>writers and artists in Burma

>

နိုင်ငံရေးနဲ့ စာပေအနုပညာ (၁၉)
နိုင်ငံရေးအကြားမှ စာပေအနုပညာ
ထိန်လင်း
ဒီဇင်ဘာ ၂၇၊ ၂၀၀၈

စာပေအနုပညာသမားတွေဟာ သူတို့ဖြတ်သန်းကြတဲ့ ခေတ်တွေကို ထင်ဟပ်စေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်သလို အဲဒီခေတ်တွေရဲ့ အခြေအနေ အဖြစ်အပျက်တွေကို ရင်ဆိုင်ဖြတ်သန်းရသူတွေ ဖြစ်ပါတယ်။ ဒီလိုဖြတ်သန်းရတဲ့အခါ အဖြစ်အပျက်တွေ အထူးသဖြင့် ကြမ်းတမ်းတဲ့ အနေအထားတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့သူတွေ ရှိသလို အလိုက်သင့် မျောပါသူတွေ၊ နေသာသလို နေသူတွေလည်း အများကြီး ရှိပါတယ်။ ဘယ်သူဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ ဆိုတဲ့ အဖြေကိုတော့ ဆိုးဝါးတဲ့ နိုင်ငံရေး အခြေအနေတွေအောက်မှာ ကွက်ကွက် ကွင်းကွင်း ပေါ်လွင်စေပါတယ်။

မြန်မာပြည်ဟာ အင်္ဂလိပ်ရဲ့ လက်အောက်၊ ဂျပန်လက်အောက်၊ မြန်မာအမျိုးသား အာဏာရှင်တွေရဲ့ လက်အောက်ကို အဆင့်ဆင့် ကျရောက်ခဲ့တာ အားလုံး သိပြီးဖြစ်ပါတယ်။ ဒီအခါ မျိုးချစ်စိတ်ဓာတ် ဆိုတာတွေ၊ မျိုးချစ်ပုဂ္ဂိုလ် ဆိုတာတွေလည်း သမိုင်းရဲ့ လိုအပ်ချက်နဲ့အညီ ထွက်ပေါ်လာတာပါပဲ။ စာပေအနုပညာဘက်က ဆိုရင်လည်း တခြားနယ်ပယ်တွေထက် နောက်မကျဘဲ အမြဲတမ်း ခေတ်ရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ခဲ့ကြတာချည်းပါပဲ။ ဒါပေမယ့်လည်း နိုင်ငံရေး လွတ်လပ်ရင် လွတ်လပ်သလောက်၊ အခွင့်အလမ်း ရရင် ရသလောက် တိုင်းပြည်အတွက်၊ ပြည်သူအတွက် တာဝန်ကျေတဲ့ စာပေအနုပညာသမားတွေ ရှိသလို ခေတ်ဆိုးရင် ဆိုးသလောက် ပြည်သူဘက်က ရပ်တည်ဖို့ မဝံ့ရဲသူတွေလည်း ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သမိုင်းဆိုတာက မြစ်ရေလိုပဲ အမြဲတမ်း စီးဆင်း ဖြစ်ပေါ်နေတာမို့ ခေတ်ကို ဖြတ်သန်းကြသူတွေအနေနဲ့ ဘယ်ပုံဘယ်နည်း ဖြတ်သန်းကြတယ်ဆိုတာ အချိန်က မှတ်တမ်းတင်နေမှာ ဖြစ်ပါတယ်။

လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ ကိုလိုနီခေတ်ဦးပိုင်းကနေ လွတ်လပ်ရေးရတဲ့ အချိန်အထိ နိုင်ငံရေးသမားတွေ၊ ခေတ်ပညာတတ် ကျောင်းသားတွေ အပါအဝင် နိုးကြားတဲ့ပြည်သူတွေက တိုက်ပွဲဝင်ခဲ့သလို စာပေ အနုပညာသမားတွေကလည်း သူတို့စွဲကိုင်တဲ့ အနုပညာလက်နက်တွေနဲ့ တိုက်ပွဲဝင်ခဲ့ကြတာကို တွေ့ရပါလိမ့်မယ်။ ဥပမာအားဖြင့် ဆရာ ရွှေတိုင်ညွန့်၊ ဝိုင်အမ်ဘီ ဆရာတင်၊ ဆရာ ရန်နိုင်စိန်၊ သဟာယ ဆရာတင် စတဲ့ ဂီတစာဆိုတွေက ဇာတိမာန် တေးသီချင်းတွေကို ဖွဲ့သီကြသလို ခင်မောင်ရင်၊ ပြည်လှဖေ၊ မေရှင်၊ စိန်ပါတီ၊ မကြည်အောင် စတဲ့ အဆိုတော်တွေကလည်း အဲဒီသီချင်းတွေ သီဆိုပြီး လူထုကို အားပေးခဲ့ကြပါတယ်။

စာပေဘက်မှာလည်း ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ဆရာကြီး မဟာဆွေ၊ ဒီးဒုတ်ဦးဘချို၊ ဂျာနယ်ကျော် ဦးချစ်မောင် အစရှိတဲ့ စာပေပညာရှင်တွေက စာပေနဲ့ တိုက်ပွဲဝင်ခဲ့ကြတာကို တွေ့ရပါလိမ့်မယ်။ အခုခေတ်လောက် နှိပ်စက်ကလူပြုတာ မခံရပေမယ့် ပြည်သူဘက်က ရပ်တည်ဖို့ မိမိယုံကြည်ချက်ကို ပြတ်ပြတ်သားသား ဖော်ထုတ်ခဲ့သူတွေအနေနဲ့ အာဏာပိုင်တွေရဲ့ အရေးယူမှုတွေကိုတော့ အနည်းနဲ့အများ ခံရတာပါပဲ။

လွတ်လပ်ရေးရပြီးလို့ ကိုယ့်အမျိုးသားအစိုးရ တက်လာပေမယ့် စာပေအနုပညာရှင်တွေအပေါ် ဖိနှိပ်မှုတွေတော့ ရှိတာပါပဲ။ ဆရာ ဗန်းမော်တင်အောင်၊ လူထုဦးလှ၊ ဂျာနယ်ကျော် မမလေး တို့ဟာ ဖဆပလခေတ်မှာ အဖမ်းခံခဲ့ရသူတွေဖြစ်ပြီး အကျဉ်းထောင်လွတ်လပ်ခွင့် ရှိခဲ့တဲ့အတွက် ထောင်ထဲမှာ စာအုပ်တွေ ရေးသားခဲ့သူတွေဖြစ်ပါတယ်။ စာပေပညာရှင် ဆိုတာ ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် ကိုယ့်ရဲ့ ကလောင်ကို ရှင်သန်နေစေရမယ်ဆိုတဲ့ သဘောကို ပြသခဲ့တာ ဖြစ်ပါတယ်။

အိမ်စောင့်အစိုးရကနေ၊ တော်လှန်ရေးကောင်စီ၊ အဲဒီကနေ မဆလ ခေတ် အားလုံး တဆင့်ပြီးတဆင့် နိုင်ငံရေးဖြစ်စဉ်နဲ့ ဖြတ်သန်းလာသလိုပဲ နိုင်ငံရေးစာပေ၊ နိုင်ငံရေးနဲ့ ဆက်နွယ်ပတ်သက်တဲ့ အနုပညာတွေအားလုံးက အာဏာပိုင်တွေရဲ့ စောင့်ကြည့်မှုအောက်မှာ တွန်းထိုး ရှင်သန်လာခဲ့ရပါတယ်။ ဒီလို ကာလတွေအတွင်းမှာပဲ စာပေစိစစ်ရေး၊ ရုပ်ရှင် ဆင်ဆာအဖွဲ့၊ ဗီဒီယိုဆင်ဆာအဖွဲ့တွေ ပေါ်ပေါက်လာပြီး စာတစ်လုံး၊ စကားတစ်ခွန်းက အစ လိုက်လံ အပြစ်ရှာတာတွေ၊ ပြင်တာ ဖြုတ်တာတွေ လုပ်ခဲ့ပါတယ်။ ရုပ်ရှင်ကားတစ်ခုရဲ့ ဇာတ်ညွှန်းခွင့်ပြုဖို့ အကြိမ်ကြိမ် တင်ပြခဲ့ရတာတွေ ရှိတဲ့အပြင်၊ နိုင်ငံရေးနဲ့ ဘာမှ မဆိုင်တဲ့ အရာတွေကိုလည်း ဖြုတ်ပစ်တာတွေ ရှိခဲ့တဲ့အကြောင်း ဒါရိုက်တာ ဝင်းဖေက ပြောပြဖူးပါတယ်။

ဂီတ ဆိုရင်လည်း ဒီလိုပါပဲ။ သီချင်းစာသားတွေကို ခွင့်ပြုချက်တင်ရပြီး သီချင်းထဲမှာပါတဲ့ အသုံးအနှုန်းတွေကို ပုံနှိပ်ဖော်ပြတဲ့အခါ တခြား စကားလုံးနဲ့ အစားထိုးပြီး ရိုက်နှိပ်စေတာမျိုးတောင် ရှိပါတယ်။ ဥပမာအားဖြင့် ကျော်ဟိန်းရဲ့ သီချင်းတစ်ပုဒ်မှာ ‘ဒိုးရတော့မယ် အချစ်ရယ်’ လို့ ‘ဒိုးတယ်’ဆိုတဲ့ ဘန်းစကားကို ထည့်ပြီးဆိုထားပေမယ့် သီချင်းစာသားမှာတော့ ‘ဒိုးရတော့မယ်’အစား ‘သွားရတော့မယ် အချစ်ရယ်’လို့ ဖော်ပြရပါတယ်။ ဒီလိုပဲ ကိုင်ဇာရဲ့သီချင်းတစ်ပုဒ်မှာ ‘အသည်းကွဲ တိုးရစ်စ်ကြီး’လို့ ထည့်ပြီးဆိုထားပေမယ့် စာသားထဲမှာ ‘အသည်းကွဲ ခရီးသည်ကြီး’လို့ ပုံနှိပ်ရပါတယ်။

၈၈ ဒီမိုကရေစီ အရေးတော်ပုံပြီးလို့ စစ်တပ်ရဲ့ အုပ်ချုပ်မှုအောက်ကို ရောက်တဲ့အခါမှာတော့ စာပေအနုပညာသမားတွေရဲ့ အဖိနှိပ်ခံရမှုဟာ ပိုပြီး ကြီးထွားခဲ့ပါတယ်။ ရုပ်ရှင်သရုပ်ဆောင်များဖြစ်တဲ့ မင်းသားကြီး ထွန်းဝေ၊ အကယ်ဒမီ အေးအေးသင်း၊ ဟာသမယ် မသန်းရွှေ တို့ကို အနုပညာဖန်တီးခွင့် ပိတ်ပင်ခဲ့သလို စာပေ၊ ဂီတ နယ်ပယ်က သူတွေကိုလည်း မထင်ရင်မထင်သလို နာမည်ဖော်ပြခွင့်တောင် ပိတ်ပင်ပစ်တတ်ပါတယ်။ မင်းသားကြီး ဦးထွန်းဝေဟာ ၂ဝဝ၅ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ ၂ဝဝ၆ ခုနှစ်မှာထုတ်ဝေတဲ့ မြန်မာ့စွယ်စုံကျမ်း နှစ်ချုပ်ရဲ့ ‘ကွယ်လွန်သူ ထင်ရှားသော ပုဂ္ဂိုလ်များ’ ကဏ္ဍမှာ ၁ နှစ်အတွင်း နာမည်ကြီး ကွယ်လွန်သူတွေရဲ့ စာရင်း ထည့်ပေးထားပြီး အဲဒီထဲမှာ ဦးထွန်းဝေနာမည်ကို ဖော်ပြထားပါတယ်။

ဒါပေမယ့်လည်း လူပုဂ္ဂိုလ်တစ်ဦးချင်းရဲ့ အတ္ထုပ္ပတ္တိကို ဖော်ပြတဲ့နေရာမှာတော့ တခြားသူတွေရဲ့အကြောင်းသာ ဓာတ်ပုံတွေနဲ့တကွ ပြည့်ပြည့်စုံစုံ ဖော်ပြထားပြီး ဦးထွန်းဝေအကြောင်းကိုတော့ ချန်လှပ်ထားခဲ့ပါတယ်။ ဒါဟာ လူထုဘက်က ရပ်တည်ခဲ့သူတွေအတွက် စစ်အစိုးရရဲ့ ဒါမှမဟုတ် စစ်အစိုးရဘက်တော်သားတွေရဲ့ ကလဲ့စားချေမှုတွေပါပဲ။

၂ဝဝ၁ ခုနှစ်လောက်တုန်းက စစ်အစိုးရရဲ့ ပြန်ကြားရေး ဒုဝန်ကြီးဆိုတဲ့ စစ်အရာရှိကြီးတစ်ယောက်က စာနယ်ဇင်းသမားတွေ၊ ပုံနှိပ်ထုတ်ဝေသူတွေနဲ့ တွေ့ဆုံပါတယ်။ သူက စာပေသမားတွေနဲ့ တရင်းတနှီး ဆွေးနွေးချင်လို့ ဒီလိုစီစဉ်တဲ့အကြောင်းကို ပြောပြီး လိုအပ်ချက်တွေ အခက်အခဲတွေကို ပြောပါလို့ ဆိုလာပါတယ်။ အဲဒီအခါ တစ်ယောက်ပြီးတစ်ယောက် ပြောကြတဲ့ လိုအပ်ချက်တွေက အများကြီးပါ။ အဲဒီအထဲမှာ စာအုပ်တိုက်တစ်ခုက ပိတ်ထားတဲ့ သူ့ရဲ့ထုတ်ဝေခွင့်ကို ပြန်ချပေးဖို့တောင်းဆိုပြီး၊ အတ္ထုပ္ပတ္တိ စာရေးဆရာကြီး တစ်ယောက်ကတော့ ထုတ်ဝေခဲ့ဖူးတဲ့ ရဲဘော်သုံးကျိပ်နဲ့ပတ်သက်တဲ့ သူ့စာအုပ်ကို ပြန်လည်ထုတ်ဝေခွင့်ပေးဖို့ တင်ပြပါတယ်။ ဒီအခါ စာပေသမားတွေကို ရင်းရင်းနှီးနှီး ဆက်ဆံချင်ပါတယ်ဆိုတဲ့ အဲဒီ လူကြီးမင်းက အားလုံး မကြာခင် အဆင်ပြေမယ့်အကြောင်း ဖြေကြားပါတယ်။ အခုဆိုရင် ၈ နှစ်နီးပါး ရှိသွားပါပြီ။ ဒါပေမယ့် အဲဒီတောင်းဆိုချက် ၂ ခုလုံး ဘာမှဖြစ်မလာပါဘူး။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်ဒီ) က ထုတ်ဝေတဲ့ စာဆိုတော်နေ့အမှတ်တရ ကဗျာစာအုပ်မှာ စာမူပါခဲ့လို့ ကလောင်အပိတ်ခံခဲ့ရတဲ့ ကလောင်ရှင်တွေ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံထဲမှာ အနုပညာ တင်ဆက်ခဲ့လို့ ဖမ်းဆီး ထောင်ချပြီး အပြင်မှာ အနုပညာလုပ်ကိုင်ခွင့် ပိတ်ပင်ခံခဲ့ရတဲ့ လူရွှင်တော်ပါပါလေး တို့လို အနုပညာသည်တွေ၊ အန်အယ်ဒီ ရုံးမှာ စာပေဟောပြောခဲ့လို့ ကလောင်အပိတ်ခံရတဲ့ ဆရာ နန်းညွန့်ဆွေ၊ ဆရာ ကြည်အောင်၊ ဆရာ ကိုလေး (အင်းဝဂုဏ်ရည်) တို့လို စာပေပညာရှင်တွေဟာ လက်ရှိစစ်အစိုးရ လက်ထက်မှာ များပြားလှပါတယ်။

ဒါဟာ နိုင်ငံရေးအခြေအနေ အကောင်းအဆိုးတွေ အောက်မှာ စာပေနဲ့ အနုပညာသမားတွေ ဘယ်လို ရှင်သန်နေရတယ်ဆိုတာ ထင်ရှားစေတဲ့အချက်ပဲဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလို ပုဂ္ဂိုလ်တွေဟာ ဆိုးဝါးတဲ့အခြေအနေတွေကို အံတုရင်း သူတို့ကိုယ်တိုင် သမိုင်းမှတ်တိုင် စိုက်ထူနေသူတွေပဲ ဖြစ်ပါတယ်။ ။

ထိန်လင်း (၁၇၊ ၁၂၊ ၂ဝဝ၈)

၂ဝဝ၈ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက် နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ၏ ထုတ်လွှင့်ချက်အား ပြန်လည်ဖော်ပြပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts