>stamp for the 100th anniversary of U Thant ( part 2

>

ဦးသန့် ရာပြည့် (တံဆိပ်ခေါင်းများ)
ဦးအုန်းကျော်

ဖေဖော်ဝါရီ ၁၄၊ ၂၀၀၉


“ဒို့ ဗမာနိုင်ငံသား – ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့် အတွက် နှစ်တရာပြည့် အထိမ်းအမှတ် ထုတ်တဲ့ တံဆိပ်ခေါင်းတွေ၊ ငါ့တူကို ပြရမယ်ကွ။

“အဲဒါတွေ ကြည့်ချင်လွန်းလို့ ဘယ်သူငယ်ချင်းဆီမှ မဝင်ဘဲ၊ လက်ဖက်ရည်ဆိုင်တောင် ဝင်မထိုင်ဘဲ ဦးလေးဆီ တန်းလာခဲ့တာပဲ ဦးလေးရာ။ တံဆိပ်ခေါင်းတွေ ထုတ်မယ် ဆိုတာကတော့ – အင်တာနက် ဝက်ဆိုက်တွေက တဆင့် ကျနော်တို့တတွေ သိပြီးပါပြီ။ ဦးသန့်ရဲ့ အကြောင်း အကျဉ်းချုပ်ကိုလည်း သိကြပါပြီ။

“အေး အေး ကောင်းတယ်။ မင်းကို ဦးလေးက – မိုးလင်းကတည်းက မျှော်နေတာ။ မင်းသူငယ်ချင်းတွေတောင် ပါမယ် ထင်နေတာ။ ဟောဒီမှာ – တံဆိပ်ခေါင်းတွေ အဆင်သင့်ပဲ။ ပထမဆုံး (၃) မျိုးကို အရင် ပြရမယ်။


“ကုလသမဂ္ဂရုံးချုပ်တွေ ရှိကြတဲ့ အမေရိက – နယူးယော့၊ ဆွစ်ဇာလန်က ဂျနီဗာ နဲ့ သြစတြီးယားက ဗီယင်နာ မြို့ကြီး ၃ မြို့ကနေ ဖေဖော်ဝါရီ ၆ ရက်နေ့က ထုတ်ဝေခဲ့တာပဲ။ ဦးသန့်ရဲ့ မွေးနေ့က ၁၉ဝ၉ခု ဇန်နဝါရီ ၂၂ (သောကြာနေ့) ပန်းတနော် ဇာတိ။”

“ဟုတ်ကဲ့ ဦးလေး၊ ဒီအလုံး ၂ဝ ပါတဲ့ Full Sheet မှာ ရေးထားတာတွေ ကျနော်ဖတ်လို့ရတယ်။ “Born in Pantanaw, Burma on January 22, 1909” တဲ့။ ၁၉၆၁ ကနေ ၁၉၇၁ အထိ (၅နှစ်သက်တမ်း ၂ခါ) စုစုပေါင်း ၁ဝနှစ် ရွေးချယ်ခံရတယ် လို့ ရေးထားတယ်၊ နောက်ပြီး ဦးသန့်ရဲ့ မိန့်ခွန်းကောက် နှုတ်ချက်တခုကိုလည်း – ဖေါ်ပြထားတာ မဟုတ်လာ; ဦးရဲ့။ ကြိုးစာပြီး ဖတ်လိုက်ပါဦးမယ်၊ ဘာတွေ ရေးထားသလဲ ဆိုတာ”

“အေးကွ၊ ဟုတ်တယ်၊ ကမ္ဘာ့ ပညာရေး၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ပေါ့ကွာ။ အတိုချုပ်ပြီး- ဗမာလို ပြန်ပြရရင်တော့

“ကိုယ်ကျင့်တရား ပြည့်စုံပြီး ဘဝအမြင်၊ လောက အမြင် မှန်ကန် တည့်မတ်တဲ့ ပညာတတ် လူချွန်လူကောင်းတွေ မွေးထုတ်ဖို့ လိုတယ်။ ကိုယ့်လူသား အချင်းချင်း ငြိမ်းငြိမ်း ချမ်းချမ်း အတူ ယှဉ်တွဲ နေထိုင်ရုံမက ကိုယ်မှီတင်းနေထိုင်တဲ့ ဒီကမ္ဘာကြီးကိုလည်း – သာယာဝပြော တိုးတက်အောင် ဆောင်ရွက်လိုတဲ့၊ တာဝန်သိတဲ့ လူသား တယောက်လည်း ဖြစ်ဖို့လိုတယ်”- တဲ့။ သူ့ရဲ့ မိန့်ခွန်းတခုထဲက ကောက်နှုတ်ချက်နဲ့ တူပါတယ်ကွာ။”

“ဘယ်တုန်းက၊ ဘယ်မှာ ပြောခဲ့တာတဲ့လဲ- ဦးလေး”

“အဲဒါတော့ – ဒီမှာ ရေးမထားဘူးကွ။ ဦးလေးလည်း မသိဘူး။ အေး – အဲဒါရှာဘို့ မင်းကိုပဲ တာဝန်ပေးရမှာပဲ။ အင်တာနက်တို့၊ ဝက်ဆိုက်တို့မှာ ရှာကြည့်ပါဦးကွာ။ ဦးလေးလည်း New York, UN မှာလုပ်နေတဲ့ ဦးရဲ့ မိတ်ဆွေတယောက်ဆီ စာရေးပြီး မေးပါဦးမယ်။ ငါ့တူရှာတွေ့ရင် ဦးလေးကို ပြောဦးနော်။


ဒီ First Day Cover (FDC) တွေပေါ်မှာ ရိုက်ထားတဲ့ Cancellations တွေကလည်း ခန့်ငြားတယ်နော် ဦးလေး။

“ဦးသန့်ရဲ့ ဈာပန အခမ်းအနား အပေါ်မှာ အစိုးရရဲ့ စီစဉ်တာနဲ့ ပတ်သက်ပြီး မကျေနပ်ကြလို့ ကျောင်းသားနဲ့ လူထုရဲ့ ဆန္ဒပြတဲ့ အရေးတော်ပုံကြီး ၁၉၇၄ ဒီဇင်ဘာမှာ ဖြစ်ခဲ့တယ်လို့ ကျနော် ဖတ်ထားဖူးတယ်။ ကျနော်တောင်မှ မွေးသေးဘူး။ ဦးလေးတို့တော့ ကောင်းကောင်း မှီမှာပေါ့နော်။”

“မှီပါပြီးကော ငါ့တူရာ ဦးလေးကိုယ်တိုင် ပါခဲ့သေးတာပဲ။ အေး – နောင်တချိန် တို့တိုင်းပြည် လွတ်လပ်တဲ့ အခါ ပြည့်ပြည့်စုံစုံ မှတ်တမ်းတင်ထားတာတွေကို မင်းတို့ ဖတ်ကြရမှာပါ။ အခု – ဦးသန့်ရဲ့ အကြောင်းကိုပဲကြည့်။ အစိုးရက ဖိနှိပ်ထားလေတော့ – ဘာစာအုပ်စာတမ်းမှ မရေးဘူး၊ မယ်မယ်ရရ မထုတ်ဝေနိုင်ကြဘူး။ ကဲ – အခု မင်းတို့မှာ ဖတ်စရာ မရှိဘူး မဟုတ်လား။ လောလောဆယ်ဆယ်တော့ – အင်တာနက်တွေ၊ ဝက်ဆိုက်တွေကိုပဲ အားကိုးရမှာပဲ။ အဲဒါတွေစုပြီး ရသလောက် ဖတ်ပြီး- ကိုယ့်အချင်းချင်း ဝေမျှကြပေါ့ကွာ၊ မဟုတ်ဘူးလား။”

“ဟုတ်ကဲ့ပါ ဦးလေး။ ကျနော်တို့ ဦးသန့်ရဲ့ အထ္ထုပ္ပတ္တိ အကျဉ်းချုပ်လောက်တော့ ဖတ်ထားကြပြီးပါပြီ။ ဒါနဲ့ ဦးလေး ‘ကမ္ဘာ့ကုလသမဂ္ဂ’ ဆိုတဲ့ စကားလုံး ပေါ်လာတာကိုလည်း သိရင် ပြောပြပါဦး။

“အေးကွ။ အဲဒီစကားလုံးလေးက – အသံထွက်ရတာ – ဒို့ဗမာ အာနဲ့ လျှာနဲ့ စီးစီးပိုင်ပိုင် မရှိဘူးလား”

“ဟုတ်တယ်နော် – ဦးလေး၊ ကမ္ဘာ့ကုလသမဂ္ဂ —- ကမ္ဘာ့ကုလသမဂ္ဂ။”

“အေး- အဲဒီစကားလုံးကို စပြီး တီထွင် ခေါ်ဝေါ်ခဲ့တာကတော့ – သတင်း စာဆရာကြီး ဦးထွန်းဖေပဲ။ ငါ့တူ – ၁၉၂ဝခုနှစ် တက္ကသိုလ် ကျောင်းသား သပိတ်ကို မှတ်မိတယ် မဟုတ်လား။ “အမျိုးသားနေ့” စတင် ပေါ်ပေါက်ခဲ့တဲ့ သပိတ်လေကွာ။ အဲဒီသပိတ်ရဲ့ ခေါင်းဆောင်တဦးပေါ့။

နောက်တော့- ထင်ရှားတဲ့ မျိုးချစ်သတင်းစာဆရာကြီး ဖြစ်လာတယ်။ သူက စပြီးထွင်ခဲ့တဲ့ စကားလုံးကွ။ “United Natons” ကမ္ဘာ့၊ ကုလ (= လူမျိုး)၊ သမဂ္ဂ (=အဖွဲ့အစည်း) ဆိုတဲ့ စကားလုံး လေးက – အဓိပ္ပmယ်ကလည်း ထိထိမိမိ မရှိဘူးလား”

“ဟုတ်တယ်နော် ဦးလေး၊ တကယ်ကို တိုတိုတုတ်တုတ် နဲ့ ထိထိမိမိပဲ။ ဒါနဲ့ ဦးလေးရာ ကျနော်တို့ တိုင်းပြည်ကလည်း ဦးသန့် အမှတ်တရ တံဆိပ်ခေါင်း ထုတ်သင့်တာပေါ့နော် ဦးလေး”

“ဘယ့်နှယ်ပြောပါလိမ့် ငါ့တူရာ။ ထုတ်သင့်တာပေါ့ကွာ၊ တို့ လူမျိုးတွေ ဂျွမ်းပစ်ပြီးတော့တောင် ထုတ်သင့်သေးတယ်။ အဲဒါတင်မက – အထိမ်းအမှတ် ဟောပြောပွဲတွေ၊ ရေဒီယို၊ တီဗွီ အစီအစဉ်တွေ မြိုင်မြိုင်ဆိုင်ဆိုင် လုပ်သင့်ကြတာပေါ့၊ ဒါမှ အခုခေတ် မင်းတို့လို လူငယ်တွေ- ကလေးတွေ သိကြရတော့မှာပေါ့။ သိမှ – ဂုဏ်ယူနိုင်ကြတော့မှာပေါ့။ အတုယူ – အားကျစိတ်တွေ၊ ကြိုးစားချင်တဲ့ စိတ်တွေ ပေါ်တော့မှာပေါ့။ မဟုတ်ဘူးလား- ဦးလေးပြောတာ။ မင်းစဉ်းစားကြည့်။ – အဲဒီလို ကိုယ်နိုင်ငံရဲ့ သားကောင်းတွေ အကြောင်း အာဇာနည်တွေအကြောင်း၊ သမိုင်းကြောင်းတွေကို သိတော့မှ – မျိုးချစ်စိတ်ဆိုတာက တဖွားဖွား ပေါ်လာတာကွ။ အဲဒါမှ ခိုင်မြဲတဲ့ မျိုးချစ်စိတ်ဖြစ်တာ။ မင်းတို့ အခု တီဗွီ မှာ ခဏ ခဏ ဦးလေး တွေ့နေရတာ ရှိပါတယ်။ ဗမာပြည်ကြီးကို လေယာဉ်ပျံပေါ်က ရိုက်ပြပြီး – သီချင်းတွေ ဝိုင်းဆိုကြ – ကကြ – ခုန်ကြတာတွေကို ရိုက်ပြကြတာတွေလေ။ အဲဒါတွေကို ကြည့်နေရုံ၊ ကြားနေရုံနဲ့ – မျိုးချစ်စိတ်ဆိုတာက ပေါ်တာ မဟုတ်ဘူးကွ။ ပေါ်လည်း – မခိုင်မြဲဘူး။”

“ဟာ- ဦးလေးကလည်း လုပ်တော့မယ်”

“နောက်ရှိပါသေးတယ်ကွာ။ အခု ထုတ်ဝေနေကြတဲ့ စာအုပ်၊ မဂ္ဂဇင်းတွေရဲ့ ရှေ့စာမျက်နှာမှာ မထည့်မနေရ အမိန့်နဲ့ ထည့်နေကြရတဲ့ ဟိုဦးတည်ချက်၊ ဒီဦးတည်ချက်တွေလေ။ ဒီမှာ ဖတ်ကြည့် စမ်းပါဦး။ လူမှုရေး ဦးတည်ချက် တဲ့။ “အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မာရေး” တဲ့။ “ယဉ်ကျေးမှု အမွေအနှစ်များ ထိန်သိမ်းစောင့်ရှောက်ရေး” တဲ့။ ရေးသားထားတာပါကွာ ဘယ်ဟာက အမျိုးဂုဏ်၊ ဇာတိဂုဏ်လဲ၊ ဘယ်ဟာက အမွေအနှစ်လဲ သိပုံမရကြပါဘူး၊ ကြားကောင်းအောင် လုပ်နေကြတာပါ။ ဦးသန့်ရဲ့အရင်လုပ်သွားတဲ့ အထွေထွေ အတွင်းရေးမှူးက ဒက်ဟမ္မားရှိုး (Dag Hammar Skjold) တဲ့။ ဆွီဒင်နိုင်ငံသား။ သူ့ရဲ့မိခင်နိုင်ငံက နှစ် ၁ဝဝ ပြည့် အထိမ်းအမှတ် အဖြစ် ၂ဝဝ၅ မှာ ဆံဆိပ်ခေါင်းထုတ်ပြီး ဂုဏ်ပြုခဲ့တယ်။

ဒက်ဟမ္မားရှိုး နှစ်၁ဝဝပြည့် တံဆိပ်ခေါင်း

“တချို့နိုင်ငံတွေ ဆိုရင် သူတို့ နိုင်ငံက ကမ္ဘာ့ ကုလသမဂ္ဂ ရုံးချုပ်တွေမှာ ရာထူးကြီးကြီး တာဝန် ထမ်းဆောင်ခဲ့တဲ့ သူတွေကို – ဂုဏ်ယူချီး မြှောက်တဲ့ အနေနဲ့ “ကမ္ဘာ့ ကုလသမဂ္ဂတွင် တာဝန်ထမ်းဆောင်ခဲ့သော နိုင်ငံဂုဏ်ဆောင် ပညာရှင်များ” ဆိုပြီးတော့တောင် – တံဆိပ်ခေါင်းတွေ တန်းစီပြီး ထုတ်ကြတာကွ”

“ဦးလေးပြောတဲ့ အမျိုးဂုဏ် – ဇာတိဂုဏ်ဆိုတာ ကျနော် သဘောပေါက်ပါပြီ ဦးလေး”

“နာဂစ်မုန်တိုင်း ကိစ္စနဲ့ ရောက်လာတဲ့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း – ဦးသန့်ရဲ့ ဂူကို ဂါရဝပြု၊ ပန်းခွေချတာ ဖတ်လိုက်ရတယ် မဟုတ်လား။ ကဲ – ဘယ်လောက် ဝမ်းသာ ဂုဏ်ယူဖို့ ကောင်းသလဲ။

တို့ပြည်သူတွေမှာတော့ – ဦးသန့်ကို ဂါရဝ ပြုချင်ပေမဲ့ – အဲဒီဂူဗိမ္မာန်ထဲကို ကျကျနန ရင်ကော့ပြီး မဝင်နိုင်တဲ့ ဘဝဆိုးကြီးပါလားကွာ။”


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts