>Win Pe Bag – 12

>

ဝင်းဖေလွယ်အိတ် အမှတ် ၁၂
ဆင်ဆာ
ဝင်းဖေ

ဖေဖော်ဝါရီ ၄၊ ၂၀၀၉

သောတရှင်များခင်ဗျား-

ပြီးခဲ့တဲ့အပတ်တွေက မြန်မာစစ်အစိုးရ ရုပ်ရှင်ဆင်ဆာနဲ့ အကယ်ဒမီဆုပေးတဲ့ ကိစ္စတွေ အကြောင်း ကျနော် သိမြင် နားလည်သလို့တင်ပြခဲ့ပါတယ်။ မြန်မာ စစ်အစိုးရက ရုပ်ရှင်ဆင်ဆာ အဖွဲ့၊ ရုပ်ရှင်ပညာ ထူးချွန်ဆု အကယ်ဒမီပေးရေး ဘုတ်အဖွဲ့ ဖွဲ့စည်းပုံနဲ့ နိုင်ငံတကာရဲ့ လုပ်နည်း လုပ်ဟန်တွေကို နှိုင်းယှဉ်ကြည့်နိုင်အောင် အကြမ်းဖျဉ်း တင်ပြချင်ပါတယ်။

အနီးကပ်ဆုံးမှန်ကန်မှု တရားမျှတမှုတွေကြောင့် သိက္ခာကြီးပါပေတယ် ဆိုတဲ့ ကမ္ဘာကျော် နိုင်ငံတကာ ရုပ်ရှင်ပညာ ထူးချွန်ဆု ပေးရေး အဖွဲ့ကြီးတွေ အများကြီး ရှိပါတယ်။ ပြင်သစ် နိုင်ငံက Cane ရုပ်ရှင်ဆုတို့ အမေရိကန် ပြည်ထောင်စုက အော်စကာဆုပေးပွဲတို့ ရွှေကမ္ဘာလုံး ရုပ်ရှင်ဆုတို့ စတာတွေကို ရုပ်ရှင်ပညာသည်ကြီးတွေရဲ့ မဲဆန္ဒနဲ့ပဲ ဆုံးဖြတ်ပါတယ်။

အမေရိကန် ပြည်ထောင်စုက အော်စကာ အကယ်ဒမီဆုပေးပုံ စနစ်မှာ ဆိုရင် သက်ဆိုင်ရာ ရုပ်ရှင်ပညာသည် သမဂ္ဂတွေက ပေးတဲ့ ဆန္ဒမဲတွေနဲ့ အဆုံးအဖြတ်လုပ်တာ ဖြစ်ပါတယ်။ အာဏာပိုင်အစိုးရက ဘာမှ ဝင်ပြီး မစွက်ဖက်ပါဘူး၊ လုံးလုံး ပါဝင် စွက်ဖက်လို့ မရပါဘူး၊ ပါဝင် စွက်ဖက်မယ် ဆိုရင်လည်း ရုပ်ရှင် အနုပညာသည်တွေကရော ပြည်သူလူထုကပါ သတင်းစာ ရေဒီယို TV အစရှိတဲ့ မီဒီယာတွေနဲ့ တွဲပြီး ဆန့်ကျင် တိုက်ဖျက်ကြမှာ ဖြစ်ပါတယ်။ အမေရိကန်အစိုးရက အနုပညာလောကကို ပါဝင် စွက်ဖက်ဖို့ ကြိုးစားခဲ့တဲ့ သာဓက အနည်းငယ် ရှိပါတယ်။ ဒါပေမဲ့ ပြည်သူ လူထုနဲ့ အတူ အနုပညာသည်တွေရဲ့ ဆန့်ကျင် ချေဖျက်မှုကို ခံသွားကြရတာပါပဲ။

ဥပမာကလေးတွေတင်ပြရရင် ကွန်မြူနစ်ဆန့်ကျင်တဲ့ အမေရိကန်အစိုးရက ကွန်မြူနစ်ဆန်တဲ့ အမေရိကန် ရုပ်ရှင် ပညာသည်တွေကို ဟန့်တား ကန့်သတ်ဖို့ ကြိုးစားဖူးပါတယ်။ နောက် ဗီယက်နမ်စစ်ကို တိုက်နေရတဲ့ အမေရိကန် အစိုးရက ဗီယက်နမ်စစ် ဆန့်ကျင်ရေး ကားတွေ ရိုက်တဲ့ အမေရိကန် ဒါရိုက်တာတွေကို မနှစ်မြို့ပါဘူး။ ဟန့်တား ပိတ်ပင်လိုပါတယ်။ ဒါပေမဲ့ အဲဒီကားတွေဟာ အနုပညာအရရော ဘဝ အတွေးအမြင်အရပါ တကယ်တမ်း မှန်ကန် ကောင်းမွန်နေကြတဲ့အတွက် ရုပ်ရှင် ပညာ ထူးချွန်ဆုတွေတောင် ဆွတ်ခူးနိုင်ကြပါတယ်။ အမေရိကန် အစိုးရလည်း ဘာမှ ဆက်ပြီး စွက်ဖက်ခွင့် မရခဲ့ပါဘူး။

အမေရိကန် အစိုးရ အများစုကြီးကတော့ အနုပညာလောကကို တတ်နိုင်သမျှ လွတ်လပ်ခွင့် ပေးရမယ်၊ ဝင်ရောက်စွက်ဖက်တာတွေ မလုပ်ရဘူး ဆိုတာကို နား လည်မှု အပြည့်နဲ့ ကြေကြေ နပ်နပ် လက်ခံကြတာပါပဲ။ အဲဒီလို မဟုတ်ရင်လည်း အမေရိကန် ပြည်သူ လူထုနဲ့ ထိပ်တိုက် ရင်ဆိုင်ကြရပါလိမ့်မယ်။ အမေရိကန် ပြည်သူ လူထုနဲ့ အနုပညာသည်တွေမှာ အစိုးရ လုပ်ရပ်ကို မကျေနပ်ရင် ဝေဖန်ဆန့်ကျင်ဖို့ အခွင့်အရေး အပြည့် ရှိပါတယ်။

အမေရိကန် ပြည်ထောင်စုမှာသာ မဟုတ်ပါဘူး၊ တိုးတက် ယဉ်ကျေးနေတဲ့ ကမ္ဘာ့နိုင်ငံတိုင်းမှာ အားလုံး ဒီအတိုင်းပါပဲ။ ကမ္ဘာနိုင်ငံ အမြောက်အများမှာ အနုပညာသည်တွေရဲ့ စစ်မှန်တဲ့ အာဘော်တွေကို ဖြတ်တောက်ပစ်တဲ့ အနုပညာ ဆင်ဆာဆိုတာမျိုးတွေ မရှိပါဘူး၊ အနုပညာ လုပ်ရပ်တွေကို အမျိုးအစား သတ်မှတ် ခွဲခြားပေးပြီး ပြည်သူ လူထုကို အသိပေး သတိပေးတာမျိုးတွေသာ ရှိပါတယ်။

ဥပမာ ရုပ်ရှင်ကားတကားဟာ သတ်တာ ဖြတ်တာတွေ ရက်စက် ကြမ်းတမ်းတာတွေများနေရင် ဒီကားကတော့ တင်ပြပုံ ကြမ်းတယ်လို့ မှတ်ချက်ပဲ ပေးပါတယ်။ ဖြတ်တောက် ဆင်ဆာလုပ်တာ မရှိပါဘူး။

ဖွံ့ဖြိုး တိုးတက် ယဉ်ကျေးပြီး နိုင်ငံတိုင်းမှာ လူလူချင်း စာနာမှုတို့ လူ့အခွင့်အရေးတို့ စတာတွေကို ထိပ်တန်း တင်လာကြပါတယ်။ အဲဒီနိုင်ငံတွေက အစိုးရတွေဟာလည်း ပြည်သူ လူထုက အာဏာ အပ်နှင်း တာဝန်ပေးတာကို လေးစားကြတဲ့၊ ပြည်သူ လူထုကို လေးစားကြတဲ့ ပြည်သူတွေရဲ့ အနုပညာ ဖန်တီးခွင့်တွေကို အလွန် လေးစားကြသူတွေ ဖြစ်ကြပါတယ်။ အဲဒီ အစိုးရမျိုးတွေဟာ သူတို့ အာဏာ တည်မြဲရေးအတွက် ပြည်သူတွေရဲ့ အခွင့်အရေးတွေကို ဆင်ဆာ မလုပ်ကြပါဘူး၊ အကြံအဖန် မလုပ်ကြပါဘူး၊ အနုပညာထူးချွန်ဆု ပေးရေး ကိစ္စတွေမှာတော့ အစိုးရပိုင်းတွေက လုံးဝကို မပါကြတော့တာပါပဲ။

လိုရင်းကတော့ ဘယ်နိုင်ငံမှာမဆို ဆင်ဆာတို့ ဆုပေးပွဲတို့ ဆိုတာတွေကို အာဏာပိုင်တွေကပဲ ဖြစ်ဖြစ် ဘယ်အဖွဲ့အစည်း ဘယ်ပုဂ္ဂိုလ်ကပဲ ဖြစ်ဖြစ် အကြံအဖန် ဝင်လုပ်ရင်တော့ ပါဝင်ပတ်သက်တဲ့ တန်ဖိုးအားလုံး သိက္ခာကျ ကြက်သရေမဲ့ ဖြစ်ကုန်မှာပါပဲ။

ဒိထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ပြောကြမယ်ဆိုရင် နေရာမှန် လူမှန် ဆိုတဲ့ သဘောပါပဲ။ စစ်အာဏာ ယန္တရားဟာ တိုင်းပြည် ကာကွယ်ရေး အတွက်ပဲ နေရာ မှန်နိုင်ပါတယ်။ ကျန်တဲ့ စီးပွားရေး ပညာရေး ကျန်းမာရေး လူမှုရေး စတာတွေနဲ့ မကိုက်ညီနိုင်ပါဘူး။ ဒါတွေအတွက် ပြင်ဆင် လေ့ကျင့်ထားတာ မဟုတ်ပါဘူး။ အလွန် အရေးတကြီး လိုအပ်လာရင် အရေးပေါ် ခဏပဲ တာဝန်ယူနိုင်တာမျိုးပါ။ ရေရှည် ယူနိုင်အောင် စစ်တပ်ကို ပုံစံပြောင်းပြီး လေ့ကျင့် ယူရင် မရနိုင်ဘူးလား ဆိုတဲ့ စိတ်ကူးကတော့ မြန်မာပြည်မှာ နှစ်ပေါင်း ငါးဆယ်လောက် လုပ်ကြည့်တာ အခုထိ မအောင်မြင်ပါဘူး။ လက်တွေ့ ပြည်သူ လူထု အများစုကြီး မွဲနေတာ အထင်အရှား သက်သေပါပဲ။

လက်ရှိ မြန်မာပြည် အနေအထားကို စစ်အာဏာပိုင်တွေက တိုးတက် နေပါတယ်လို့ ပြောရင် ပြည်သူလူထု အများစုကြီး အခြေခံ စားဝတ်နေရေး ခက်ခဲ ကြပ်တည်းနေတာကို မျက်ကွယ်ပြုထားမလားလို့ မေးလိုက်ရုံပါပဲ။

စစ်နဲ့ စစ်အာဏာ ယန္တရားဟာ အနုပညာ နယ်ပယ်အတွက်တင် မဟုတ်ပါဘူး၊ ကျန်တဲ့ ပညာရေး ကျန်းမာရေး စီးပွားရေး နိုင်ငံရေး ဘာနဲ့ အံမဝင်တာ တွေ့ရပါတယ်။ စစ်အုပ်စုအနေနဲ့ တိုင်းပြည်နဲ့ လူမျိုး ကောင်းကျိုးကို အမှန်တကယ် ရှေ့ရှုမယ် ဆိုရင် အထိရောက်ဆုံး ဆောင်ရွက်ပေးနိုင်တာက စစ်ကိစ္စက လွဲပြီး ကျန်တာတွေကို လက်ရှောင်ပေးလိုက်ရုံပါပဲ။ ချက်ချင်း တိုင်းပြည်ရဲ့ သူရဲကောင်းတွေ ဖြစ်လာနိုင်ပါတယ်။

ကျန်းမာ ချမ်းသာကြပါစေ၊ ကျနော်ဝင်းဖေပါ။ ။

[ မူရင်း – ဘီဘီစီအသံလွှင့်ဌာန၊ မြန်မာပိုင်း ]

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts