>Thein Pe Myint’s Hmine

>

နိုင်ငံရေးနဲ့ စာပေအနုပညာ (၂၂)
ဆရာ သိန်းဖေမြင့်၏ သခင်ကိုယ်တော်မှိုင်းအတ္ထုပ္ပတ္တိ
ထိန်လင်း
ဇန်န၀ါရီ ၂၂၊ ၂၀၀၉

သခင်ကိုယ်တော်မှိုင်း

စာပေနဲ့အနုပညာသမားတွေဟာ ခေတ်အခြေအနေတွေပေါ်မှာ မူတည်ပြီး ရပ်တည် ရှင်သန်ကြရပါတယ်။ ဥပမာအားဖြင့် ကမ္ဘာစစ် ဖြစ်တဲ့အခါ မြန်မာ ရုပ်ရှင်အနုပညာသည်တွေက ရုပ်ရှင်နဲ့ ရပ်တည်လို့မရတော့ ပြဇာတ်တွေ ကပြရင်း ဝမ်းကျောင်းရတဲ့သဘော ဖြစ်ပါတယ်။

စာပေပညာရှင်တွေထဲမှာလည်း စာပေလုပ်ငန်းတစ်ခုတည်း ဇောက်ချလုပ်ကိုင်သူ စာရေးဆရာတွေ ရှိသလို ဝန်ထမ်းအလုပ်၊ လက်လုပ်လက်စား စသဖြင့် လုပ်ငန်းမျိုးစုံကို တဖက်က လုပ်ရင်း တဖက်မှာ စာရေးဆရာ အဖြစ် ရပ်တည်နေကြသူတွေ အများကြီး ရှိပါတယ်။ ဒီလိုပဲ နိုင်ငံရေးတာဝန် ထမ်းဆောင်ရင်း စာပေတာဝန်တွေ ထမ်းဆောင်သူတွေလည်း ရှိပါတယ်။ နိုင်ငံရေးသမားက စာရေးတာ၊ စာရေးဆရာက နိုင်ငံရေးလုပ်တာတွေ ရှိပေမယ့် ၂ ဖက်စလုံးမှာ ထူးချွန်သူတွေကတော့ နည်းပါတယ်။ အဲဒီလို ထူးချွန်သူတွေထဲမှာ ဆရာ သိန်းဖေမြင့်ကတော့ နယ်ပယ် ၂ ခုစလုံးမှာ ထင်ရှားသူဖြစ်ပါတယ်။

နဂါးနီစာအုပ်အသင်းရဲ့ ပထမဆုံးစာအုပ်ဟာ ဆရာ သိန်းဖေမြင့်ရေးသားတဲ့ သခင်ကိုယ်တော်မှိုင်း အမည်ခံ ဦးလွန်း အတ္ထုပ္ပတ္တိစာအုပ်ဖြစ်ပြီး အစောဆုံး သခင်ကိုယ်တော်မှိုင်း အတ္ထုပ္ပတ္တိဖြစ်ပါတယ်။ ဒီစာအုပ် ရေးတဲ့အချိန် ဆရာသိန်းဖေမြင့်က ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှာ အလုပ်အမှုဆောင်ဖြစ်ပါတယ်။ အဲဒီစာအုပ်ဟာ ဆရာသိန်းဖေမြင့်ရဲ့ ထင်ရှားတဲ့ စာအုပ်တစ်အုပ် ဖြစ်ကြောင်းနဲ့ ဆရာသိန်းဖေမြင့်ရဲ့ တိုးတက်တဲ့ သဘောတရား ရှိပုံကို ကဗျာဆရာတင်မိုးက အခုလို ပြောပြဖူးပါတယ်။

“ပထမဦးဆုံး စာပေသစ်သဘောတရားကို စတင်ပြီးတော့ မျိုးစေ့ချတာကတော့ သိန်းဖေမြင့်ပါ။ သိန်းဖေမြင့်ရဲ့ ကိုယ်တော်မှိုင်းအတ္ထုပ္ပတ္တိ … ဆရာလွန်း အတ္ထုပ္ပတ္တိနိဒါန်းမှာ သူပုန်စာရေးဆရာကြီးဆိုတာက စတယ်။ သိပ်ကောင်းတာပဲ အဲဒီနိဒါန်းက။ နိဒါန်းကလည်း ကောင်းတယ်၊ ဆရာလွန်း အတ္ထုပ္ပတ္တိကလည်း ကောင်းတယ်။ အဲဒီတော့ စာပေမှာ အရမ်း သြဇာကြီးသွားတယ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ဂုဏ်သိက္ခာကလည်း တိုင်းပြည်နဲ့အဝှမ်း ပိုပြီးတော့ ကြီးမားသွားတာပေါ့။ ထုတ်တာကလည်း နဂါးနီက ထုတ်တာ။ ၁၉၃၇ ခုနှစ်က။ အဲဒါက စတာပဲဆိုပါတော့။ နောက်တော့ စစ်ပြီးခေတ် ရောက်လာတော့ သိန်းဖေမြင့်ကလည်း ဆောင်းပါးရေးတယ်၊ ခေတ်နောက်ပြန်ဆွဲနေသော စာရေးဆရာများ ဆိုပြီးတော့ မြန်မာစာပေကို ဝေဖန်တယ်။ အဲဒီမှာ ဘယ်စာရေးဆရာ ရေးတာကတော့ ဘယ်လိုအချစ်ပဲ ဝဲလည်နေတယ်။ ဘဝသရုပ်ဖော် မပါဘူး။ ဘယ်စာရေးဆရာ ရေးတာ သရုပ်မမှန်ဘူး ဘာညာဆိုတာတွေပေါ့။ အတွေးအခေါ်တွေ ဘယ်လို ခေတ်နောက်ပြန်ဆွဲတယ် ဆိုပြီး သိန်းဖေမြင့်ကလည်း ရေးတယ်”

ဆရာတင်မိုး ပြောသလိုပါပဲ။ စာအုပ်နိဒါန်းရဲ့ အစမှာပဲ “ဗမာစာပေ၏ အတ္ထုပ္ပတ္တိကို ကြည့်လျှင် ပင်ကိုဉာဏ်ကို အသုံးချ၍ ရေးသားထားခဲ့သော စာပေအပိုင်းအစ အလွန့်အလွန် ခေါင်းပါးသည်ကို တွေ့ရမည်ဖြစ်သည်။ ဗမာစာပေကို ကြည့်၍ အကဲခတ်ရလျှင် ဗမာလူမျိုးသည် ပင်ကိုဉာဏ် အနည်းဆုံး (ဝါ) ပင်ကို ဉာဏ်ကို မသုံးဆုံးသော လူမျိုးတမျိုး ဖြစ်သည်ဟု ဆုံးဖြတ်ရလေတော့မည်” လို့ ရေးလိုက်ပါတယ်။ ပြီးတော့ ဗုဒ္ဓြွဘာသာ ကျမ်းဂန်များကနေ လွယ်လင့်တကူ ရနိုင်တဲ့ စာပေသဘောတွေကို ရေးပြပြီး သက်ဦးဆံပိုင်ခေတ် စာဆိုတော်တွေအကြောင်း အခုလို ရေးသားပါတယ်။

“ရှေးအခါက စာပုံနှိပ်စက် မရှိခြင်း၊ ပေတွင် ကူးရေးရသည်မှာ မလွယ်ကူခြင်း၊ ပေရွက်နှင့်ပျဉ်ပြား မီးသွေးနှင့် အမည်းဆိုးထားသော သင်ပုန်းမှတပါး ရေးစရာမရှိခြင်း၊ ရွှေမြို့တော်သို့ မသွားနိုင်လျှင် ဗမာပညာရှိမှာ ငတ်သေရတော့မည့် အကြောင်းများသာ ရှိခြင်း၊ ဘုရင်မသုံးလျှင် အညွန့်တုံးသွားရခြင်းတို့ကြောင့် ရှေးအခါ ဗမာပညာရှိတို့သည် ရွှေမြို့တော် နန်းတော်ကြီးသို့သာလျှင် ရှေးရှုတိုးလျှိုးကြရလေသည်။ ဘုရင့်စိတ်နှလုံးကို ဖရဏာပီတိ ဂွမ်းဆီထိအောင်၊ ဘုရင်က ချီးကျူးအောင် ‘ဗောင်းတော်ညိတ် စိတ်တော်သိ’ဟူသဖြင့် ဘုရင့်အကြိုက်ကိုသာ အများအားဖြင့် စာရေးဆရာတို့သည် ရေးကြရလေသည်။ ဘုရင်စက်တော်ခေါ်နေက ကြမ်းကို မြည်မြည် မနင်းရနည်း၊ ဘုရင့်သားတော် သမီးတော်တို့ကို မြှောက်နည်း၊ ဘုရင်လုပ်သမျှကို မတော်လှန်ဘဲ ခံရမည့်နည်း စသည်များကို အဖွဲ့အနွဲ့ အမျိုးမျိုးဖြင့် ရေးကြလေသည်။ ဗမာရာဇဝင်ရှိ ဘုရင်အများလည်း သူတို့အား အကောင်းဆုံး မြှောက်ပင့်ရေးထားသော စာရေးဆရာ၊ တိုင်းသူပြည်သား လူအများအား ကျွန်စိတ် အသွင်းပေးဆုံးသော စာရေးဆရာ၊ သူတို့ မိန်းမ ပိုးပန်းရာ၌ ကူညီအားပေးသော စာရေးဆရာ အတိုချုပ်အားဖြင့် သာရာညာစား စာရေးဆရာများကိုသာ ချီးမြှောက်ခဲ့ကြသောကြောင့်၊ မင်းအလိုတော်ရိ စာရေးဆရာများကိုသာ ချီးမြေ‡ာက်ခဲ့ကြသောကြောင့် မင်းအလိုတော်ရိ စာရေးဆရာများသာ ထွန်းကားခဲ့လေသည်။ ဗမာစာပေသည် မင်း မှူးမတ် သူဌေးတို့၏ စာပေသာ ဖြစ်ခဲ့၍ ဆင်းရဲသား ဗမာအများ၏ စာပေမဟုတ်ခဲ့ပေ”

ဒီလို ဝေဖန်တဲ့အခါ ပဒေသရာဇ်ခေတ်အတွင်း ပေါ်ပေါက်ခဲ့တဲ့ စာဆိုတော်တွေ၊ သူတို့ရဲ့စာပေတွေကို ဥပမာပြပြီး ရေးသားထားပါတယ်။ စာမျက်နှာ ၂၃ မျက်နှာရှိတဲ့ အဲဒီနိဒါန်းမှာပဲ ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို ဘာကြောင့် သူပုန်စာရေးဆရာလို့ ခေါ်ရကြောင်း အခုလို ရေးထားပါတယ်။

“၁၉၂ဝ ခုနှစ်ကမှ တပြည်လုံး ကျော်သွားသည့် မစ္စတာမောင်မှိုင်း အမည်ခံ ဆရာလွန်းကား အကြီးဆုံးသော သူပုန်စာရေးဆရာဖြစ်လေသည်။ သူရေးနည်းမှာ ဗမာစာပေတွင်လည်း မပေါ်ဖူးသေး၊ အင်္ဂလိပ်စာပေ စသော အခြားစာပေများတွင်လည်း မပေါ်ဖူးသေး၊ ဆရာလွန်း၏ ပင်ကိုဉာဏ်ဖြင့် ထွင်ထုတ်လိုက်သော ရေးနည်းဖြစ်သည်။ သူ့ကိုယ်သူ ယောဂီဆရာကြီးအသွင် ဆောင်လိုက်၏။ တပည့်မ အများ တရားဟော၏။ သူ့ရေးနည်းမှာ လင်္ကာစကားပြေ နှစ်ထွေရောရာဖြစ်၏။ စကားပြေအဖြစ်ဖြင့် ရေးထားသော်လည်း တလုံးနှင့်တလုံး ကာရန်မိသည်ချည်း ဖြစ်၏။ ဗမာစာပေ၌ ပေါ်ပြီးဖြစ်သော်လည်း ခေတ်မစားသေးသော လေးချိုးကြီးများကို ရေးသားလေသည်။ လေးချိုးကို အထူးလေ့လာရေးသားသဖြင့် ဗမာစာပေ၌ ဆရာလွန်းရေးသော လေးချိုးလောက် ကောင်းသော လေးချိုးများ မပေါ်ဖူးချေ။ သို့လို ရေးနည်းဖြင့် စတင်ပုန်ကန်လိုက်သောကြောင့် ‘စာရေးဆရာ သူပုန်ကြီး’ ခေါ်ရပေသည်”

ဒီလို မိတ်ဆက်ပြီးတဲ့အခါ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ စာပေတွေဟာ တိုင်းပြည်ကျွန်ဖြစ်ရတာ နစ်နာတဲ့အကြောင်း၊ လွတ်လပ်ရေးရအောင် ကြိုးစားဖို့လိုတဲ့အကြောင်း၊ ခေါင်းဆောင်တွေ လိမ်တဲ့အကြောင်း၊ တိုင်းရေးပြည်ရေး၊ ပညာရေး တောသူတောင်သားတွေရဲ့ အခြေအနေ စသဖြင့် အောက်ခြေလူတန်းစား အလွှာစုံအတွက် ရေးတဲ့ စာတွေဖြစ်တဲ့အတွက် နှစ်ပေါင်း ၉ဝဝ ကျော် တည်တံ့လာခဲ့တဲ့ ဗမာစာရေးဆရာတွေရဲ့ ထုံးစံကို တော်လှန်ခဲ့သူ သတ္တိအရှိဆုံး ‘စာရေးဆရာ သူပုန်ကြီး’ လို့ ကင်ပွန်းတပ်လိုက်ပါတယ်။

ဒီစာအုပ်ကို ဆရာသိန်းဖေမြင့်က ဆရာကြီးနဲ့ အနီးကပ်နေထိုင်ရင်း ရေးသားခဲ့ပြီး အပိုင်း ၄ ပိုင်း ခွဲထားပါတယ်။ နောက်ဆုံးဖြစ်တဲ့ စတုတ္ထပိုင်း ကိုတော့ ဒီးဒုတ်ဦးဘချိုက ဖြည့်စွက်ရေးသားခဲ့တာဖြစ်ပါတယ်။ ၁၉၆၄ ခုနှစ် စက်တင်ဘာလမှာ တတိယအကြိမ်အဖြစ် ထုတ်ဝေတဲ့ စာအုပ်မှာတော့ ဆရာကြီးကွယ်လွန်ပြီး ဗိုလ်တထောင် သတင်းစာမှာရေးသားခဲ့တဲ့ ဆရာသိန်းဖေမြင့်ရဲ့ ‘မျိုးချစ်စာဆိုကြီး သခင်ကိုယ်တော်မှိုင်း’ နဲ့ ‘သခင်ကိုယ်တော်မှိုင်းဆိုတာ ဘာလဲ’ ဆိုတဲ့ ဆောင်းပါး ၂ ပုဒ်ကို ထပ်ထည့်ထားပါတယ်။ စာအုပ်ရဲ့ အဆုံးမှာ ၁၉၅၃ ခုနှစ် ဇွန်လ ၂၃ ရက်နေ့က ဆရာသိန်းဖေမြင့် ရေးထားတဲ့ စာတိုကလေးကို ပုံနှိပ်ထားပြီး အဲဒီထဲမှာ ၁၉၃၈ နောက်ပိုင်း ကာလတွေမှာ ကြားသိ တွေ့မြင်ရတဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းအကြောင်း စာအုပ်တစ်အုပ် ရေးဖို့ ရည်ရွယ်ထားတယ်လို့ တွေ့ရပါတယ်။

တကယ်လို့သာ အဲဒီစာအုပ် ရေးဖြစ်ခဲ့မယ်၊ ပုံနှိပ်နိုင်ခဲ့မယ် ဆိုရင် တိုင်းပြည်အတွက် အလွန် အကျိုးရှိလိမ့်မယ်လို့ ယူဆမိပါတယ်။ ။

ထိန်လင်း (၁၃၊ ၁၊ ၂ဝဝ၈)

၂ဝဝ၉ ခုနှစ် ဇန်နဝါရီလ ၁၆ ရက် နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ၏ ထုတ်လွှင့်ချက်အား ပြန်လည်ဖော်ပြပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts