>The Man and the elephant

>

ဆင်ပြိုင်ထောင်ခြင်း
ကေအက်စ်
ဇန်န၀ါရီ ၆၊ ၂၀၀၉

ရှေးသရောအခါ ဂဇာဏသီပြည်ဝယ် မြမ္မာဒတ်မင်းကြီး စိုးစံတော်မူလေ၏။ ထိုတိုင်းပြည်သည် အလွန် အင်အားကောင်း၍ စွမ်းရည်ထက်မြက်သော ဆင်တပ်ကြီးကို ပိုင်ဆိုင်လေရာ အနီးအနား တိုင်းပြည်များမှ အနားမျှပင် မသီဝံ့ဘဲ ဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ခံ့ညားကြရလေ၏။ မင်းကြီးသည် ဆင်တို့၌လည်း အထူး မွေ့လျော်ရကား တနေ့တနေ့ နေအရုဏ်တက်ချိန် ရောက်လျှင် ဆင်တင်းကုပ်များသို့ ကြွချီကာ ဆင်များ၏ နေထိုင်စားသောက်ပုံတို့ကို နှစ်သက်စွာ ကြည့်ရှုလေ့ ရှိလေသည်။

တနေ့သ၌ ဆင်ကြီးတကောင်သည် ရှေ့ခြေနှစ်ဖက်ကို မြေတွင်ထောက်ပြီး နောက်ခြေနှစ်ဖက်ကို မိုးပေါ်သို့ထောင်သည့် ထူးဆန်းသော ကိုယ်နေဟန်ထားကို ပြုမူလေသည်။ ဆင်တို့၏ လေးလံသော ကိုယ်ခန္ဓာကို ရှေ့ခြေနှစ်ဘက်ဖြင့် ဟန်ချက်ထိန်းကာ ကင်းမြီးကောက် ထောင်လိုက်ပုံမှာ အံ့သြဘနန်းဖြစ်ရလေကား မင်းကြီးလည်း ရွှေဘောတော် အလွန်ကျလျက် ထိုဆင်တင်းကုပ်မှ ဆင်ထိန်းဖြစ်သူကို ဆုတော် လာဘ်တော်များ ပေးသနားတော်မူလိုက်လေသည်။

ထိုသတင်းသည် တိုင်းပြည်အ၀ှမ်း ပျံ့နှံ့သွားရကား အခြား ဆင်ထိန်းများလည်း လာရောက်ကြည့်ရှုကြလျက် မိမိတို့၏ ဆင်အသီးသီးကို ကင်းမြီးကောက်ထောင်တတ်စေရန် လေ့ကျင့်သင်ကြားပေးကြလေ၏။ ထို့နောက် မင်းကြီးလည်း လှည့်လည် ကြည့်ရှုသည့် အခါတိုင်းတွင် လိမ္မာသော ဆင်တို့၏ ထိုကဲ့သို့ ကင်းမြီးကောက်ထောင် သရုပ်ဖော်ပြသမှုကို တွေ့မြင်သဘောကျလေတိုင်း ဆုတော် လာဘ်တော်များ တိုး၍ချီးမြှင့်သွားသောဟူ၏။

ဆင်ထိန်းတို့လည်း သူ့ထက်ငါ အပြိုင်ကဲလျက် လက်သင့်ရာ ဆင်အစုစု ပေါင်းကာ တညီတညွတ်တည်း ကင်းမြီးကောက်ထောင်စေခြင်း၊ ဆင်ခြေထောက်များကို ညီညီညာညာ လှုပ်ယမ်းစေခြင်း စသည့် တီထွင်ဆန်းသစ်သည့် သရုပ်ဖော်ပုံများဖြင့် မင်းကြီးအား တိုး၍ဖျော်ဖြေကာ ပွဲသဘင်ကြီး ဆင်ယင်ကြလေ၏။ မင်းကြီးနှင့်တကွ ပရိသတ်အပေါင်းလည်း ဦးရစ်ခေါင်းပေါင်းများ ဝှေ့ယမ်းကာ သောင်းသောင်းဖြဖြ အားပေးကြလေ၏။ ဆင်တပ်ကြီး တခုလုံးလည်း အပြိုင်အဆိုင် ကင်းမြီးကောက် ထောင်နေကြသော ဆင်များဖြင့် မအားလပ်နိုင်အောင် ရှိလေ၏။

ထိုခဏ ရန်သူ ဖြစ်သော သာဟတ္ထိ အမည်ရသည့် တိုင်းတပါးမှ ထိုးစစ်ဆင်ရန် စေလွှတ်လိုက်သော ဆင်တပ်ကြီးသည် ဆင်မယဉ်သာ ခြေလှမ်းဖြင့် တလှမ်းချင်း တိတ်တဆိတ် ချဉ်းကပ်လာသည်မှာ ဂဇာဏသီပြည် မြို့ရိုးနားအထိ ရောက်ရှိနေသည်ကို မည်သူမျှ သတိမပြုမိရှာ။

သင်ခန်းစာ – ဆင်ပြိုင်ထောင်ခြင်းသည် ကျန်းမာရေးကို ထိခိုက်နိုင်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts