>Decades-Long conflict (3)

>

သက်တမ်းရှည်ပဋိပက္ခ (အပိုင်း ၃)
အောင်သာငယ်
ဇန်န၀ါရီ ၁၇၊ ၂၀၀၉


တတိယ အာရပ်-အစ္စရေး စစ်ပွဲ ( ၆ ရက် စစ်ပွဲ – ၁၉၆၇)
၁၉၆၄ ခုနှစ်မှာ အစ္စရေးက ဂျော်ဒန်မြစ်ရေကို သူရဲ့ နိုင်ငံတော် ရေပေးဝေရေး အစီအစဉ် အတွက် စတင် ထုတ်ယူ သုံးစွဲခဲ့ပါတယ်။ ၁၉၆၅ ခုနှစ်မှာ အာရပ်နိုင်ငံတွေက စုပေါင်းပြီး Headwater Diversion Plan ခေါ်တဲ့ ရေလွှဲယူရေး စီမံကိန်း တခုကို အကောင် အထည် ဖော်ခဲ့ပါတယ်။ ဒီစီမံကိန်းသာ အပြည့် အ၀ အကောင် အထည် ပေါ်ခဲ့ရင် ဆီးရီးယားပိုင် ဂိုလန်ကုန်းမြင့်မှာရှိတဲ့ Banias စမ်းချောင်းက ရေတွေ အစ္စရေးနိုင်ငံနဲ့ အစ္စရေးရဲ့ ဂါလိလဲ (Galilee) ပင်လယ်ကို မရောက်ခင်မှာ လမ်းလွှဲယူပြီး ဂျော်ဒန်နဲ့ဆီးရီးယားရဲ့ Mukhaiba ရေကာတာထဲ ထည့်မှာ ဖြစ်သလို၊ ဂျော်ဒန်မြစ်ထဲ စီးဝင်နေတဲ့ မြစ်ခွဲတခုဖြစ်တဲ့ Hasbani မြစ်ရဲ့ ရေတွေကို လက်ဘနွန်မှာရှိတဲ့ Litani မြစ်ထဲကို လွှဲယူမှာ လည်း ဖြစ်ပါတယ်။ ရလဒ်အဖြစ် အစ္စရေးရဲ့ နိုင်ငံတော် ရေပေး ဝေရေး အစီအစဉ် အတွက် ရယူနိုင်မယ့် ရေပမာဏဟာ ၃၅% ကို ကျသွားမှာ ဖြစ်သလို တနိုင်ငံလုံးရဲ့ ရေပေးဝေနိုင်မှု ပမာဏဟာလည်း ၁၁% အထိ ထိုးကျသွားမှာ ဖြစ်ပါတယ်။

ဒါကို လက်မခံနိုင်တဲ့ အစ္စရေးနိုင်ငံဟာ အစ္စရေး ကာကွယ်ရေးတပ် (Israel Defense Forces – IDF) တွေကို ပို့လွှတ်ပြီး ၁၉၆၅ ခုနှစ် မတ်လ၊ မေလနဲ့ သြဂုတ်လတွေထဲမှာ ရေလွှဲယူရေး လုပ်ငန်းတွေ တည်ဆောက် အကောင် အထည် ဖော်နေတဲ့ ဒေသတွေ အားလုံးကို ၀င်ရောက် တိုက်ခိုက် ဖျက်ဆီးလိုက်ပါတယ်။ ဒီ အဖြစ် အပျက် တွေဟာ အာရပ်-အစ္စရေး (၆)ရက်စစ်ပွဲကို ဦးတည်သွားစေတဲ့ တိုက်ရိုက် အကျိုး သက်ရောက်မှု ဖြစ်စေတဲ့ အဖြစ်အပျက်တွေ ဖြစ်ပါတယ်။

၆ ရက် စစ်ပွဲ – ၁၉၆၇တွင် ကျဆုံးခဲ့သူတဦး (ဓာတ်ပုံ- TopFoto)


အီဂျစ်ရဲ့ရာဇသံ
၁၉၆၇ ခုနှစ် မေလမှာတော့ အီဂျစ် သမတ နတ်ဆာက စူးအက်တူးမြောင်း ဒေသ အပါအ၀င် ဆိုင်းနိုင်း ကျွန်းဆွယ်မှာ ရှိနေတဲ့ ၁၉၅၇ ခုနှစ် ကတည်းက တပ်စွဲထားခဲ့တဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်တွေကို ရုတ်သိမ်းဖို့ ရာဇသံပေးလိုက်ပါတယ်။ ဒါ့အပြင် ဆိုင်းနိုင်း ကျွန်းဆွယ်နဲ့ ဆော်ဒီအာရေးဘီးယား အကြားက Tiran ရေလက်ကြားကိုပါ ပိတ်ခဲ့ပါတယ်။ အစ္စရေးအလံ တင်လာသမျှ သင်္ဘောတွေအားလုံးကို ပိတ်ဆို့ခဲ့ပါတယ်။ Tiran ရေလက်ကြားဟာ ဂျော်ဒန်ရဲ့ တခုတည်းသော ဆိပ်ကမ်း ဖြစ်တဲ့ Aqaba နဲ့ အစ္စရေးရဲ့ အိန္ဒိယ သမုဒ္ဒရာဘက်ခြမ်းမှာ ရှိတဲ့ တခုတည်းသော ဆိပ်ကမ်းဖြစ်တဲ့ Eilat တို့ကို ၀င်ထွက်ရာ ရေလမ်းကြောင်းဖြစ်ပါတယ်။ အစ္စရေး နိုင်ငံက ကန့်ကွက်နေတဲ့ ကြားမှာပဲ ကုလသမဂ္ဂ တပ်တွေကို ရုပ်သိမ်းခိုင်းပြီး အီဂျစ်တပ်မတော်နဲ့ အစားထိုးခဲ့ပါတယ်။

ဒီအဖြစ်အပျက်တွေကပဲ ဇွန်လ (၅) ရက်မှာ စတင် ဖြစ်ပွားခဲ့တဲ့ အာရပ်-အစ္စရေး (၆)ရက်စစ်ပွဲကို မွေးဖွား ပေးခဲ့တာပါပဲ။ သည်စစ်ပွဲမှာတော့ အစ္စရေးနဲ့ နယ်နိမိတ်ချင်း ဆက်နေတဲ့ အာရပ် နိုင်ငံတွေ ဖြစ်တဲ့ အီဂျစ်၊ ဂျော်ဒန်၊ ဆီးရီးယား နိုင်ငံတွေအပြင် အီရတ်၊ ဆော်ဒီ အာရေးဘီးယား၊ ဆူဒန်၊ တျူနီးရှား၊ မော်ရိုကိုနဲ့ အယ်လ်ဂျီးရီးယား နိုင်ငံတွေကပါ တပ်တွေရော လက်နက် အင်အား တွေရော ထည့်ဝင် ပူးပေါင်းပြီး အစ္စရေး နိုင်ငံကို ၀ိုင်းပြီး တိုက်ခိုက် ခဲ့ကြတာပါ။

အဲသည်အချိန်ကတော့ ကျနော်တို့ နိုင်ငံရဲ့ ဦးသန့်က ကုလသမဂ္ဂအဖွဲ့ကြီးမှာ အထွေထွေ အတွင်းရေးမှူး အဖြစ် တာဝန်ယူ ဆောင်ရွက်နေတဲ့ အချိန်ပါ။ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ကို သူကိုယ်တိုင် သွားရောက်ပြီး ပဋိပက္ခ အဆုံးသတ် နိုင်ဖို့အတွက် အဆိုပြုချက် ၃ ခုကို အကြံပြု ခဲ့တာပါ။ အီဂျစ်က သဘောတူသော်လည်း အစ္စရေးက ပယ်ချ ခဲ့တဲ့အတွက် ဆုံးဖြတ်ချက် မကျနိုင်ခဲ့ပါဘူး။

သံတမန်ရေး ချဉ်းကပ်မှုတွေနဲ့ပဲ ဇွန်လ (၁၀)ရက်နေ့မှာ အပစ်အခတ် ရပ်စဲရေး စာချုပ်နဲ့ (၆) ရက်ကြာ စစ်ပွဲ ပြီးဆုံးခဲ့ပါတယ်။ သို့သော်လည်း ဒီအဖြစ်အပျက်ဟာ ယွန်ကစ်ပူးစစ်ပွဲ-လို့ ခေါ်တဲ့ နောက် (၆)နှစ် အကြာမှာ ဖြစ်မဲ့ ၁၉၇၃ အာရပ်-အစ္စရေးစစ်ပွဲရဲ့ အစလည်း ဖြစ်ခဲ့ပါတော့တယ်။

စစ်ပွဲ အပြီးမှာတော့ အစ္စရေးဟာ အီဂျစ်ရဲ့ ဆိုင်းနိုင်းကျွန်းဆွယ်နဲ့ ဂါဇာ ကမ်းမြှောင်ဒေသ၊ ဆီးရီးယားရဲ့ ဂိုလန် ကုန်းမြင့်၊ ဂျော်ဒန်ရဲ့ ဂျော်ဒန်မြစ် အနောက် ကမ်းပါးဖြစ်တဲ့ West Bank ၊ အရှေ့ ဂျေရုဆလင် စတဲ့ ဒေသတွေကို ထိန်းချုပ် နိုင်စွမ်း ရှိသွားတာပါပဲ။ ပြီးတော့ geopolitics ခေါ်တဲ့ ပထ၀ီ နိုင်ငံရေးမှာ ကြီးမားတဲ့ ရိုက်ခတ်မှု တွေကို ဖြစ်ပေါ်စေခဲ့တော့တာပါပဲ။ အစ္စရေး နိုင်ငံဟာ ၃ ဆ ပိုပြီး ကြီးသွားခဲ့ပြီး အာရပ် လူဦးရေ တသန်း ကျော်ဟာ အစ္စရေး နိုင်ငံ ထိန်းသိမ်းထားရာ ဒေသတွေမှာ ရောက်နေခဲ့ပါတော့တယ်။

ဒီစစ်ပွဲက နိုင်ငံရေး အရ အရေးပါတဲ့ အချက်အလက်အချို့ကိုလည်း သက်သေပြခဲ့ပါတယ်။ အစ္စရေး နိုင်ငံဟာ ဒေသ တခုလုံးမှာ အင်အား ချိန်ခွင်လျှာ ညီမျှနေအောင် အချိန်မရွေး ပြုနိုင်စွမ်း ရှိနေတဲ့အပြင် အချိန်မရွေး တိုက်ခိုက်ဖို့လည်း အဆင်သင့် ဖြစ်နေတယ် ဆိုတဲ့ အချက်ပါပဲ။

ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့
အာရပ်-အစ္စရေးပဋိပက္ခ၊ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခတွေကို ပြောရင် PLO – Palestine Liberation organization က အရေးကြီးတဲ့ နေရာမှာ ပါနေပါတယ်။ PLO ဟာ ၁၉၆၄ ခုနှစ် မေလအတွင်း ဂျေရုဆလင်မြို့မှာ ပြုလုပ်ခဲ့တဲ့ ပါလက်စတိုင်း အမျိုးသား ခေါင်းဆောင် ၄၄၂ ဦးရဲ့ အစည်းအဝေးအပြီး မေလ ၂၈ ရက် ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ ကြေညာစာတမ်းနဲ့အတူ ပေါ်ပေါက်လာတဲ့ လက်နက်ကိုင် အဖွဲ့ အစည်း ဖြစ်ပါတယ်။ ဇီယွန်ဝါဒ တည်ရှိမှုနဲ့ လှုပ်ရှားမှုကို ပိတ်ပင် တားဆီးရမယ် ဆိုတဲ့ ကြွေးကြော်သံနဲ့ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အကြမ်းဖက် လုပ်ရပ်တွေနဲ့အတူ အကြမ်းဖက် အဖွဲ့အစည်း တခု အဖြစ် နိုင်ငံတကာ စာမျက်နှာတွေမှာ ထင်ရှားလာတော့တာပါပဲ။ ၁၉၇၃ အာရပ်-အစ္စရေး စစ်ပွဲ မတိုင်မီ ကာလတွေကတော့ အစ္စရေး စစ်တပ်နဲ့ အီဂျစ် စစ်တပ်၊ အစ္စရေး စစ်တပ်နဲ့ PLO တိုက်ခိုက် နေခဲ့ကြတဲ့ ကန့်သတ် စစ်ပွဲတွေနဲ့ ပြည့်နှက်နေတဲ့ ကာလတွေပါပဲ။

အဖွဲ့ခေါင်းဆောင် ယာဆာအာရာဖတ်


စတုတ္ထ အာရပ်-အစ္စရေးစစ်ပွဲ (ယွန်ကစ်ပူးစစ်ပွဲ – ၁၉၇၃)
ဒီစစ်ပွဲကတော့ ယွန်ကစ်ပူး (Yom Kippur War) စစ်ပွဲလို့လည်း နံမည် ကြီးပါတယ်။ ယွန်ကစ်ပူး ဆိုတာ အရေးကြီးတဲ့ ဂျူးဘာသာရေး ပွဲတော်ရက်ဖြစ်ပြီး ၂၅-နာရီကြာ ဥပုသ်စောင့်ခြင်းနဲ့၊ ဆုတောင်း ၀တ်ပြုခြင်းတွေကို ပြုလုပ်ရတဲ့ အချိန်ကာလဖြစ်ပါတယ်။ လူအများစုဟာ ဘုရားကျောင်းနဲ့ ၀တ်ပြု ဆုတောင်းရာ နေရာ ဒေသတွေမှာ ရောက်ရှိ နေကြတဲ့ အချိန်ဖြစ်ပါတယ်။ အဲဒီနေ့မှာ အလစ်အငိုက် ယူပြီး အီဂျစ်နဲ့ ဆီးရီးယား နိုင်ငံတွေက ဦးဆောင်တဲ့ အာရပ် နိုင်ငံတွေရဲ့ တပ်တွေက အာရပ်-အစ္စရေး (၆) ရက် စစ်ပွဲမှာ သိမ်းပိုက် ခံထားခဲ့ရတဲ့ ဆိုင်းနိုင်းကျွန်းဆွယ်နဲ့ ဂိုလန်ကုန်းမြင့်တွေမှာ ရှိနေတဲ့ အပစ်အခတ် ရပ်စဲရေး မျဉ်းကြောင်းကို တိတ်တဆိတ် ကျော်ဖြတ်ပြီး အစ္စရေးနိုင်ငံကို စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အောက်တိုဘာလ ၆ ရက်ကနေ ၂၆ ရက်နေ့ အထိ တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲဖြစ်ပါတယ်။

နိုင်ငံကြီးတို့၏ အဆင်း ဘီးတပ်ပေးမှု
ဒီစစ်ပွဲ ဖြစ်ပေါ်လာရတဲ့ အကြောင်းတွေအနက် အဓိကကျတဲ့ အကြောင်းကတော့ ဆိုဗီယက်ပြည်ထောင်စုနဲ့ ဆိုင်တယ်၊ ခေတ်သစ် စစ်ပွဲတွေမှာ တခါမှ အသုံးမချခဲ့ဘူးသေးတဲ့ သူတို့ရဲ့လက်နက်တွေကို လက်တွေ့ စစ်မြေပြင်မှာ အမေရိကန် လက်နက် တွေနဲ့ ယှဉ်ပြိုင် အစမ်းသပ်ခံဖို့ မော်စကိုက ခေါင်းဆောင်များက စဉ်းစားရာကနေ စတင်လာတာဖြစ်တယ် စသဖြင့် ထောက်လှမ်းရေး သတင်း ရပ်ကွက်တွေက သုံးသပ်ကြပါတယ်။

ဒီလိုနဲ့ ၁၉၇၂ ခုနှစ်မှာ အီဂျစ်နိုင်ငံဟာ ဆိုဗီယက်ပြည်ထောင်စုကနေ မစ်ဂ်-၂၁ ဂျက်တိုက်လေယာဉ်တွေ၊ အက်စ်အေ-၂၊ -၃၊ -၄၊ -၆၊ -၇၊ စတဲ့ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်တွေ၊ တီ-၅၅ နဲ့ -၆၂ တင့်ကားတွေကို လက်ခံရရှိခဲ့ပါတယ်။ ဒီနောက်မှာတော့ အီဂျစ် သမတ အန်ဝါဆဒတ်က အီဂျစ်နိုင်ငံဟာ အစ္စရေးနိုင်ငံကို စစ်ခင်းမှာ ဖြစ်ကြောင်း၊ အီဂျစ် စစ်သည်တော် တသန်း အထိ အသက်တွေ စွန့်လွှတ် တိုက်ပွဲဝင်မှာ ဖြစ်ကြောင်း တရားဝင် ထုတ်ဖော် ပြောခဲ့ ပါတယ်။

အောက်တိုဘာလ ၆ ရက်နေ့မှာတော့ အာရပ်နိုင်ငံများက ပစ်ခတ်တိုက်ခိုက်မှုများနဲ့ အတူ စတုတ္ထမြောက် အာရပ်-အစ္စရေး စစ်ပွဲ စတင်ခဲ့ပါတော့တယ်။ စစ်ပွဲစတင်ပြီး နောက် ၃ ရက်အကြာ အောက်တိုဘာ ၉ ရက်နေ့က စတင်ပြီး အီဂျစ်နဲ့ ဆီးရီးယားကို ဆိုဗီယက်ပြည်ထောင်စုက ရေကြောင်း၊ လေကြောင်းကနေ ထောက်ပံ့ရေး ပစ္စည်းတွေ မျိုးစုံ ပေးပို့ခဲ့ပါတယ်။ စစ်ပွဲမှာ အီဂျစ်၊ ဆီးရီးယား၊ ဂျော်ဒန်၊ အီရတ် နိုင်ငံတွေ တိုက်ရိုက် ပါဝင်ကြပါတယ်။ အယ်လ်ဂျီးရီးယား၊ လစ်ဗျား၊ မော်ရိုကို၊ ဆော်ဒီအာရေးဘီးယားနဲ့ ကူဝိတ်တို့်က စစ်ရေးနဲ့ ဘဏ္ဍာရေး အကူအညီတွေ ပေးခဲ့ကြသလို၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေ ကတောင် လေယာဉ်မှူးတွေ၊ ဆေးကုသရေး အဖွဲ့တွေ လွှတ်ပေးပြီး ကူညီခဲ့တာ ဖြစ်ပါတယ်။

အစ္စရေးဘက်ကိုတော့ အမေရိကန် ပြည်ထောင်စုက စစ်ရေး အကူအညီတွေ အစွမ်းကုန် ဖြည့်ဆည်းပေးခဲ့တော့တာပါပဲ။

သို့သော်လည်း အောက်တိုဘာလ ၂၂ ရက်နေ့ အရောက်မှာတော့ ဆိုင်းနိုင်း ကျွန်းဆွယ်ထဲမှာ အီဂျစ်ရဲ့ အမှတ်(၃) တပ်တော်ဟာ အစ္စရေး စစ်တပ်ရဲ့ ၀ိုင်းပတ် ချေမှုန်းမှုကို လည်စင်းခံရဖို့ အဆင်သင့်ဖြစ်နေတဲ့ အနေအထားကို ရောက်သွားတဲ့ အခါမှာတော့ အမေရိကန် ပြည်ထောင်စုနဲ့ ဆိုဗီယက်ပြည်ထောင်စု အကြား အထပ်ထပ် စေ့စပ် ညှိနှိုင်းမှု နောက်မှာ ကမ္ဘာ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက် အမှတ် (၃၃၈) နဲ့ အပစ်အခတ် ရပ်စဲဖို့ ဆုံးဖြတ်ခဲ့ ပါတယ်။

နောက် ၂ ရက်အကြာမှာ ဆုံးဖြတ်ချက် အမှတ် (၃၃၉) ကို ထုတ်ပြန်ခဲ့ပြီး အောက်တိုဘာလ ၂၆ ရက်နေ့က စတင်ပြီး တိုက်ခိုက်မှုတွေ ရပ်ဆိုင်းခဲ့ပါတယ်။ စစ်ပွဲလည်း ပြီးဆုံး ခဲ့ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts