>My Academy Sein – Burmese Academy is not for the "Lady"

>

ဗိုလ်ချုပ်ကြီးတို့ပေးတဲ့ အကယ်ဒမီ၊ မိန်းမတွေကို ပေးဖို့ ဟုတ်ဘူး …
မိုင်အကယ်ဒမီစိန်
ဖေဖော်ဝါရီ ၉၊ ၂၀၀၉

အကယ်ဒမီတွေပေးတယ် ဆိုတော့ လူတိုင်း၊ ပရိသတ်တိုင်း စိတ်ဝင်တစား ကြည့်ကြတယ်ပေါ့။ ဘယ်သူဘယ်ဝါ ရမယ်ဆိုတာကလည်း အပြင်မှာ နံမည်ကြီးတဲ့ သူတွေ ရှိနေတော့လည်း တိုက်ရိုက်ထုတ်လွှင့်တဲ့ အစီအစဉ်ကို မလွတ်တမ်းကြည့်လို့ ၀တ်စားဆင်ယင်ထုံးဖွဲ့မှုတွေ ကြည့်ပြီး သူကတော့ ရမယ်ထင်တယ် နဲ့ ထင်ကြေးတွေ ပေးကြပါတယ်။

နေပြည်တော် ဆိုတဲ့ အင်မတန် အလှမ်းဝေးတဲ့ နေရာကို တကူးတက ခက်ခက်ခဲခဲ သွားရောက်ကြတဲ့ မင်းသား၊ မင်းသမီးတွေကို ကြည့်ပြီး စိတ်မကောင်းပါဘူးခင်ဗျာ။ မသွားလည်းခက် သွားရတာလည်းခက် မဟုတ်လား။ ဒီလိုနေရာမျိုးထက် ရန်ကုန်မှာသာ ကျင်းပရင် ဘယ်လောက်ကောင်းလိုက်မလဲလို့ သူတို့ရင်ထဲမှာ တောင်းဆိုနေမယ် ဆိုတာ ပရိသတ်တွေ သိပါတယ်။

စစ်အစိုးရရဲ့ ဂုဏ်ပကာသန၊ တန်ဆာတခုအဖြစ် ပြန်ပေးဆွဲခံလိုက်ရတာ ၂၀၀၅ ခုနှစ်ကတည်းက ဆိုတော့ တွက်ကြည့်လိုက်ပေါ့နော်။ ဘာပဲဖြစ်ဖြစ် အနုပညာဆိုတဲ့ ရင်ခုန်သံကို အရောင်ဆိုးပစ်ခဲ့တဲ့ ဒီစစ်အစိုးရရဲ့ လုပ်ရပ်ကို အားမတန်လို့ မာန်လျှော့ခဲ့ရတဲ့ အနုပညာသမားတွေ ဒီလိုနေရာကို သွားရကောင်းလားလို့ အပြစ်တင်နေမိတဲ့ကြားက သူတို့ရဲ့ အနုပညာ စိတ်ဓာတ်ကိုတော့ဖြင့် မချီးကျူးဘဲ မနေနိုင်ခဲ့ပါဘူး။ အကယ်ဒမီ ဆိုတာ လိုချင်တာပေါ့ခင်ဗျာ။ အနုပညာသမားက အနုပညာကလွဲပြီး ဘာလုပ်တတ်မှာမို့လဲ။

လက်နက်ကိုင်စစ်အစိုးရက လက်နက်ပြပြီး ရုပ်ရှင်ရိုက်ခိုင်း အကယ်ဒမီပေးပွဲတက်ခိုင်းလည်း တက်နေရမယ့်ဟာ မဟုတ်လား။ အနုပညာသည်တွေကို အဲသည်လို ကြိုးကွင်းစွပ်ပြီး နေပြည်တော်ကို အနိုင်နဲ့ပိုင်းခေါ်တော့ သွားကြရတာ ဂရုဏာဖြစ်မိပါတယ်။ ဒီကြားထဲမှာ စစ်အစိုးရကို သိပ်ဖားပြီး အိနြေ္ဒပျက်၊ ရုပ်ပျက် ဆင်းပျက်လှတဲ့ အနုပညာ ဒေါင်းယောင်ဆောင်ထားတဲ့ ကျီးတွေကိုတော့ ပရိသတ်က ခွဲခြားသိခဲ့ကြပါတယ်။ စစ်အစိုးရမင်းများ အာဏာအဓွန့်ကို ခစားကြတဲ့ အကယ်ဒမီခေါစာပစ်ပွဲကြီးမှာ အလွန်တရာမှ ရှားပါးလှတဲ့ အနုပညာစစ်စစ်တွေကိုလည်း တွေ့မြင်ခွင့်ရလိုက်ရတာဟာ ပရိသတ်တွေအတွက် အားဆေးတခွက် ဖြစ်ခဲ့ရတယ်လို့ သိစေချင်တဲ့ စိတ်နဲ့ ဒီနှစ်အကယ်ဒမီကို ရင်ခုန်လိုက်ရပါတယ်။

ဒီနှစ်တော့ အကယ်ဒမီဆုကို ရုပ်ရှင်ကား နှစ်ကားက ဆွတ်ခူးသွားတာ သိပြီးပေါ့။ ကိုးဆယ်ဆ သာလိမ့်မယ် ဆိုတဲ့ နံမယ်ကြီး ပြဇာတ်တပုဒ်ကို ရိုက်ခဲ့တဲ့ကားက အကယ်ဒမီဆုတွေ သိမ်းကျုံး ယူသွားပါတယ်။ ဒါရိုက်တာဆု၊ ရုပ်ရှင်ဆု၊ မင်းသားဇာတ်ပို့ဆု၊ မင်းသားဇာတ်ဆောင်ဆုတွေပါ။ အားပါးတရပါပဲ။ ကျော်ရဲအောင်ရဲ့ ဇာတ်ကွက်တစ်ကွက်ကို တခြားသူ ရတဲ့အခန်းမှာ ကြည့်လိုက်ရတော့ အဲဒီအခန်းမှာ ကျော်ရဲအောင်က အသံတိတ် အမူအယာကို ပိုင်နိုင်စွာ သရုပ်ဆောင်သွားတာ တွေ့လိုက်ရပါတယ်။ သူ့ညီမကို သမီးမင်္ဂလာဆောင်မှာ နာမည်မထည့်ဘူးလို့ ဇော်ဝမ်း လာပြောတဲ့အခန်းမှာ ကျော်ရဲအောင်ဟာ ခပ်လှမ်းလှမ်း စားပွဲမှာထိုင်ပြီး အသံတိတ်သရုပ်ဆောင်ခန်းကို တွေ့ရတာ၊ ကျော်ရဲအောင် အဲဒီအခန်းမှာ ရစေချင်သွားပါတယ်။ ကျော်ရဲအောင်ဟာ အများအားဖြင့် ပေါက်ကွဲပြီး အော်ဟစ်တတ်တဲ့ အမူအယာမျိုးမှာ တွေ့ရတတ်ပါတယ်။ သို့ပေမယ့် အဲသည်အခန်းမှာ အသံတိတ်အမူအယာမျိုးကို သရုပ်ဆောင်တတ်ပါလား လို့ သူ့ကို ချီးကျူးလိုက်ပါရစေ။

အကယ်ဒမီဆုရှင်တွေက ဆုယူအပြီးမှာ တစ်ယောက်ချင်း ကျေးဇူးတင်စကား ပြောကြတဲ့အခါမှာတော့ တော်တော်လေးကို စိတ်ကျေနပ်စရာ ကောင်းလှပါတယ်။ ရုပ်ရှင်ထုတ်လုပ်ဆုရ မြင့်မာလာ ရုပ်ရှင်ထုတ်လုပ်ရေး ပိုင်ရှင် ဦးမျိုးသိန်းက သူနဲ့ဆရာကြီးဦးသုခတို့ ဆုံဆည်းခဲ့စဉ် ပြောခဲ့တဲ့ အမှတ်တရ စကားလက်ဆောင်လေးကို ပေးသွားတာ မှတ်သားစရာပါဗျာ။ အနုပညာသည်တွေ အချင်းချင်း ရိုသေတဲ့ လက်တွဲညီညာတဲ့ ဂါရ၀တရား။ အဲဒါနဲ့ သတင်းစာအလာ စောင့်ပြီး အပြည့်အစုံကို ထည့်ရိုက်ပေးဖို့ ပြင်လိုက်တာဗျာ။ သတင်းစာက နေ့လည်မှ လာတယ်။ အပြေးအလွှား ရှာတော့ ဗိုလ်ကျော်ဆန်းရဲ့ မိန့်ခွန်းအပြည့်အစုံသာ ဖတ်လိုက်ရပါတယ်။ အနုပညာရှင်တွေရဲ့ ကျေးဇူးတင်စကား အဖိုးတန်တွေတော့ ပါမလာကြောင်းပါ။

ရုပ်ရှင်တေးဂီတဆု စိန်မွတ်တား၊ ဒါရိုက်တာဆု မောင်ယဉ်အောင်၊ ရုပ်ရှင်ထုတ်လုပ်ရေးဆု မြင့်မာလာရုပ်ရှင်၊ ဓာတ်ပုံဆု ကျောက်ဖြူ(ပဒေသာ)၊ ဇာတ်ပို့ဆု မိုးဒီနှင့် ဇာတ်ဆောင်ဆု ကျော်ရဲအောင်တို့၏ ကျေးဇူးတင်စကားများကိုလည်း ပရိသတ်တစ်ဦးအနေနှင့် ကျေနပ်အားရမိ၊ ဂုဏ်ယူလေးစား ကြည်ညိုမိရပါကြောင်းကို မှတ်တမ်းတင်လိုက်ပါရစေ။ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ ထွက်တော့ ပါပါလိမ့်မယ်။ စောင့်သာ ဖတ်ကြပေတော့။

ဒီနှစ် အကယ်ဒမီကတော့ အမျိုးသားများသာ လက်ဝယ်ရရှိလိုက်တဲ့ ပွဲလို့ ဆိုရမှာပေါ့။ မင်းသမီးတွေတယောက်မှ စင်ပေါ်တက်ခွင့်မရတဲ့ မြန်မာ့အကယ်ဒမီသမိုင်းမှာ ရှားပါးတဲ့ နှစ်တနှစ် အဖြစ် ကဗ္ဗည်းတင်ရမှာပေါ့ ခင်ဗျာ။ စစ်အစိုးရရဲ့ လက်ထက်မှာ မင်းသားများသာ စင်ပေါ်တက်ခွင့်ပေးပြီး မင်းသမီး မပါတဲ့ အကယ်ဒမီပွဲပေါ့။ ဘာပွဲဖြစ်ဖြစ် မင်းသားတွေကြီးပဲဆိုရင် ကြည့်မကောင်းပါဘူးခင်ဗျား။ မင်းသမီးလေးတစ်ယောက်လောက်များ ပါမှ ပွဲလေးက လှပပြီး ကြည့်လို့ကောင်းတယ် မဟုတ်လား။ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ သဘောထားအစစ်အမှန်ဟာ “မင်းသားတွေကြီးပဲ လုပ်ကြရမှ” ဆိုရင်တော့ မလှပကြောင်းကိုတော့ အသိပေးလိုက်ပါဦးမယ်။ မင်းသမီးတွေကှို အကယ်ဒမီတောင် မသဒ္ဒါဘူးလားလို့် မေးလိုက်ချင်ပါရဲ့ ခင်ဗျာ။ ဒီနှစ် အကယ်ဒမီဟာဖြင့် စစ်စိုးရရဲ့ သဘောထားကို လှစ်ဟများ ပြလိုက်လေသလားလို့ မှတ်ချက်ချလိုက်ရပါကြောင်း။

သြော် … ဗိုလ်ချုပ်ကြီးတို့ပေးတဲ့ အကယ်ဒမီ၊ မိန်းမတွေကို ပေးဖို့ ဟုတ်ဘူး …


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts