>Picasa by Tint Lwin

>

ပီကာဆာဝက် (Picasaweb) ကိုသုံးရအောင်
တင့်လွင်

ဒီဇင်ဘာ ၇၊ ၂၀၀၉

ဂူးဂဲလ်ရဲ့ ဂျီမေးလ်(Gmail)ကိုတော့ ကြော်ငြာစရာ မလိုလောက်အောင် လူတိုင်းသိရှိပြီး ကိုယ်တိုင်လည်း သုံးစွဲနေကြပါပြီ။ ဂျီမေးလ် ဘယ်လောက် တွင်ကျယ်သလဲဆို လူတယောက်မှာ ဂျီမေးလိပ်စာ တခုထက်မက ဖွင့်ထားကြပြီး အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ၊ တဖန် အထဲနဲ့အပြင် စသဖြင့် အမျိုးမျိုးခွဲပြီးတောင် သုံးစွဲနေကြတာပါ။ သို့ပေမယ့်လို့ ဂျီမေးလ်ရဲ့ အခြား လုပ်ဆောင်ချက်တွေဖြစ်တဲ့ Photos, Reader, Calendar, Documents, Scholar, Finance, Groups အစရှိတဲ့ အခြား လုပ်ဆောင်ချက် (features)တွေကိုတော့ သိရှိ သုံးစွဲသူ နည်းပါးလျက်ရှိသေးတာ တွေ့ရှိရပါတယ်။

ယခု ဆောင်းပါးမှာတော့ ဂျီမေးလ်ရဲ့ အခြားလုပ်ဆောင်ချက်တခုဖြစ်တဲ့ Photos ခေါင်းစဉ်အောက်က ပီကာဆာဝက် Picasaweb အကြောင်းကို မိတ်ဆက်ပေးချင်ပါတယ်။ ပီကာဆာ picasa ဆိုတဲ့ နာမည်ကတော့ mi casa ဆိုတဲ့ စပိန်ဘာသာစကားက လာတာဖြစ်ပြီး mi ဆိုတာက my လို့ အဓိပ္ပာယ် ရပြီး casa ကတော့ အိမ် လို့ အဓိပ္ပာယ်ရပါတယ်။ mi နေရာမှာ pi (picture) ကို အစားထိုးကာ ရုပ်ပုံများရဲ့ အိမ်လို့ တင်စား ခေါ်ဆိုထားတာ လို့ သိရပါတယ်။

ပီကာဆာဝက်ဟာ ပထမတော့ ဓါတ်ပုံတွေကို ရှာဖွေကြည့်ရှု၊ တည်းဖြတ်တဲ့ ဆော့ဝဲ တခု အဖြစ်သာ သိရှိခဲ့ကြပေမယ့် ယခုလက်ရှိအနေအထားမှာ သုံးစွဲသူရဲ့ ဂျီမေးလ်လိပ်စာနဲ့ တွဲလျက်ရှိနေတဲ့ ဒစ်ဂျစ်တယ် ဓာတ်ပုံအယ်ဘမ်တခု အဖြစ်ပါ သုံးစွဲနိုင်ပါတယ်။ ဂျီမေးလ်လိပ်စာကို အခမဲ့ ရရှိနိုင်သလို ပီကာဆာဝက်ရဲ့ ဓာတ်ပုံ သိုမှီးနိုင်မှု ၁ ဂီဂါဘိုက် ပမာဏကိုလည်း ဂူးဂဲလ်က အခမဲ့ အနေနဲ့ သုံးခွင့်ပေးထားပါတယ်။

ဓာတ်ပုံ ၁ ဂီဂါဘိုက် ပမာဏဆိုတာ သာမန်အပျော်တမ်း သုံးစွဲသူများအနေနဲ့ ကောင်းကောင်း လုံလောက်တဲ့ ပမာဏလို့ ဆိုနိုင်ပါတယ်။ ရုပ်ပုံကောင်းကောင်း ပရင့်ထုတ်နိုင်မယ့် ၁ မီဂါဘိုက်ဝန်းကျင် ဖိုင်အရွယ်အစားရှိတဲ့ ပုံပေါင်း ၇၀၀၊ ၈၀၀ ၀န်းကျင် မိမိရဲ့ မေးလ်လိပ်စာနဲ့ တွဲလျက် သိမ်းဆည်း ထားနိုင်ပါတယ်။

သာမန်သုံးစွဲသူများ သာမက ဘလော့ဂါများ အတွက်လည်း အဆင်ပြေပါတယ်။ ပီကာဆာဘလော့ရေးသူများ အနေနဲ့လည်း မိမိရဲ့ ဘလော့စာမျက်နှာပေါ်မှာ ပုံတွေအများကြီး ပြည့်နေအောင် မတင်ချင်ဘဲ ညွှန်းချင်တယ်ဆိုရင် ဘလော့စာမျက်နှာမှာ ဓာတ်ပုံ အယ်ဘမ်ရဲ့ လိပ်စာကို လင့် အနေနဲ့ ညွှန်းပေးနိုင်ပါတယ်။

အကြောင်းအရာတခုအတွက် ဓာတ်ပုံအားလုံး ကြည့်ချင်တဲ့သူဟာ အဆိုပါလင့်ကို ကလစ်လုပ်ခါ မိမိရဲ့ ပီကာဆာဝက်ဆိုက်ကို သွားကြည့်နိုင်တဲ့နည်းဖြစ်ပါတယ်။

သာမန် ဂျီမေးလ်သုံးစွဲသူတယောက် အနေနဲ့ကတော့ မိမိရိုက်ထားတဲ့၊ သိမ်းဆည်းထားချင်တဲ့ ဓာတ်ပုံတွေကို ဂူးဂဲလ်ရဲ့ ဆာဗာထဲမှာ တင်ထားပြီး လိုအပ်တဲ့အချိန်၊ လိုအပ်တဲ့နေရာမှာ အွန်လိုင်းပေါ်က ဆွဲယူပြီး ပြန်လည်အသုံးပြုနိုင်ပါတယ်။ မိမိညွှန်းလိုတဲ့သူဆီကိုလည်း လင့်ပေးပို့ကာ ကြည့်ရှုစေနိုင်ပါတယ်။ မိမိသိရှိတဲ့ ဂျီမေးလ် သုံးစွဲသူများရဲ့ “အများသူငါ” ကြည့်ရှုနိုင်အောင် ဖွင့်ထားတဲ့ ဓာတ်ပုံတွေကိုလည်း http://picasaweb.google.com/… နောက်မှာ ဂျီမေးလ် သုံးစွဲသူ အမည် (username) ရိုက်ထည့်ပြီး ရှာဖွေ ကြည့်ရှုနိုင်ပါတယ်။

အွန်လိုင်းပေါ်မှာ ဓာတ်ပုံတွေ သိမ်းဆည်းတာက စိတ်ချရရဲ့လား။ စိတ်ချရအောင် စီစဉ်နိုင်ပါတယ်။ မိမိရဲ့ ပီကာဆာဝက် ထဲက အယ်ဘမ်တွေ၊ ရုပ်ပုံတွေကို မိမိတဦးတည်းသာ ကြည့်နိုင်မယ့် ပရိုက်ဗိတ် (private)၊ သို့မဟုတ် အများသူငါ ကြည့်ခွင့်ရှိတဲ့ (public) ဆိုပြီး မိမိသဘောကျ စီမံခန့်ခွဲထားလို့ ရပါတယ်။ private ကို ရွေလိုက်ရင် ဘယ်သူမဆို ရှာဖွေပြီးသော်လည်းကောင်း မိမိကညွှန်းလို့သော်လည်းကောင်း ၀င်ရောက် ကြည့်နိုင်မှာ ဖြစ်ပါတယ်။ အွန်လိုင်းပေါ်မှာ ဓာတ်ပုံတွေ တင်ထားတာရဲ့ အကျိုးကျေးဇူးကတော့ မိမိသုံးစွဲလိုတဲ့ ပုံတွေကို ဖလက်ရှ်ဒရိုက်၊ စီဒီ၊ ဒီဗီဒီ၊ ကွန်ပျူတာ ဟတ်ဒစ် စတဲ့ဟာတွေထဲ တကူးတက ထည့်သယ်ဆောင်သွားစရာ မလိုတဲ့ အချက်ပဲဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၄၊ ၅နှစ်ရဲ့ ဟိုမှာဘက်ဆီကဆိုရင် အွန်လိုင်းပေါ်မှာ ၁ဂီဂါဘိုက်မဆိုထားနဲ့ ၂၅ မီဂါဘိုက်လောက် ပမာဏရှိတဲ့ အီးမေးလ် လိပ်စာတခုအတွက် တနှစ်ကို ဒေါ်လာ ၂၀ ၀န်းကျင် ပေးခဲ့ကြရတာပါ။ ၁ဂီဂါဘိုက် ပမာဏ သိုမှီးမှုအတွက် ဒေါ်လာ ရာဂဏန်းနီးပါး ပေးခဲ့ကြရပါတယ်။ ယနေ့ကာလမှာတော့ ၁ ဂီဂါ၊ ၃ ဂီဂါ ပမာဏမျှအထိ အွန်လိုင်းပေါ် အခမဲ့ သိုမှီးနိုင်တဲ့ ၀က်ဆိုက်တွေ အများအပြားရှိနေပါပြီ။

ဝက်ဆိုက် တည်ထောင်တဲ့ ကုမ္ပဏီတွေဟာ ဆာဗာ တည်ဆောက်ပြီး သုံးစွဲသူတွေကို အခမဲ့ သိုမှီးခွင့်ပေးပါတယ်။ အဲဒီလို သုံးစွဲသူတွေအပေါ် ကြော်ငြာချင်တဲ့ ကြော်ငြာရှင်တွေဆီက ငွေရယူတဲ့နည်းနဲ့ ရပ်တည်ကြတာပါ။ ပီကာဆာကို ဘယ်လိုသုံးမလဲ

ပီကာဆာဆော့ဖ်ဝဲကို အင်တာနက်နဲ့ ဂျီမေးလ်နဲ့ မတွဲဘဲ ရုပ်ပုံကြည့်တဲ့ ရုပ်ပုံရှာ၊ တည်းဖြတ်တဲ့ ဆော့ဖ်ဝဲ တခုအဖြစ် သုံးနိုင်ပါတယ်။ ဒါ့အပြင် အဆိုပါ ပီကာဆာဆော့ဖ်ဝဲသုံးနေရင်းနဲ့ အောက်ဘက် လိုင်းမှာပေါ်နေတဲ့ upload ဆိုတဲ့ စာသားကို ကလစ်လုပ်လိုက်တဲ့အခါမှာ upload to web album ဆိုတဲ့ ဘောက်စ် ပေါ်ထွက်လာပြီး မိမိရဲ့ ဂျီမေးလ်လိပ်စာထဲမှာ အယ်ဘမ် မဖွင့်ရသေးရင် အယ်ဘမ် အသစ်ဖွင့်ဖို့ မေးပါမယ်။

အယ်ဘမ် အသစ်ဖွင့်ပြီး အယ်ဘမ်နာမည်ကို မိမိနှစ်သက်ရာ ပေးနိုင်ပါတယ်။ အဲဒီနောက် အဆိုပါ အယ်ဘမ်ကိုရွေးပြီး တင်မယ့် (upload) ဓါတ်ပုံရဲ့ အရွယ်အစား၊ “ပရိုက်ဗိတ်”သို့မဟုတ် “အများသူငါ” ဆိုတာတွေကို ရွေးချုယ် သတ်မှတ်ပေးရပါမယ်။ ၀က်ဆိုက်ပေါ်တင်ရာမှာ ပီကာဆာဝက်ရဲ့ အားသာချက် တချက်ကတော့ ဖိုလ်ဒါတခုထဲကဖြစ်စေ ဖိုလ်ဒါထဲထည့် မသွင်းထားဘဲ ပြန့်နေတဲ့ ဓါတ်ပုံတွေကိုဖြစ်စေ တကြိမ်တည်းနဲ့ အားလုံးကို ရွေးချယ် (select) လုပ်ပြီး upload ကလစ်ကို တချက်နှိပ်ရုံနဲ့ အွန်လိုင်းပေါ် ရောက်နိုင်တဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်။ မေးလ်တွေမှာလို၊ အချို့သော upload ၀က်ဆိုက်တွေမှာလို ရုပ်ပုံတပုံချင်းအတွက် တကြိမ် upload လုပ်စရာမလိုလို့ အချိန်ကုန်သက်သာ စိတ်ပင်ပန်းလည်းသက်သာတဲ့ အချက်ပါ။

ဝက်ဆိုက်ပေါ်(မေးလ်ပေါ်) တင်ပြီးတဲ့နောက်မှာ မိမိ ဂျီမေးလ်ရဲ့ ဖိုတို ဖီချာကနေ အယ်ဘမ်ကာဗာ ဓာတ်ပုံရွေးခြင်း၊ အကြိုက်နှစ်သက်ဆုံး (favorites) လုပ်ဆောင်ချက်၊ အခြား ဂျီမေးလ်သုံးစွဲသူများရဲ့ “အများသူငါ” ကြည့်ရှုခွင့် ပေးထားတဲ့ ဓာတ်ပုံများကို ရှာဖွေခြင်း (explore) ၊ မိမိဓာတ်ပုံ တပုံချင်း၊ သိုမဟုတ် ဖိုတိုအယ်ဘမ်တခုလုံးရဲ့ လင့်ကို မိမိပေးပို့လိုသူ ဆီပို့ပေးနိုင်မယ့် “ရှယ်ယာ”လင့်တို့ကိုလည်း ၀က်ဆိုက်စာမျက်နှာရဲ့ ညာဘက်အပေါ်မှာ တွေ့ရှိနိုင်ပါတယ်။

ဒါ့အပြင် မိမိရိုက်ကူးထားတဲ့ ရုပ်ပုံအတွက် ပေးထားတဲ့ အမည်ပေါ်မူတည်ပြီး ဓါတ်ပုံရဲ့ ဂျီအို လင့် (Geo Link) ကိုပါ ညာဘက်အောက်မှာ မြေပုံနဲ့ ဖေါ်ပြပါသေးတယ်။ ဥပမာ မိမိရိုက်ကူးတဲ့ ဓာတ်ပုံ သို့မဟုတ် အယ်လ်ဘမ်ကို လန်ဒန်လို့ အမည်ပေးထားရင် ဂူးဂဲလ် မြေပုံမှာ လန်ဒန်မြို့နေရာမှာ အနီရောင် အမှတ်အသားနဲ့ ဖေါ်ပြပေးတဲ့ စနစ်ဖြစ်ပါတယ်။

ရုပ်ပုံတပုံချင်းရဲ့ မျက်နှာပြင်ပေါ်က လူတွေ၊ အရာဝတ္တုတွေကို အမည်တပ်ပေးခြင်း (tag) လုပ်ဆောင်ချက်လည်း အခြားသော ဆိုရှယ်ဝက်ဆိုက်တွေလိုပဲ ပီကာဆာဝက်မှာလည်း ပါဝင်ပါတယ်။ လုပ်ဆောင်လိုပါက တပုံချင်းက အရာဝတ္တုတွေပေါ်မှာ အမည်ပေးနိုင်ပါတယ်။


အခမ်းအနားတခုက မှတ်တမ်းဓာတ်ပုံတွေ ဖြစ်ပါတယ်။ ပုံတွေကို picasa မှာ အရင်ဆုံး သိမ်းလိုက်ပါတယ်။ အဲဒီက လင့်ကို မိုးမခမှာ အလွယ်တကူ ချိတ်ပေးနိုင်ပါတယ်။ ၀က်ဘ်မာစတာရော စာဖတ်သူများအတွက်ပါ အဆင်ပြေတဲ့ နည်းလမ်းဖြစ်ပါတယ်။

စာရေးဆရာတွေရဲ့ အခမ်းအနားတခု မှတ်တမ်းဓာတ်ပုံတွေကို

ပီကာဆာဆော့ဖ်ဝဲကိုသုံးရင်းနဲ့ အောက်ဘက်မှာ တန်းစီလျက် ပေါ်နေတဲ့ အွန်လိုင်းပေါ် တင်ခြင်း(upload)၊ မေးလ်ဖြင့် ပို့ခြင်း၊ ပရင့်ထုတ်ခြင်း၊ ရုပ်ပုံသို့မဟုတ် အယ်လ်ဘမ် တခုလုံးကို အခြား သိုမှီးပစ္စည်း(ဒရိုက်)တွေဆီ ပို့ဆောင်ခြင်း၊ ရုပ်ရှင်အဖြစ် ပြောင်းခြင်း၊ ဒေသအမည်တပ်ခြင်း (geo-tag) အစရှိတဲ့ လုပ်ဆောင်ချက်များကို လွယ်လွယ်ကူကူနဲ့ လုပ်ဆောင်နိုင်တာကိုလည်း တွေ့ရပါတယ်။




ပီကာဆာရဲ့ အားသာချက်

ပီကာဆာဟာ ဆော့ဖ်ဝဲအနေနဲ့လည်း မိမိကွန်ပျူတာထဲ၊ ဒရိုက်တွေထဲက ရုပ်ပုံတွေကို နာမည်အလိုက်၊ အချိန်ကာလ အလိုက်၊ ဖိုင်အရွယ်အစားအလိုက် အကောင်းဆုံး ခွဲခြားရှာဖွေပေးတဲ့ ဆော့ဖ်ဝဲတခု အဖြစ် သတင်းမွှေးပါတယ်။ ဂျီမေးလ် သုံးစွဲသူတွေ အနေနဲ့ မိမိရဲ့ ရုပ်ပုံတွေကို ၁ဂီဂါဘိုက် ပမာဏအထိ အခမဲ့ သိမ်းဆည်း မျှဝေနိုင်ပါတယ်။ ဒါတွေကြောင့် ယာဟူးရဲ့ ဖလစ်ကာ နဲ့ အလားတူ ၀က်ဆိုက်တွေထက် လူကြိုက်များရခြင်းဖြစ်ပါတယ်။ ဂူးဂဲလ်ကုမ္ပဏီ အနေနဲ့လည်း သူ့ရဲ့ သဘောဆန္ဒတခုတည်းနဲ့ ပီကာဆာဝက်ဆိုက်ပေါ်က အချက်အလက်တွေကို ဖျက်သိမ်းတာမျိုးလုပ်ဖို့ အလားအလာ မရှိဘူးလို့ အင်တာနက်ကို နှစ်ပေါင်းများစွာ သုံးစွဲနေသူများက ယုံကြည်ကြပါတယ်။

လက်ရှိအချိန်အထိ ပီကာဆာ သရီး (Picasa 3) အထိ ထွက်နေပါပြီ။ ဂူးဂဲလ်ဝက်ဆိုက်မှာ Picasa download လို့ ရိုက်သွင်းပြီး အခမဲ့ ကူးယူနိုင်ပါတယ်။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts