>Happy New Year?

>

ဟက်ပီ နယူးယီးယား တဲ့လား
ဉာဏ်ဦးမောင်
ဇန်န၀ါရီ ၁၊ ၂၀၀၉


ဒီနေ့ ၂ဝဝ၉ ရဲ့ ပထမနေ့၊ နယူးယီးယားဒေး။ ဒါကြောင့် လမ်းမှာတွေ့ရသူ အချင်းချင်း၊ လမ်းမှာ မတွေရပေမယ့် ဖုန်းနဲ့ စကားပြောဖြစ်လို့ပဲဖြစ်ဖြစ်၊ အီးမေးပို့ဖြစ်လို့ပဲ ဖြစ်ဖြစ်၊ အပြန်အလှန် “ဟက်ပီ နယူးယီးယား” ရယ်လို့ နှုတ်ခွန်းဆက်ကြတယ်။ ကြည်နူးဖွယ်ရာ။ ပျော်ရွှင်စရာ နှစ်သစ်မင်္ဂလာ ဖြစ်ပါစေပေါ့။ ဘယ်လောက် မင်္ဂလာဖြစ်ဖွယ် ကောင်းလိုက်ပါသလဲ။ သို့ပေမယ့် ဒါက နှုတ်ခွန်းဆက်မှု အနေနဲ့သာ မင်္ဂလာဖြစ်ပေမယ့် ဒီမင်္ဂလာကို လက်တွေ့ခံစားခွင့် မရနိုင်တဲ့သူတွေ၊ မရနိုင်မယ့်လူတွေက ကမ္ဘာပေါ်မှာ အမြောက်အများ။ ကမ္ဘာကြီးရဲ့ နေရာတိုင်းမှာ။ ဒီတော့ အများနဲ့ ရောယောင်ကာ “ဟက်ပီ နယူးယီးယား” ဆိုလိုက်ရပေမယ့် အဲဒီလို မပျော်နိုင်မယ့်သူတွေအတွက် အားက ခပ်နာနာ။

မပျော်နိုင်မဲ့သူတွေ၊ ပျော်ခွင့် မသာနိုင်မယ့်သူတွေ ရှိမှန်းသိလျက် ပျော်ရွှင်ပါစေလို့ မျက်စိမှိတ် ပြောလိုက်ရမှာမျိုးက သူတို့ကို ငဲ့ညှာမှု၊ စာနာမှု မဲ့နေသလိုလို။ သူတို့တွေက လူတိုင်း ရသင့်တဲ့အရာကို မရနိုင် ဖြစ်နေကြသူတွေ။

တကယ်တော့ လူတိုင်းက ပျော်ရွှင်မှုကို မြတ်နိုးကြတာ။ လွတ်လပ်မှုကို ခုံမင်ကြတာ။ ငြိမ်းချမ်းမှုကို တမ်းတကြတာ။ သို့ပေမယ့် သူတို့ဘ၀က မလှပရှာကြဘူး။ မျှတသင့်တဲ့ ရပိုင်ခွင့်တွေ မျှတစွာ မရနိုင်ကြဘူး။ ပိုဆိုးတာက ရသင့်တာထက် ပိုရနေသူတွေရဲ့ စာနာမှုတွေကို မရနိုင်ကြခြင်းပါ။ မျက်စိမြင်လျက် ကွယ်နေသူတွေက လောကထဲမှာ အများသား။ ဆိုင်သလား မဆိုင်သလား မသိဘူး။ ဖတ်မိတဲ့ စာလေးက စိတ်ထဲ ပေါ်လာတယ်။ ဒါကိုလည်း ပြောပြချင်လာတယ်။

အက္ကဘာဘုရင်ကြီးက သူ့နိုင်ငံအတွင်းမှာရှိတဲ့ မျက်မမြင်တွေကို စာရင်းကောက်ဖို့ ညွှန်ကြားတယ်တဲ့။ ကောက်လို့ရတဲ့ စာရင်းဇယားကို အက္ကဘာဘုရင်ကြီးဆီတင်ပြဖို့ ယူအလာမှာ ဘုရင်ကြီးက ဘာဘယ် (အက္ကဘာရဲ့ လူယုံတော် အကြံပေး) ကို “စာရင်းကောက်ရတာ ခက်မယ် မဟုတ်ပါဘူး၊ နောက်ပြီး စာရင်းက များလှမယ် မဟုတ်ပါဘူး။ နိုင်ငံ အတွင်းမှာ မျက်စိမမြင်တဲ့သူက အနည်းအကျဉ်းပဲရှိတာ၊ သူတို့ကို ဒီကသက်ဆိုင်သူတွေက စားစရာပေးဖို့ စီစဉ်လိမ့်မယ်” လို့ မိန့်ပါတယ်။ ဒီတော့ ဘာဘယ်က “အရှင်မင်းကြီး အရှင်မင်းကြီးရဲ့နိုင်ငံတွင်းမှာ မြင်တဲ့သူအရေအတွက်ထက် ကန်းတဲ့သူအရေအတွက်က ပိုများပါတယ်။ အရှင်မင်းကြီးရဲ့ အစေအပါးတွေ ကောက်ယူလာတဲ့ စာရင်းထဲမှာ မျက်စိကောင်းနေပေမယ့် တကယ်မမြင်တဲ့သူတွေ (ကန်းနေသူတွေ) မပါဝင်လို့ ဖြစ်ပါလိမ့်မယ်” လို့ ပြန်လျှောက်ပါတယ်။ ဒီအခါမှာ အက္ကဘာဘုရင်ကြီးက နောက်ရပါ့မလားဆိုပြီး ဘာဘယ်ကို အမျက်တော်ထွက်ပါတယ်။ “တော်စမ်း ဘာဘယ်၊ မောင်မင်းရဲ့ ဟာသတွေကို ဒီမှာ ရပ်တန့်လိုက်စမ်း၊ ဒါနောက်ရမယ့် အချိန်မဟုတ်ဘူးလို့ ငေါက်ပါတယ်။ ဒီအခါမှာ ဘာဘယ်က သူနောက်နေတာ မဟုတ်တဲ့အကြောင်း၊ သူ့စကားကို သက်သေပြုဖို့ ရက်အနည်းငယ်သာ ခွင့်ပေးဖို့အကြောင်း ပြန်လည်လျှောက်ပါတယ်။

နောက်လေးငါးရက်ကြာတော့ မြို့လယ် လမ်းဆုံတနေရာမှာ လူတွေဝိုင်းအုံစူးစမ်းနေကြပါတယ်။ အဲဒီမှာ ဘယ်သူဖြစ်ရမှာလဲ။ လမ်းလယ်ခေါင် နေပူကျဲကျဲအောက်မှာ ဘာဘယ်က ရပ်လို့၊ သူ့ဘေးမှာလည်း သူ့လက်ထောက် တယောက်နဲ့အတူ ထိုင်ခုံတလုံးကိုလည်း ချထားလို့။ ဝိုင်းအုံကြည့်နေသူတွေကတော့ ထင်ရာမြင်ရာ ထင်ကြေးအမျိုးမျိုး ပေးကြတာပေါ့။ မနေနိုင်တဲ့သူအချို့ကတော့ ဘာဘယ်ကို “ဘာလုပ်နေတာလဲ” လို့ မေးကြပါတယ်။ ဘာဘယ်က ဘာမှပြန်မပြော။ ငုတ်တုတ်၊ တုတ်တုတ်မျှ မလှုပ်။ တစ်ယောက်လာမေးတိုင်း စာရင်းမှတ်ဖို့ကိုသာ သူ့တပည့်ကို ပြောပါတယ်။ သူ့တပည့်ကလည်း သူ့ဆရာခိုင်းတဲ့အတိုင်း တစ်၊နှစ်၊ သုံး၊လေ့း့ စသဖြင့် မှတ်တယ်ပေါ့။

များမကြာမီမှာပဲ ဘာဘယ်ရဲ့သတင်းက ရှင်ဘုရင်ကြီးနား ပေါက်ကြားသွားတယ်။ ဒီတော့ ရှင်ဘုရင်ကြီးကိုယ်တိုင် ကြွလာပြီး ဘာဘယ်ရဲ့ အခြေအနေကို ကြည့်ရှုစုံစမ်းတယ်ပေါ့။ ဘုရင့်ရဲ့ အကြံပေးအမတ်ကြီးဆိုတော့ တော်ကြာ ဘာဘယ်များ မဟုတ်တာတွေ လုပ်နေလျင် သူ့ပါ ထိခိုက်မယ် မဟုတ်လား။ ရှင်ဘုရင်ကြီးလည်း ဘာဘယ်လုပ်နေတာကိုမြင်တော့ အလွန်အံ့သြသွားပါတယ်။ ဟုတ်တာပေါ့လေ။ ဘုရင့်အတိုင်ပင်ခံအမတ်ကြီးက ခုလို ဘာမဟုတ်တဲ့ ကလေးကလားအလုပ်မျိုး လုပ်နေတာ ဘယ်မအံ့သြ ရှိပါ့မလဲ။

ဒါနဲ့ ရှင်ဘုရင်ကြီးက “ဟဲ့ ဘာဘယ်၊ နင်ဘာတွေ လုပ်နေတာတုန်း” လို့ အမေးတော်ရှိပါတယ်။ ဒီအခါမှာ ဘာဘယ်က “ဒီလောက် ထင်သာမြင်သာရှိတဲ့ နေပူကျဲကျဲ မြင်ကွင်းအောက်မှာ ကျွန်ုပ်ဘာလုပ်နေတယ်ဆိုတာ တွေ့နေရပါလျက် အကျွန်ုပ် ဘာလုပ်နေသလဲလို့ မေးတာ ဒီနေ့ တနေ့ထဲမှာပဲ ၂၅၅ ယောက် ရှိပြီ။ အဲဒီအထဲမှာ ရှင်ဘုရင်ကြီးက ခုနောက်ဆုံး မေးတဲ့သူပေါ့” လို့ ပြန်လည် လျှောက်ကြားလိုက်ပါတယ်။

အက္ကဘာဘုရင်ကြီးကတော့ ဘာဘယ်ရဲ့အဖြေကို ရသွားတော့ သဘောတွေကြလို့။ နှုတ်ကလည်း “ဘာဘယ် မောင်မင်းကတော့ တကယ့်ကိုမှ ပညာရှိပီသပါပေတယ်” လို့ ချီးကျူးစကားဆိုကာ အားရပါးရ ရယ်ပါတယ်။

မကြာမီနှစ်များအတွင်းက ကိုယ်တို့နိုင်ငံကို ကမ္ဘာပေါ်က ခေါင်းဆောင်ဆိုသူတွေ သွားလိုက်ကြ လာလိုက်ကြ။ အိမ်နီးနားချင်းတိုင်းပြည်ကြီး တိုင်းပြည်ငယ်တွေက ခေါင်းဆောင်ဆိုသူတွေလည်း ချောင်းပါမက မြစ်ကြီးတွေပင် ပေါက်လုမက။ အပြည်အပြည် ဆိုင်ရာ အဖွဲ့အစည်းကြီးတွေက သံတမာန်ကြီးတွေဆိုလည်း ထွက်ခလုပ်၊ဝင်ခလုပ်။ ကိုယ့်တိုင်းပြည်တွင်းမှာလည်း ရဟန်းပညာရှိ၊ လူပညာရှိဆိုသူကြီးတွေက ရေတွက်လို့ မကုန်။ တိုင်းပြည်အတွက် အသက်ကို ပေးထားပါတယ်ဆိုတဲ့ စစ်တပ်က ခေါင်းဆောင်ကြီးတွေဆိုတာလည်း နေရာတကာ။ မတွေ့ချင် အဆုံး။မမြင်ချင့် အရာအထောင်။

သို့ပေမယ့် နှစ်ကူးလာလို့မှ ဟက်ပီနယူးယီးယားဆိုတဲ့ စကားလေးကိုတောင် ပျော်ရွှင်စွာ မဆိုနိုင်၊ မကြားနိုင်ကြတဲ့ လူသားတွေ အမြောက်အများ ရှိနေတာကိုပင် သူတို့တွေ မမြင်နိုင်ကြ၊ မတွေ့နိုင်ကြ။ သူတို့ဒုက္ခ ကိုယ်နဲ့ ဘာမှ မဆိုင်သလို။ နေနိုင်လွန်းတတ်ကြ။

ဘာဘယ်ကတော့ ဘယ်လိုရည်ရွယ်ချက်နဲ့ ကြောင်တောင်ကန်းတွေအကြောင်းကို သူ့ရှင်ဘုရင်ကြီးသိအောင် ပြောပြလိုက်တယ် မသိဘူး။ ဘုရင်ကြီးကလည်း ဘာဘယ်ဆိုလိုတဲ့ အဓိပ္ပာယ်စကားကို ဘယ်လိုနားလည်သွားသလဲတော့မသိဘူး။ သဘောတွေကျပြီး အားရပါးရ ရယ်မောတယ် တဲ့။

ကိုယ်ကတော့ မြင်ကွင်းက ခုလောက်ရှင်းနေပါလျက် အမြင် မခံရ၊ အစာနာ မခံရ ဖြစ်နေကြရရှာတဲ့ အလွန် အတိဒုက္ခရောက်နေသူတွေကို ကြည့်ပြီး ဟောဒီနှစ်ဦးမှာ မရယ်နိုင်ပဲ ငိုပဲငိုချင်နေမိတယ်။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts