
ဒီလိုလဲဆိုရော..မြို့နယ်ကောင်စီဥက္ကဌ  ဗိုလ်မှူးက သူ့အပေါ်မှာချည်းပုံကျလာပြီဆိုပြီး ကျနော်နဲ့က အတန်းတူ ကျောင်းနေဖက်  ဖြစ်တာ ကြောင့် “ဟေ့လူ..ဟုတ်မှလည်း လုပ်ပါ..။ ကျနော့်အပေါ်ချည်းကျနေပြီ” လို့ ဆိုပါတယ်..။ ဒီတော့မှ  ပြည်သူ့ကောင်စီ အဆင့်ဆင့်ကျင့်ထုံး ကတော့ သူ့ဖာသူ ရှာဖတ်ပေါ့..။သူက  ကောင်စီဥက္ကဌပဲ..။ နောက်ဆုံးအချက်ကိုတော့   မြို့ နယ်တခုနဲ့ပတ်သက်ပြီး ရဲကိုညွှန်ကြားထားတဲ့ ဆာကျူလာ မိတ္တူကိုစာနံပါတ်နဲ့ နေ့စွဲနဲ့ပြလိုက်တော့မှ..မြို့ နယ်ကောင်စီဥက္ကဌက“အင်း…ဒါဖြင့် ဟိုနေ့ညက သေနတ်နဲ့ပစ်တာ ဘယ်တရား ၀င်မလဲ..။ ထုချေလွှာတောင်  တောင်းရမလိုဖြစ်နေပြီ..” လို့  ငြီးငြီးတွားတွားပြောပါတယ်..။ ဟုတ်တယ်လေ..။ ဗိုလ်အောင်ဒင် သေနတ်ပစ် တဲ့ ညကလူအုပ်ထဲမှာ သူမှရှိမနေပဲဘဲ..။

(ဘယ်သူမျှ  ပိုင်ပိုင်နိုင်နိုင် ခိုင်ခိုင်မာမာ မရှိကြ…..ကို ဆက်ပါမယ်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts