>Decades-Long conflict (4)

>

သက်တမ်းရှည်ပဋိပက္ခ (အပိုင်း ၄)

အောင်သာငယ်

ဇန်န၀ါရီ ၁၇၊ ၂၀၀၉

၁၉၄၆ မှ ၂၀၀၀ ပြည့်နှစ်အတွင်း ပါလက်စတိုင်းနယ်မြေ ဆုံးရှုံးမှု။

အစိမ်းရောင်မှာ ပါလက်စတိုင်းနယ်မြေဖြစ်ပြီး၊ အဖြူရောင်မှာ အစ္စရေးနယ်မြေဖြစ်သည်။

လက်ဘနွန် ပဋိပက္ခ (၁၉၇၈)

ဒီပြသနာရဲ့ အစကတော့ PLO ကနေ ခွဲထွက်ခဲ့တဲ့ လက်နက်ကိုင် အဖွဲ့တခုဖြစ်တဲ့ ဖာတာ (Fatah) အဖွဲ့က အဖွဲ့ဝင် ၁၁ ယောက်ဟာ ၁၉၇၈ မတ်လ ၁၁ ရက်မှာ အမေရိကန် ကမ္ဘာလှည့် ခရီးသည် တယောက်ကို သတ်ဖြတ်ခဲ့ပါတယ်၊ အဲဒီနောက် သူတို့ဟာ အစ္စရေးနိုင်ငံရဲ့ တတိယ အကြီးဆုံး မြို့ဖြစ်တဲ့ Haifa မြို့အနီးက ကမ်းရိုးတမ်း လမ်းပေါ်မှာ ခရီးသည်တင် ကားတစီးကို စီးနင်းခဲ့တယ်၊ အစ္စရေး နိုင်ငံရဲ့ ဒုတိယ အကြီးဆုံး မြို့ဖြစ်တဲ့ Tel Aviv ကို နောက်ထပ် ခရီးသည်တင် ကားတစီးနဲ့ မောင်းချ လာခဲ့တဲ့ လမ်းတလျှောက် ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုတွေမှာ အစ္စရေး နိုင်ငံသား ၃၆ ယောက် သေကြေခဲ့ပြီး ၇၆ ယောက် ဒဏ်ရာရခဲ့ပါတယ်။

ဒီလိုမျိုး အဖြစ်အပျက်တွေကို နောက်ထပ် မဖြစ်အောင် လုပ်ဆောင်တဲ့ အနေနဲ့ Litani စစ်ဆင်ရေးလို့ အမည် ပေးပြီး အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့က ဆင်နွှဲခဲ့တဲ့ စစ်ပွဲတခုပဲဖြစ်ပါတယ်။ စစ်ဆင်ရေးရဲ့ ရည်မှန်းချက် ကတော့ လက်ဘနွန် တောင်ပိုင်းဒေသကို ခြေကုပ်ယူပြီး အစ္စရေး နိုင်ငံထဲကို ၀င်ရောက် တိုက်ခိုက်နေတဲ့ PLO အပါအ၀င် တခြား ပါးလက်စတိုင်း လက်နက်ကိုင် အဖွဲ့တွေကို Litani မြစ်ရဲ့ မြောက်ဖက်ခြမ်းကို ရောက်သည် အထိ တိုက်ထုတ်ဖို့ပါပဲ။ လက်ဘနွန် နိုင်ငံထဲကို မတ်လ ၁၄ ရက်နေ့မှာ ၀င်ရောက် တိုက်ခိုက်ခြင်းပဲ ဖြစ်ပါတယ်။

အစ္စရေးရဲ့ ဒီ စစ်ဆင်ရေးဟာ စစ်ရေးအရ အောင်မြင်ခဲ့ပြီး PLO နဲ့ တခြား လက်နက်ကိုင် အဖွဲ့တွေကို Litani မြစ်မြောက်ဖက်ခြမ်း ရောက်အောင် တိုက်ထုတ်နိုင်ခဲ့ပါတယ်။ လက်ဘနွန် အစိုးရရဲ့ ကန့်ကွက်မှုကြောင့် ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်သိမ်းမှုတပ် က မတ်လ ၂၃ ရက်နေ့ကနေ စတင်ပြီး ပဋိပက္ခ ဖြစ်ပွားခဲ့တဲ့ ဒေသတွေမှာ တပ်စွဲလိုက်ပါတယ်။ အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့ကို တစိပ်တပိုင်း တပ်ရုတ်သိမ်းစေခဲ့ပါတယ်။

ပထမ လက်ဘနွန်စစ်ပွဲ (၁၉၈၂)

ပထမလက်ဘနွန်စစ်ပွဲလို့ အစ္စရေးနိုင်ငံက ခေါ်ဆိုလေ့ရှိတဲ့ ဒီစစ်ပွဲဟာ ဇွန်လ ၆ ရက်နေ့မှာ အစ္စရေးကာကွယ်ရေးတပ်က လက်ဘနွန်နိုင်ငံ တောင်ပိုင်းကို ၀င်ရောက် တိုက်ခိုက်ရာကနေ စတင် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အစ္စရေးက ဒီစစ်ဆင်ရေးကို Operation Peace of the Galillee လို့ အမည်ပေးပါတယ်။

ဒီစစ်ပွဲရဲ့ အကြောင်းခံကတော့ ဇွန်လ ၃ ရက်နေ့မှာ သေနတ်သမား ၃ ယောက်က အစ္စရေးသံအမတ် Shlomo Argov ကို လန်ဒန်မြို့ပေါ်မှာ ဦးခေါင်းကို ပစ်ခတ်ပြီး လုပ်ကြံခဲ့မှုဖြစ်ပါတယ်။ လုပ်ကြံသူ ၃ ဦးလုံးကို ဖမ်းဆီးရမိပြီး Abu Nidal Organization (ANO) ရဲ့ အဖွဲ့ဝင်တွေ ဖြစ်ကြောင်း သိရှိရပါတယ်။ Abu Nidal ဟာ တော်လှန်ရေးကောင်စီလို့ ခေါ်တဲ့ Fatah အဖွဲ့ကို တည်ထောင်ခဲ့တဲ့ ပါလက်စတိုင်း နိုင်ငံရေး ခေါင်းဆောင် ဖြစ်ပါတယ်။

ဒီအဖြစ်အပျက်ကို လက်တုန့်ပြန်တဲ့အနေနဲ့ PLO တပ်ဖွဲ့တွေ တည်ရှိနေတဲ့ လက်ဘနွန်တောင်ပိုင်းဒေသကို အစ္စရေး နယ်စပ်ကနေ ကီလိုမီတာ ၄၀ အကွာ အထိ ရှင်းလင်းမယ်လို့ တရားဝင် ထုတ်ဖော်ပြောပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့်ပဲ စက်တင်ဘာလထဲမှာတော့ လက်ဘနွန်မှာ ရှိနေတဲ့ တိုက်ခိုက်ရေး အင်အား ၆၅၀၀ အထိ ရှိတဲ့ PLO တပ်တွေဟာ ဂျော်ဒန်၊ ဆီးရီးယား၊ အီရတ်၊ ဆူဒန်၊ တောင်ယီမင်၊ မြောက်ယီမင်၊ ဂရိ၊ တူနီးရှား စတဲ့ နိုင်ငံတွေကို တရားဝင် ဆုတ်ခွာခဲ့ရပါတော့တယ်။ Multinational Force in Lebanon (MNF) ခေါ်တဲ့ နိုင်ငံစုံ တပ်တွေ ဖြစ်တဲ့ အမေရိကန်၊ ပြင်သစ်၊ အီတလီနဲ့ ဗြိတိသျှ တပ်တွေက PLO ဆုတ်ခွာမှုကို ကြီးကြပ် ကွပ်ကဲခဲ့ကြပါတယ်။ ၁၉၈၃ ခုနှစ် မေလမှာတော့ အစ္စရေးတပ် အချို့ လက်ဘနွန်တောင်ပိုင်းကနေ စတင် ဆုတ်ခွာပေးခဲ့ပြီး စစ်ပွဲ ပြီးဆုံးခဲ့ပါတယ်။ သို့သော်လည်း ၁၉၈၅ ခုနှစ် ဇွန်လ အထိ အစ္စရေးတပ်များ လက်ဘနွန် တပ်မတော်နဲ့အတူ လက်ဘနွန်တောင်ပိုင်းမှာ ရှိနေခဲ့ပါတယ်။

ဟစ်ဇဘိုလာ

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့တွေ လက်ဘနွန်တောင်ပိုင်းကို ၀င်ရောက် သိမ်းပိုက်ချိန်ကနေ စတင် ပေါ်ပေါက် လာပြီး ယနေ့အချိန်အထိ အစ္စရေးတပ်တွေကို ပျောက်ကျားစစ် ဆင်နွှဲနေခဲ့တဲ့ ဟစ်ဇဘိုလာ (Hezbollah) အဖွဲ့ကိုလည်း အာရပ်-အစ္စရေး ပဋိပက္ခထဲမှာ ထည့်သွင်း ပြောဆိုရမှာ ဖြစ်ပါတယ်။ ဟစ်ဇဘိုလာဟာ လက်ဘနွန် တောင်ပိုင်းဒေသမှာ ယနေ့အချိန်ထိ ထိန်းချုပ်ထားနိုင်နေတုန်းပဲ ဖြစ်ပါတယ်။ သူတို့ဟာ ရှီယာမွတ်ဆလင် လက်နက်ကိုင် အဖွဲ့ တခုဖြစ်ပြီး အာရပ်ကမ္ဘာနဲ့ မွတ်ဆလင်ကမ္ဘာက အသိအမှတ်ပြုထားတဲ့ တော်လှန်ရေး အဖွဲ့အစည်း တခုလည်း ဖြစ်နေခဲ့ပါတယ်။

ဟစ်ဇဘိုလာ တပ်ဖွဲ့ဝင် ၂ဦး

(ဓာတ်ပုံ-AP)

အမေရိကန် ပြည်ထောင်စု၊ အစ္စရေး၊ ကနေဒါနဲ့ နယ်သာလန် နိုင်ငံတွေကတော့ ဟစ်ဇဘိုလာကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားပါတယ်။ ၁၉၈၂ လက်ဘနွန် စစ်ပွဲ အချိန်ကနေ စတင်ပြီး ယနေ့ထက်ထိ အသေခံ ဗုံးခွဲမှုများ၊ ပြန်ပေးဆွဲမှုများ၊ ချောင်းမြောင်း ပစ်ခတ်မှုများ၊ နယ်စပ်ဖြတ်ကျော် စီးနင်းတိုက်ခိုက်မှုများနဲ့ အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့တွေကို ဟစ်ဇဘိုလာ တပ်ဖွဲ့တွေက ဆက်တိုက် တိုက်ခိုက်နေခဲ့ပါတယ်။

တခု အံ့သြစရာ ကောင်းတာကတော့ ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့မှာ World Trade Center ကို Al Qaeda က တိုက်ခိုက်မှုကို ဟစ်ဇဘိုလာတွေက အရပ်သားများကို တိုက်ခိုက်မှုအဖြစ် ရှုံ့ချခဲ့တာပဲ ဖြစ်ပါတယ်။ ပင်တဂွန်စစ်ဌာနချုပ်အပေါ် တိုက်ခိုက်မှုကိုတော့ ထောက်ခံခြင်းလည်း မပြု၊ ရှုံ့ချခြင်းလည်း မရှိဘဲ ဟစ်ဇဘိုလာက နှုတ်ပိတ်နေခဲ့ပါတယ်။

ပထမ အင်တီဖာဒါ လှုပ်ရှားမှု (၁၉၈၇)

Intifada ဒါမှမဟုတ် war of stones လို့ ခေါ်တဲ့ အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့တွေကို ကျောက်တုံး ကျောက်ခဲ တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်တဲ့ ပါလက်စတိုင်း ပြည်သူလူထုရဲ့ အစ္စရေး အုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုဟာ Jabalia ဒုက္ခသည်စခန်းကနေ စတင် ပေါ်ပေါက်ခဲ့ပါတယ်။

ဒီလှုပ်ရှားမှုအတွင်းမှာ ပါလက်စတိုင်းပြည်သူ ၁၀၀၀ လောက်ကို ပါလက်စတိုင်းတွေကပဲ သစ္စာဖောက်တယ်လို့ ယူဆပြီး သတ်ဖြတ်ခဲ့ပါတယ်။ တကယ့်တကယ်ကတော့ သတ်ဖြတ်ခံရသူတွေရဲ့ အနည်းစုကိုသာ အစ္စရေး အာဏာပိုင်တွေနဲ့ ဆက်သွယ်ခဲ့တယ်လို့ သက်သေပြနိုင်ခဲ့တာပါ။

ဒီလှုပ်ရှားမှုဟာ ၁၉၈၇ ခုနှစ်ကနေ ၁၉၉၃ ခုနှစ်ထိ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီကာလတွေအတွင်းမှာ အစ္စရေးတပ်တွေ လက်ချက်နဲ့ ပါလက်စတိုင်းပြည်သူတွေ ၁၂၀၀ လောက် သေကြေခဲ့ပြီး ပါလက်စတိုင်း လူထု လက်ချက်နဲ့ အစ္စရေးစစ်သား ၁၆၀ ကျော်လည်း သေဆုံးခဲ့ရပါတယ်။ ပါလက်စတိုင်းပြည်သူ ၁၂၀,၀၀၀ ကျော်လည်း အဖမ်းအဆီးခံခဲ့ရပါတယ်။

ပင်လယ်ကွေ့စစ်ပွဲ (၁၉၉၀)

ဒီစစ်ပွဲကတော့ အီရတ်နိုင်ငံက သူ့လိုပဲ အာရပ်နိုင်ငံတခုဖြစ်တဲ့ ကူဝိတ်ကို ကျူးကျော် သိမ်းပိုက်ရာကနေ ဖြစ်ခဲ့ပါတယ်။ ၁၉၉၀ သြဂုတ် ၂ ရက်နေ့ကနေ ၁၉၉၁ ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ ဖြစ်ပွားခဲ့တဲ့ ပါရှန်းပင်လယ်ကွေ့ စစ်ပွဲမှာလည်း အစ္စရေးနိုင်ငံဟာ ပါဝင် ပတ်သက်ခဲ့ရပြန်ပါတယ်။

သြဂုတ်လမှာ ကူဝိတ်နိုင်ငံကို ၀င်ရောက်သိမ်းပိုက်ခဲ့တဲ့ အီရတ်နိုင်ငံအပေါ် စစ်ရေးအရ အရေးယူ ဆောင်ရွက်ချက် အဖြစ် ကုလသမဂ္ဂရဲ့ အတည်ပြုချက်နဲ့အတူ နိုင်ငံပေါင်း ၃၄ နိုင်ငံပါဝင်တဲ့ ညွန့်ပေါင်း တပ်ဖွဲ့တွေက ကူဝိတ်ကို ကျူးကျော်ထားတဲ့ အီရတ်တပ်တွေကို တိုက်ထုတ်ရာကနေ ပင်လယ်ကွေ့စစ်ပွဲ စတင်ခဲ့ ပါတယ်။

ပင်လယ်ကွေ့စစ်ပွဲမှာ အီရတ်က အစ္စရေးနိုင်ငံကို စစ်ထဲပါဝင်လာအောင် စကဒ်ဒုံးကျည်တွေ ပစ်ခတ်ပြီး ရန်စခဲ့ပါတယ်။ အီရတ်ရဲ့ တွက်ကိန်းမှာတော့ ညွန့်ပေါင်းတပ်ဖွဲ့ထဲမှာ အစ္စရေးနိုင်ငံ ပါဝင်လာခဲ့ရင် အမေရိကန်နဲ့ ညွန့်ပေါင်းအဖြစ် တွဲနေတဲ့ အာရပ်နိုင်ငံတွေ ထွက်သွားလိမ့်မယ်လို့ ယူဆခဲ့တာပါပဲ၊ ဒါ့အပြင် ဘာသာရေး စစ်ပွဲအသွင် ဆောင်အောင်လည်း အားထုတ်ခဲ့တာပါပဲ။

ဒီလိုနဲ့ အစ္စရေးနိုင်ငံပေါ် စကဒ်ဒုံးကျည် စုစုပေါင်း ၃၉ လုံး ပစ်ခတ်ပြီး ရန်စခဲ့ပါတယ်။ ဘယ်တုန်းကမှ နားရွက် တံတွေး ဆွတ်တာကို ငြိမ်မခံခဲ့တဲ့ အစ္စရေးနိုင်ငံက ဒီတခါတော့ ငြိမ်ခံခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ဖိအားပေးမှုကြောင့်သာ ငြိမ်ခံနေခဲ့တာဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စု ကလည်း အစ္စရေးကို စစ်ရေးအရ ၀င်ရောက် မစွက်ဖက်အောင် သံတမန်နည်းအရ အစွမ်းကုန် ဖိအား ပေးခဲ့တဲ့ အပြင် Patriot ခေါ်တဲ့ ဒုံးခွင်းဒုံး Anti-Missile System တွေ ပေးပို့ပြီး စကဒ်ဒုံးကျည်တွေရန်က ကာကွယ်နိုင်အောင် ဖြည့်ဆည်းပေးခဲ့ပါတယ်။ အကယ်၍သာ အစ္စရေး လေတပ်က အီရတ်ကို လာရောက် ဗုံးကြဲခဲ့ရင် ဂျော်ဒန်နဲ့ ဆီးရီးယားနိုင်ငံတွေကို ဖြတ်ကျော်လာရမှာ ဖြစ်ပါတယ်။ ဒီအခါမှာ ဒီနိုင်ငံတွေကလည်း စစ်ပွဲထဲကို အီရတ်ဘက်ကနေ ပါဝင် တိုက်ခိုက် လာနိုင်ခြေ ရှိတာကြောင့် ပိုမို ရှုပ်ထွေးမှု ဖြစ်လာစေမှာပါပဲ။

သူ့ကို ထိလာရင် အမြဲတမ်း လက်တုန့်ပြန်လေ့ရှိတဲ့ အစ္စရေးနိုင်ငံကိုတော့ ဒီစစ်ပွဲမှာ အမေရိကန်ပြည်ထောင်စုက နားချနိုင်ခဲ့ပါတယ်။

မိုင်းနင်းမိသော ကလေးငယ်တဦး



အော်စလို သဘောတူညီချက် (၁၉၉၃)


အမေရိကန်သမတ ကလင်တန် ရှေ့မှောက်မှာ ဆိုဗီယက် ပြည်ထောင်စုက အဲန်ဒရီကော့ဇီယက်ဗ်၊ အမေရိကန် ပြည်ထောင်စုက ၀ါရဲန်ခရစ္စတိုဖာတို့ကို သက်သေထားပြီး အစ္စရေး ၀န်ကြီးချုပ် ယစ်ဇက်ရာဘင်နဲ့ PLO ရဲ့ ခေါင်းဆောင် ယာဆာရာရာဖတ်တို့ နော်ဝေးနိုင်ငံ အော်စလိုမြို့မှာ သြဂုတ်လ ၂၀ ရက်နေ့က တရားဝင် လက်မှတ်ရေးထိုးခဲ့ကြတဲ့ သဘောတူညီချက် ဖြစ်ပါတယ်။

သဘောတူညီချက်အရ ဂါဇာကမ်းမြှောင်ဒေသနဲ့ West bank ခေါ်တဲ့ ဂျော်ဒန်မြစ် အနောက်ဖက်ကမ်း ဒေသတွေ ကနေ အစ္စရေး ကာကွယ်ရေး တပ်တွေကို ဆုတ်ခွာပေးမှာ ဖြစ်ပြီး Palestinian Authority ခေါ်တဲ့ ပါလက်စတိုင်း အစိုးရကို ဖွဲ့စည်းပြီး ဒီဒေသတွေကို အုပ်ချုပ်ခွင့် ပေးမှာ ဖြစ်ပါတယ်။

ဒီနည်းနဲ့ ပါလက်စတိုင်း အုပ်ချုပ်ခွင့်ရဒေသ ပေါ်ပေါက်လာပါတယ်။ ။

(အပိုင်း ၅ နိဂုံးပိုင်းကို ဆက်လက်ဖတ်ရှုပါ)




သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts