>Maung Yit – From Lincoln then Martin Luther King to Obama

>

လင်ကွန်း၊ မာတင်လူသာကင်းနဲ့ အိုဘားမား မှသည် …

မောင်ရစ်

ဇန်န၀ါရီ ၂၀၊ ၂၀၀၉

လွန်ခဲ့တဲ့ အနှစ် ၄၀ (၁၉၆၈ ဧပြီ ၄) မှာ လူမည်း လူ့အခွင့်အရေးခေါင်းဆောင် “မာတင်လူသာကင်း ဂျုနီယာ” ကျဆုံးခဲ့တယ်။ သူ့မွေးနေ့ကို အမေရိကန်ရဲ့ အာဇာနည်နေ့တနေ့ အဖြစ်သတ်မှတ်တယ်။ ဇန်န၀ါရီ ၁၉။ နောက်တရက် – အနှစ် ၄၀ အကြာ – ဇန်န၀ါရီ ၂၀၊ ၂၀၀၉ မှာ အမေရိကန်ပြည်ထောင်စုက လူမည်းတဦးကို ပထမဦးဆုံး သမ္မတကြီးတဦးအဖြစ် တခဲနက် ရွေးချယ်လိုက်တယ်။ သူ့နံမယ်က ခင်ဗျားတို့ ကျနော်တို့ရဲ့ “အိုဘားမား” …


ဂန္ဓီကို စံထားတဲ့ လူ့အခွင့်အရေးခေါင်းဆောင် မာတင်လူသာကင်းရဲ့ မော်ကွန်းဝင် မိန့်ခွန်းက “အိပ်မက်နဲ့ ငါတို့ … အားလုံး သာတူညီမျှ ငြိမ်းချမ်းတဲ့ ဘ၀ … ငါတို့ တနေ့မှာ ရောက်ကြရမယ် …” တဲ့။ “တို့ခေတ်ကို ရောက်ရမည်မှာ မလွဲပါပေါ့ …”။



လူမည်းတွေကို ကျွန်ဘ၀က လွတ်မြောက်စေဖို့ ပြည်တွင်းစစ်ကြီး ခင်းယူခဲ့ရတဲ့ သမ္မတကြီး လင်ကွန်းရဲ့ ပြည်နယ်က လာတဲ့ လူမည်းသမ္မတလောင်း အိုဘားမားက ” ငါတို့အားလုံး ပြုပြင် ပြောင်းလဲကြစို့ …” တဲ့။



အာဇာနည် မာတင်လူသာကင်းဂျုနီယာရဲ့ အိပ်မက်ဟာ နှစ်ပေါင်း ၄၀ အကြာ ရွေးချယ်ခံသမ္မတ အိုဘားမား လက်ထက်မှာ အကောင်အထည်ပေါ်လာတော့မယ်လို့ အားလုံးက မျှော်လင့်တက်ကြွနေပါပြီ။



အမေရိကန်ပြည်ထောင်စုသမိုင်းမှာ မကြုံစဖူး ထူးခြားတဲ့ သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ ဖြစ်ပါတယ်။ ကမ္ဘာတ၀ှမ်းက လူငယ် လူကြီးတွေ လာရောက် ဆင်နွှဲကြမှာမို့ ဧည့်ပရိသတ် သန်းနဲ့ချီမယ်။ လူမည်းကပြား အိုဘားမားဟာ အာဖရိက နိုင်ငံသားတဦးရဲ့ သား၊ အရှေ့တောင်အာရှမှာလည်း ကြီးပြင်းခဲ့သမို့ ကမ္ဘာတ၀ှမ်းက သူ့ကို သူတို့မိတ်ဆွေသဖွယ်၊ သားချင်းသဖွယ် အိမ်နီးချင်းသဖွယ် မှတ်ထင်နေကြပုံပါပဲ။



စီးပွားရေး ခြွတ်ခြုံကျနေတဲ့ အမေရိကန်ပြည်ထောင်စုသားတွေမှာ အမြင့်မားဆုံး ဂုဏ်သိက္ခာကြီးကတော့ အာမခံချက် ပြည့်ဝတဲ့ နိုင်ငံရေး စနစ်ပဲ ဖြစ်ပါတော့တယ်။ အဲသည် လွတ်လပ်မှု၊ တရားမျှတမှုနဲ့ အမှန်တရားကို အာမခံတဲ့ နိုင်ငံရေးစနစ်က လူမည်းသမ္မတတဦးနဲ့ အစိုးရအသစ်တခုကို ဒီနှစ်မှာ မွေးဖွားပေးလိုက်နိုင်တာမို့ အမေရိကန်မဟုတ်သူ မောင်ရစ်လို လူမျိုးတွေက မှင်သက်လို့ ရှုမောမဆုံးနိုင်အောင် အံ့သြကုန်နိုင်ဖွယ် ဖြစ်နေရတာပေါ့ ခင်ဗျာ။



အာဏာရှင်တွေ၊ ဆွေစဉ်မျိုးဆက် မင်းဆက်တွေ၊ ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲ ဖိတ်လို့မကုန်နိုင်တဲ့ တခါးပိတ် အသိုင်းအ၀ိုင်းကျဉ်းတွေကြားထဲ နေထိုင် ရှင်သန်ရတာ အကျင့်ပါလွန်းနေတော့ ပြည်ထောင်စု အမေရိကန်နိုင်ငံကြီးက နိုင်ငံကြီးသားစိတ်ဓာတ်တွေကို ဉာဏ်မမီလောက်တောင် ဖြစ်မိပါရဲ့။



ဒါ့အပြင် အိုဘားမားရဲ့ ကွယ်လွန်သူ ဖခင်ကြီးဇစ်မြစ်ဖြစ်တဲ့ ကင်ညာနိုင်ငံက အိုဘားမားအမျိုးတွေက သူတို့နိုင်ငံနဲ့ တိုက်ရိုက် မဆီမဆိုင် ဂုဏ်တွေယူပြီး ပျော်ရွှင်တက်ကြွနေကြတာကိုလည်း မနာလိုမိသလိုလို အားကျမိသလိုလိုနဲ့ပေါ့ ခင်ဗျာ။



ဆန်ဖရန်စစ္စကို တက္ကသိုလ် (SFSU) မှာ ကင်ညာနိုင်ငံသားလေး တဦး လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကျောင်းလာတက်ခဲ့တယ်။ ကျောင်းစရိတ်ကလွဲရင် အပိုသုံးစရာမရှိတော့ အားကစားရုံက ကျောင်းဘီဒိုလေးမှာ သူ့ပစ္စည်းတွေထည့်သိမ်း၊ စာကြည့်တိုက်က ၂၄ နာရီ စာဖတ်ခန်းကျယ်ကို နားစရာ၊ စာကျက်ရာ ပြီးတော့ အိပ်စရာအဖြစ် ထားပြီး ကျောင်းတက်ခဲ့တယ်။ စာက တော်လွန်းတော့ ဆရာတွေ ကျောင်းသားတွေက ချစ်ပြီး ၀ိုင်းကူတော့ အချိန်ပိုင်း စာပြဆရာအလုပ်ရတယ်။ ပညာရေး ချေးငွေ နည်းနည်းပါးပါးရတယ်။ သူကလည်း အမြဲတမ်း စာဖတ်ရင်ဖတ်၊ မဖတ်ရင် သူများတွေကို စာရှင်းပြနေတာချည်းပဲ တွေ့ရတယ်။ မျက်နှာမှာက မာန်မာနကင်းစင်တဲ့ အပြုံး။ နောက်နှစ်တွေမှာတော့ သူ အဆောင်ခန်း ငှားပြီး ရပ်တည်နိုင်ခဲ့ပါတယ်။ သူက ဆေးပညာရှင်တဦးဖြစ်အောင် ပညာတွေ ဆက်သင်သွားမှာတဲ့။ ကြီးမားတဲ့ အိပ်မက်နဲ့။



အမေရိကန်နဲ့ တချို့ကမ္ဘာအခြမ်းကလူတွေ “အိုဘားမား” ရောဂါသည်းနေချိန်မှာ အဲသည်ကျောင်းသားငယ်လေးဟာ သူ့အလုပ်သူ လုပ်နေတာပါပဲ။ နောက်တော့ အိုဘားမား သမ္မတအဖြစ် ရွေးကောက်ခံရချိန်၊ ကျမ်းသစ္စာကျိန်ဆိုပွဲအတွက် ပြင်ဆင်နေကြချိန်မှာတော့ သူ့ကို ၀ါရှင်တန်သွားဖို့ အထုပ်အပိုးပြင်ဆင်နေတာကို တွေ့ရပါတော့တယ်။



အိုဘားမားက သူ့အဖေဘက်က ကင်ညာနိုင်ငံသား ဆွေမျိုးသားချင်း ၂၅ ဦးကို ပွဲတက်ဖို့ ဖိတ်ပါတယ်တဲ့။ အဲဒီထဲမှာ အဲသည်က ကျနော်တို့ရဲ့ကျောင်းသားလေးလည်း တဦးပါတယ်။ သူက အဖေ့ဖက်က ညီမ (သို့မဟုတ် အမ) ရဲ့ သား။ သူနဲ့ဆိုရင် မြန်မာအခေါ် ၀မ်းကွဲညီ။ ဆန်ဖရန်စစ္စကို တက္ကသိုလ်က ရိုးကုပ်ဆင်းရဲတဲ့ ကင်ညာနိုင်ငံသားကျောင်းသားလေးတယောက်ဟာ အိုဘာမားရဲ့ သားချင်းတဦးဆိုတာက အဲဒီအချိန်မှ မောင်ရစ်တို့ သိရတယ်။



အိုဘားမားရဲ့ သားချင်းတဦး ဆန်ဖရန်စစ္စကိုတက္ကသိုလ်မှာ တက်သွားတယ်ဆိုတဲ့ အချက်ဟာ ဂုဏ်ယူစရာတခု ဖြစ်တယ်ဆိုရင် အဲဒီ ၀မ်းကွဲညီကလေးက သူ့အရည်အချင်းနဲ့ ကိုယ့်အားကိုယ်ကိုး ကိုယ်ဒူးကိုယ်ချွန်လို့ ချီတက်သွားတယ်ဆိုတာ ပိုပြီး ဂုဏ်ယူစရာ ဖြစ်ပါတယ်။ သူ့ “အိုဘားမား”အကြောင်းကို သူ့တို့နိုင်ငံသားများနဲ့ တန်းတူညီမျှ အတူတကွ ဂုဏ်ယူခဲ့ပြီး ထူးထူးခြားခြား ကိုယ်ရေးကိုယ်တာ ထုတ်ဖော်ကြွားဝါသွားခြင်း အလျင်းမရှိတာကလည်း ချီးကျူးစရာ အားမာန်တခုပဲ ဖြစ်နေပါတော့တယ်။



ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးရဲ့ အဝေးကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတဦးအနေနဲ့ ပြည်ထောင်စု အမေရိကန်နိုင်ငံတော်ကြီးရဲ့ တရားမျှတမှု၊ လွတ်လပ်မှုနဲ့ အမှန်တရားကို အာမခံချက် ပေးတဲ့ နိုင်ငံရေးစနစ်အဖြစ် မျိုးဆက်တွေ အဆင့်ဆင့် လက်ဆင့်ကမ်း ကြိုးပမ်းခဲ့ကြတဲ့ လုံလ၀ီရိယတွေကို အလေးပြုမိပါတယ်။ သူတို့ရဲ့ အသားအရောင်မခွဲ၊ ကျားမ မခွဲ၊ အဆင့်အတန်းမခွဲခြားတဲ့ နိုင်ငံရေးစနစ်တခုအဖြစ် ယခုလို လင်ကွန်းကနေ မာတင်လူသာကင်း၊ အဲဒီနေ အိုဘားမားအထိ မဆုတ်မနစ်တဲ့ ခရီးရှည်ကြီးကို ဦးညွတ်မိပါတယ်။



ဒါ့အပြင် လူသားတိုင်း တမိုးအောက်တည်းမှာ သာတူညီမျှ လွတ်လပ်ကြသည်ဆိုတဲ့ အခြေခံမူကြီးကို အကြွင်းမဲ့ ယုံကြည်လို့ ဆွေတွေ မျိုးတွေ အမှီအခိုတွေ ကျေးဇူးခံ ကျေးဇူးစားတွေ အမွေအနှစ်တွေ အပေးအယူ နားလည်မှုတွေက ကင်းလွတ်စွာနဲ့ ဖြစ်ထွန်း ထူထောင်တဲ့ အမေရိကန်ရဲ့ နိုင်ငံသားကောင်းတွေထဲက တဦးဖြစ်တဲ့ အိုဘားမားကိုသာမက၊ ထိုကဲ့သို့ ယုံကြည်ရဲရင့်တဲ့ ကင်ညာနိုင်ငံရဲ့ အိုဘားမားညီဝမ်းကွဲ ကျောင်းသားငယ်လေးကဲ့သို့သော တမ္ဘာတလွှားက လွတ်လပ်တဲ့ နိုင်ငံသားကောင်းတွေကိုပါ အားကျဂုဏ်ယူမိလိုက်ပါရဲ့။



ကျနော်တို့ မြန်မာနိုင်ငံကြီးသားကောင်းတွေကလည်း “တို့ခေတ်ရောက်မှ ညံ့ကြတော့မှာလား …”


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts