(၁၉၉၃/ဂျွန်၊ ကလျာ မဂ္ဂဇင်းတွင် မူရင်းပုံနှိပ်ခဲ့သည်။ တေးရေး/တေးဆို ဖိုးချို ကွယ်လွန်ခြင်း နှစ် (၂၀) ပြည့် (၁၅၊ ဇူလိုင်၊ ၂၀၁၃) အထိမ်း အမှတ် မိုးမခတွင် အမှတ်တရ ပြန်လည်တင်ဆက်ခြင်းဖြစ်သည်။)
ဓာတ်ပုံ – ကလျာမဂ္ဂဇင်း၊ မျှဝေသူ – Doney MP |
“ကျွန်တော့် အပုဒ် (၁၀၀) ပြည့် သီချင်းကို ဆေးရုံပေါ်မှာ ဆရာဝန်တွေက လက်လျှော့ပြီး ကျွန်တော် ကိုယ်တိုင် သေမင်း နဲ့ အန်တုနေရတဲ့ အချိန်မှာပဲ ရေးဖြစ်ခဲ့ပါတယ်” ဟု တေးရေးသူ အဆိုတော် ဖိုးချို က ပြောသော အခါ၌ ကျွန်တော် အံ့သြခြင်းကြီးစွာ ဖြစ်ရပါလေသည်။
—
လွန်ခဲ့သော ငါးလခန့်လောက်ကတည်းက အန်ကယ်လ် ဦးစိန်ကြီးက ကလျာ မဂ္ဂဇင်း လ (၁၀၀) ပြည့် အတွက် စိတ် ဆန္ဒစောစွာ တက်ကြွနေသည်ကို သတိထားမိခဲ့သည်။ ဟုတ်တော့လည်း ဟုတ်သည်။ လစဉ်ထုတ် မဂ္ဂဇင်း တစောင် အနေနဲ့ ဤကဲ့သို့ အသက်ကြီးရင့်ဖို့က လွယ်ကူသော ကိစ္စ မဟုတ်။ အရာရာ၊ အစစ ကြီးမြင့်နေသော ကုန်ကျစရိတ်များကို ရင်ကော့ ခါးစည်း ကြံကြံခံနိုင်ခြင်း၊ ခေတ်ကာလ နှင့် လိုက်လျောညီထွေစွာ ဖတ်သူတို့ အကြိုက် ဖွဲ့စည်းဖန်တီးနိုင်ခြင်း၊ လစဉ် အချိန်မီ မဂ္ဂဇင်း ပုံမှန်ထွက်နိုင်ခြင်း တို့ကြောင့်သာလျှင် မဂ္ဂဇင်းတစောင် ၏ သက်တမ်းက ရှည်ကြာနိုင်ခြင်း ဖြစ်သည်။ ဒါကြောင့်ပင် တချိန်သောအခါက အပြိုင် အဆိုင် ထွက်လာသော မဂ္ဂဇင်းများ တပင်လဲ၊ တပင်ပြို ဖြစ်ခဲ့ရခြင်း ဖြစ်သည်။ ကလျာမဂ္ဂဇင်း အနေနှင့်ကတော့ ကလျာမဂ္ဂဇင်း အဖွဲ့သားများ၏ ကြိုးပမ်းအားထုတ်မှုကြောင့် လ (၁၀၀)၊ အုပ် (၁၀၀) ပြည့် ကလျာ မဂ္ဂဇင်းအား စာချစ်သူတို့၏ လက်ဝယ်သို့ အပ်နှင်းနိုင်ခဲ့လေပြီ။
ဓာတ်ပုံ – ကလျာမဂ္ဂဇင်း၊ မျှဝေသူ – Doney MP |
အဆိုတော် ဖိုးချိုနှင့် ကလျာမဂ္ဂဇင်း တိုက်တိုက်ဆိုင်ဆိုင် ဖြစ်သွားရခြင်း အကြောင်းရင်းက ရွှေအယ်လ်ဘမ် သီချင်းစာအုပ်ကို စီစဉ်ထုတ် ဝေသူ ဇော်အောင် (ဓာတု) ကြောင့်ပင် ဖြစ်သည်။ သည်လူ၏ အနုပညာလောဘကြီးမှုကြောင့်ပင်ဟု တနည်းပြော၍ ရနိုင်ပြန်ပါသည်။ ဂစ်တာများကို ဖြန့်ဖြူး ရောင်းချခြင်း၊ သီချင်းစာအုပ်များကို အဆက်မပြတ် ထုတ်ဝေခြင်း တို့သာမက သည်လူက “ဇော်အောင် (ဓာတု) စီစဉ်သည်” ဆိုသော ခေါင်းစဉ်အောက်၌ သီချင်းခွေ တခွေ ထုတ်ဝေပေဦးတော့မည်။
အမှန်တော့ သည်ကိစ္စကို ကျွန်တော် အစကနေ၍ သိသူမဟုတ်။ သူဘာသာ သူ စိတ်ကူးရပြီး လုပ်နေခြင်းပင်။ ဒါရိုက်တာ ပိုး နှင့် ဓာတ်ပုံ ရိုက်နေသူ ဝင်းထိန် (စတိုင်လ်) တို့၊ ဇော်အောင် (ဓာတု) တို့ ဂစ်တာတွေ တီးလိုက်၊ သီချင်းတွေ ညည်းလိုက် လုပ်နေကတည်းက သူတို့ တခုခု လုပ်တော့မည် ဆိုသည်ကို ကျွန်တော်တွေးထား ဖြစ်ခဲ့သည်။ မေးတော့ မမေးမိ။ ကျွန်တော် မေ့မေ့ပျောက်ပျောက် ဖြစ်လောက်တော့မှ ကိုဇော်အောင်က “ကိုနွယ်ဦး ကျွန်တော် အခု စီးရီး တခု လုပ်နေပြီ။ Iron Cross နဲ့။ ဝေထွန်း ရဲ့ နဝရတ် စတူဒီယို မှာ Date ယူထားပြီးပြီ။ ဆိုမယ့် လူက ဖိုးချို၊ အသစ်တွေချည်းပဲ လုပ်ထားတာ” ဟု ပြော၏။ ကျွန်တော် ဘာ ပြောရမည်နည်း။
ဖိုးချို နှင့် နောက်ဆုံးစီးရီး စီစဉ်သူ ဇော်အောင် (ဓာတု)၊ဓာတ်ပုံ – ကလျာမဂ္ဂဇင်း၊ မျှဝေသူ – Doney MP |
သည်ကိစ္စက တခေတ် တခါက အရှိန်အဟုန် ကောင်းစွာ အောင်ြမင်ခဲ့သော ဖိုးချိုကို ပရိသတ် ရှေ့ပြန် ဆွဲထုတ်လာသော ကိစ္စဖြစ်သည်။ ဓာတ်တိုင်အောက်က လူငယ်တွေရဲ့ ဂစ်တာဝိုင်းထဲမှာ၊ ကက်ဆက်ပေါ်က အခွေထည့်တဲ့ အံဝှက် သေတ္တာလေးထဲမှာ၊ သီချင်းတွေနဲ့ မွေ့ပျော်သူတို့ရဲ့ လက်ဘက်ရည်ဆိုင်တွေက “Sound Box” ထဲမှာ ခြေပစ်လက်ပစ် အိပ်မောကျနေသော ဖိုးချို သီချင်းသံတွေကို လှုပ်နိုးလိုက်သော ကိစ္စလည်း ဖြစ်သည်။ အခြေအနေ အလုံးစုံကို တွက်ဆမိသော ကျွန်တော့် အနေနှင့်ကတော့ ဒီကိစ္စက ကြိုးတန်းပေါ်မှာ လမ်းလျှောက်နေသူကို ကြည့်နေရသလို ရင်တဖိုဖို ဖြစ်နေမိ၏။ အနုပညာသည် တပိုင်းလို ဖြစ်နေသော ဇော်အောင် (ဓာတု) ကတော့ ဖိုးချို စီးရီးကိစ္စအား တက်ကြွနေတာ ကျွန်တော် မျက်စိရှေ့မှာ အထင်အရှား။ (သည်လူက သူယုံကြည်တခုကို မဖြစ်ဖြစ်အောင် လုပ်တတ်တာကိုတော့ ကျွန်တော် သိထားသည်။) သူတင်ပဲလား ဆိုတော့ မဟုတ်။ ဖိုးချိုဘက်ကို လှည့်ကြည့်တော့ ဖိုးချို ကလည်း သူနှင့်မခြား ရှိနေပြီ ဖြစ်သည်။
ဖိုးချို၏ ကျန်းမာရေးအခြေအနေက အရင်ကထက် တိုးတက်လာတာမှန်ပေမယ့် လူကောင်းပကတိလိုဖြင့် မဟုတ်သေး။ သူတို့မိသားစု ဆရာဝန် နှင့် ဆေးကုသမှု ခံယူနေရဆဲ ဖြစ်သည်။ “တပတ် တပတ် ကျွန်တော့ ဆေးဖိုးက (၂၀၀၀) လောက် ရှိတယ်ဗျာ” ဟု ကျွန်တော့်ကို ပြောပြဖူးသည်။ အရင်ကထက် ထူထူထောင်ထောင် ဖြစ်လာတာ သူ့စီးရီးသစ်ကြောင့် ဖြစ်မည်ဟု ကျွန်တော် တွေးထင်သည်။ မနက်တိုင်းလည်း သူနေတဲ့ လမ်းမတော် အိမ်ကနေ မိုင်ဒါကွင်း အထိ လမ်းလျှောက်နေပြီ။ “ကွင်းထဲရောက်ရင် လိုချင်တဲ့ Pitch အထိ ရောက်အောင် သီချင်းတွေ အော်ပစ်လိုက်တာပဲ။ ဒီလေ့ကျင့်မှုက သာမန် လူတယောက်အတွက် အပန်းမကြီးပေမယ့် ခုမှ နေကောင်းခါစ ဖြစ်တဲ့ ကျွန်တော့် အတွက်တော့ မလွယ်ဘူးပေါ့ဗျာ“ ဟု ပြောသည်။ ပြီးတော့ “ပိုင်စိုးမှုဧကရီတမ်းချင်းများ (ဖိုးချို ၏ ပထမဆုံး စီးရီး)” တုန်းကလို အရမ်း မျှော်လင့်ချက် ကြီးမားနေတယ်။ “ဒီ စီးရီးကို ကျွန်တော် အရမ်း မျှော်လင့်တယ်ဗျာ။ မကြိုက်မချင်း ‘အသေ’ လုပ်မယ်။ Arrangement တွေ၊ စကားလုံး တွေက အစ သေသေချာချာ ပြင်ဆင်ပြီး ချမယ်” ဟူ၍လည်း ဒေါင်းတင်မောင်းတင် ပြောနေပြန်ပါသည်။ ကျွန်တော် က “ဒီ စီးရီးက ခင်ဗျားအတွက် ဘယ်လောက် အရေးကြီးနေပြီလဲ” ဟု မေးတော့ “အသက် နှင့်ထပ်တူ အရေးကြီးတယ်။ ကျွန်တော် အနုပညာလုပ်လာတဲ့ သက်တမ်းတလျှောက်ရဲ့ တန်ရာတန်ကြေး နဲ့ ဒီစီးရီးက Level ဖြစ်နေတယ်” ဟု ဖိုးချို ပြောသည်။
ပိုင်စိုးမှုဧကရီတမ်းချင်းများ၊ ငြိမ်းချမ်းရေးသံစဉ်၊ မင်္ဂလာနေ့မွေးဖွားခြင်း၊ ညှို့မျက်ဝန်း၊ ထပ်မံခံစားခြင်း၊ မပန်းရယ်မငိုနဲ့၊ တပင်ထဲရင်ထဲကနွယ်၊ ချစ်သူကို၊ ချစ်သူ့ရင်ခွင်၊ အကောင်းဆုံးတေးများ စသည့် စီးရီး (၉) ခွေ လုပ်ခဲ့ပြီး သည် စီးရီးကတော့ ဖိုးချို ၏ ဆယ်ခုမြောက် စီးရီး ဖြစ်သည်။ ယခု စီးရီးတွင် ကိုယ်ပိုင်သံစဉ် တေးရေးသူများ အဖြစ် ဖိုးချို၊ ကိုသက် (ကလော G.T.I.)၊ အောင်အောင်၊ ဝိုင်းမောင် နှင့် ဇော်အောင် (ဓာတု) တို့ ပါဝင်မည်ဟု သိရသည်။ စီးရီးအမည်ကို “မှတ်မိမယ်ဆိုရင်” ဟု အကြမ်းဖျင်း လျာထားပြီး ဖြန့်ချီဆိုင်အား စီးရီးပြီးမှ ရွေးကြမည် ဟု ဆို၏။ (မိုးမခ မှတ်ချက် – အမှန်တကယ် ထွက်ရှိချိန်တွင် တေးစု နာမည်မှာ “ဥပေက္ခာလူသား၏ နောက်ဆုံးထွက်သက်” ဖြစ်သည်။)
သူ ဆိုခဲ့သည့် စီးရီးတိုင်းတွင် သူရေးသော သီချင်းများ ပါဝင်ခဲ့ရုံမျှမက ကိုင်ဇာ၊ စိုးလွင်လွင်၊ အောင်နိုင်၊ သီလ၊ ဟန်ဇော်၊ ခွာနီး၊ သုမောင်၊ ဇော်ဦး၊ ဇေယျာ၊ ချစ်ချစ်ဇော်၊ လင်းဇာနည်ဇော်၊ ဆုရည်၊ နှင်းဖြူ တို့အတွက်လည်း ဖိုးချို သီချင်းများ ရေးပေးခဲ့ဖူးသည်။ ဒါကြောင့်ပင် “ခင်ဗျား သီချင်း ဘယ်နှစ်ပုဒ် ရေးပြီးပြီလဲ” ဟု ကျွန်တော် မေးကြည့်သောအခါ…။
“ကျွန်တော့် အပုဒ် (၁၀၀) ပြည့် သီချင်းကို ဆေးရုံပေါ်မှာ ဆရာဝန်တွေက လက်လျှော့ပြီး ကျွန်တော် ကိုယ်တိုင် သေမင်း နဲ့ အန်တုနေရတဲ့ အချိန်မှာပဲ ရေးဖြစ်ခဲ့ပါတယ်” ဟု တေးရေးသူ အဆိုတော် ဖိုးချို က ပြောသော အခါ၌ ကျွန်တော် အံ့သြခြင်းကြီးစွာ ဖြစ်ရပါလေသည်။
ဖိုးချို ၏ အပုဒ် (၁၀၀) ပြည့် သီချင်းသည် ယခု စီးရီးသစ်တွင် ပါဝင်မည် ဖြစ်လေသည်။ ဆေးရုံပေါ်မှာ ရေးခဲ့တဲ့ အဲဒီသီချင်း ခေါင်းစဉ်က ဘာလဲဟု ကျွန်တော် မေးကြည့် သောအခါတွင်မူ ဖိုးချိုက (အဓိပ္ပာယ် တစုံတခု ကို ဆောင်သော) ရီဝေမျက်လုံး၊ မဲ့ပြုံးသော နှုတ်ခမ်း တို့နှင့် “ဥပေက္ခာလူသား၏ နောက်ဆုံးထွက်သက်” ဟု ပြော၏။ မောဖွ ရှည်လျားသော သက်ပြင်းချသံသည်ကား ကျွန်တော့် ရင်ထဲမှ နေ၍ အပြင်သို့ ထွက်မလာ ခဲ့ပါချေ။
“ဥပေက္ခာလူသား၏နောက်ဆုံးထွက်သက်”၊ သံစဉ်/စာသား/ဖွဲ့ဆို – ဖိုးချို (၁၉၉၃)
Music Video URL: http://youtu.be/6wRtldsySDM
ဖိုးချို ၏ ကလျာမဂ္ဂဇင်း လ “၁၀၀” ပြည့် အမှတ်တရ စကား လက်ရေးမူဓာတ်ပုံ – ကလျာမဂ္ဂဇင်း၊ မျှဝေသူ – Doney MP |
(၁၀၀) ဆိုသည်မှာ ရာပြည့် သည့် ပြည့်ဝမှု အဓိပ္ပာယ်ကို ပြည့်ပြည့်ဝဝ ဖော်ဆောင်သည်။ ရာပြည့်ထက်လိုအပ်လျှင် ကျပ်မပြည့်၊ ရာမပြည့် ဖြစ်နေတတ်၍ မည်သည့် အရာတွင်မှ ကောင်းမွန်ပြည့်ဝသည် ဟု အဓိပ္ပာယ် မဆောင်တော့ချေ။
ကလျာ မဂ္ဂဇင်း လ “၁၀၀” ပြည့် အထိမ်းအမှတ်
အမှတ်တရ
လေးစားချစ်ခင်သောအားဖြင့်
ဖိုးချို (ငြိမ်းချမ်းရေးသံစဉ်)
၂၉၊ ဧပြီ၊ ၁၉၉၃
ကလျာမဂ္ဂဇင်း လ (၁၀၀) ပြည့် အထိမ်းအမှတ်တွင် အမှတ်တရစာရေးပေးသော သူငယ်ချင်းဖိုးချိုအား ကျေးဇူးတင်စွာဖြင့်…
နွယ်ဦး
(၁၉၉၃/ဂျွန်၊ ကလျာ မဂ္ဂဇင်း)
မိုးမခ မှတ်ချက်။ ။ “သီချင်းအပုဒ် (၁၀၀) နှင့် အိမ်မက်မှ နိုးလာကာ” နောက်ဆုံး တေးစုကို မျှော်လင့်ချက်အပြည့်ဖြင့် သီဆိုသွားခဲ့သူ တေးရေး/တေးဆို ဖိုးချိုသည် ဤဆောင်းပါးပုံနှိပ်ပြီး မကြာမီတွင် ကွယ်လွန်အနိစ္စရောက်ခဲ့ရှာသည်။ နောက်ဆုံးထွက်သက်တိုင်အောင် သီချင်းရေးဖွဲ့သီဆို သွားခဲ့ပြီး “နေဝင်အိမ်အပြန်ခရီး” ကို အစောတလျင် ထွက်ခွာသွားခဲ့သူ “ဖိုးချို” အတွက် ယခု အနှစ် (၂၀) ပြည့်တွင် အမှတ်တရ အဖြစ် ဆောင်းပါးကို မိုးမခပရိသတ်အတွက် ပြန်လည်ဖော်ပြရင်း ဖိုးချို ရေးစပ်သီကုံးသီဆိုခဲ့သည့် “နေဝင်အိမ်အပြန်ခရီး” သီချင်းလေးကိုပါ တွဲလျက်တင်ဆက်လိုက်သည်။
“နေဝင်အိမ်အပြန်ခရီး”၊ သံစဉ်/စာသား/ဖွဲ့ဆို – ဖိုးချို (၁၉၉၀)
Music Video URL: http://youtu.be/mg-dLwMO3Rs
ဤဆောင်းပါးအတွက် ဆောင်းပါးရှင်နွယ်ဦးနှင့် မူရင်းပုံနှိပ်ဖော်ပြခဲ့သည့် ကလျာမဂ္ဂဇင်းတို့ကို မိုးမခက အထူးကျေးဇူးတင်ရှိပါသည်။