>Than Soe Hlaing – From GMail with Love …

>

ရွာက အမေရဲ့စာ ဂျီမေးမှတဆင့် မလေးရှားက သားဆီ ပို့ပေးပါ …

သန်းစိုးလှိုင်

ဒီဇင်ဘာ ၂၄၊ ၂၀၀၈

လျှပ်တပြက် အင်တာနက် သင်တန်းများ အစ

ရန်ကုန်မြို့ ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်းတွေ ရောင်းချရာ လမ်းအဖြစ်လူသိများတဲ့ ဆိပ်ကမ်းသာလမ်းရဲ့ အင်တာနက်ဆိုင် တဆိုင်မှာပါ။ ဆိုင်ဖွင့်ဖို့ ပြင်ဆင်နေတုန်း မနက်စောစောမှာပဲ နယ်မြို့က တက်လာပုံပေါက်တဲ့ လူငယ်လေးငါးယောက် ခုံမှာထိုင်စောင့်နေကြပါတယ်။

အင်တာနက်ဆိုင်ဝန်ထမ်းက “အင်တာနက်သုံးဖို့လား”

လို့ မေးမြန်းတဲ့အခါ သူတို့အထဲက အသက်နည်းနည်းကြီးပုံရတဲ့ တယောက်က …

“သူတို့အင်တာနက်သင်တန်း တက်မလို့ပါ”

လို့ ဆိုင်ဝန်ထမ်းကိုပြောပါတယ်။

သင်တန်းကြေးက ကျပ် ၄၀၀၀ ဖြစ်ပြီး သင်တန်း ကာလက ၅ ရက်ပဲ ဖြစ်ပါတယ်။ အချိန်ကိုလည်း နံနက်စောစော ဆိုင်စဖွင့်ချိန် သတ်မှတ်ထားတယ်လို့ ဆိုင်ဝန်ထမ်း ကပြောတာကို သူတို့သဘောတူကြပါတယ်။

အဲဒီနောက် ကွန်ပျူတာတွေ အားလုံး ပါဝါ ဖွင့်ပြီးနောက်မှာတော့ ဆိုင်ဝန်ထမ်းက သင်တန်းတက်မယ်ဆိုတဲ့ လူငယ် ၄ယောက်ကို ကွန်ပျူတာ ၄လုံးမှာ နေရာချပေးပြီး အင်တာနက်အကြောင်း အကျဉ်းနဲ့ အီးမေးလ် ဆိုတာဘယ်လိုဖွင့်ရတယ်။ (Account) အကောင့်ဘယ်လိုလုပ်ရတယ် ဆိုပြီးဂျီမေးလ် အကောင့်သစ်ဖွင့်ပေး ပြပေးပါတော့တယ်။

အထက်ပါ အဖြစ်အပျက်ဟာ မကြာသေးခင် နှစ်များကစလို့ ရန်ကုန်မြို့လယ် ပြည်ပမှာ အလုပ်လုပ်ဖို့ သွားကြမယ့် မြန်မာနိုင်ငံဒေသအသီးသီးက အမျိုးသား၊ အမျိုးသမီးတွေကို တွေ့မြင်နေကြမြင်ကွင်းတခုပါ။

ရန်ကုန်မြို့ရဲ့ မြို့လယ်ခေါင်လို့ခေါ်ဆိုကြတဲ့ မဟာဗန္ဓုလလမ်းနဲ့ ပန်းဆိုးတန်း၊ ၃၇လမ်း၊ ၃၈လမ်းတ၀ိုက်မှာ ရုံးဖွင့်ရက်နံနက်ပိုင်းရုံးချိန်ဆို လူငယ် နဲ့လူလတ်ပိုင်း နယ်မြို့က တက်လာဟန်ရှိတဲ့သူ ၄၊ ၅ယောက်တစုစီ ကို နိုင်ငံကူးလက်မှတ်ရုံး၊ ပြည်ပထွက်ခွါမည့်သူများကို အခွန်ကင်းရှင်းကြောင်း စာရွက်ထုတ်ပေးမယ့် ပုံစံ၁၉ ရုံး ရှိရာ ပန်းဆိုးတန်းအလယ်ဘလောက်နဲ့ ပြည်ပအလုပ်အကိုင် ရှာဖွေရေးရုံးခန်းများ တည်ရှိရာ ၃၇လမ်း၊ ၃၈လမ်း၊ ၃၉လမ်းနဲ့ ဆိပ်ကမ်းသာလမ်း တ၀ိုက်မှာ ဦးဆောင် ခေါ်သွားတဲ့သွားနေတာကိုလည်း မြင်တွေ့ရပါမယ်။

အထက်အညာက၊ ချင်းပြည်နယ်က ချင်းအမျိုးသားတွေ၊ မွန်ပြည်နယ်က မွန်အမျိုးသားတွေ စသဖြင့် လူမျိုးစုံကိုတွေ့မြင်နိုင်ပါတယ်။

၃၉လမ်းမှာ မလေးရှား၊ စင်္ကာပူကို အလုပ်သွားလုပ်ဖို့ ၀န်ဆောင်ပေးနေတဲ့ ကိုနိုင်ဝင်းက ပြည်ပမှာ အလုပ်သွားလုပ်မယ့်သူတွေကို မသွားခင်မှာ အင်တာနက်၊ အီးမေးလ်သုံး အနည်းအကျဉ်း သုံးတတ်အောင် တိုက်တွန်းပြီး သူ့ဆီက ၀န်ထမ်းက အင်တာနက်ဆိုင် လိုက်ပို့ပေးတယ်လို့ဆိုပါတယ်။ ဒီလို သင်ဖို့တိုက်တွန်းရတာက သူတို့အတွက် ပြည်ပရောက်တဲ့အခါ ဆက်သွယ်ရေးစရိတ်သက်သာ ပြီးလွယ်ကူအောင်လို့ လည်းသူကပြောပါတယ်။

မလေးရှားမှာ အလုပ်သွားလုပ်ကြမယ့် နယ်မြို့က လာကြသူအများစုဟာ အင်တာနက်နဲ့ ရင်းနှီးအကျွမ်းဝင်မှု မရှိကြပေမယ့်လည်း လက်တွေ့ဘ၀မှာ ဆက်သွယ်ရေး ကိရိယာအဖြစ် အသုံးချရမှာမို့လို့ အသုံးချတတ်ရုံ သင်ယူသွားကြရပါတယ်။

မလေးရှားရောက်တဲ့အခါ မိသားစုတွေထံ ပြန်ဆက်သွယ်ရာမှာ ကွန်ပျူတာ အချင်းချင်းဆက်သွယ်တာမျိုး ဖြစ်ချင်မှ ဖြစ်မှာပါ။အင်တာနက်ပေါ်ကနေ ဖုန်းနံပါတ်ကိုခေါ်တဲ့ အခပေးဝန်ဆောင်မှုလိုမျိုး၊သို့မဟုတ် ကြားခံသူတဦးဦးဆီ အီးမေးလ်ပို့တာမျိုးနဲ့ ဆက်သွယ်ကြတာကို တွေ့ရပါတယ်။

နည်းပညာ တော်လှန်ရေး သို့မဟုတ် မျှော်လင့်မထားတဲ့ ဆက်သွယ်ရေးနည်းသစ်

လွန်ခဲ့တဲ့ ၆ နှစ် ၇ နှစ် ဟိုဘက်ကာလတွေက ဆိုရန်ကုန်မှာ အင်တာနက်ဆိုတာကို ကြားရုံသာကြားဘူးပြီး မသုံးဘူးတဲ့သူက အများစုပါ။ အီးမေးလ်လိပ်စာ တခုရဖို့အတွက် အက်ဖ်အီးစီ ၂၄၀ မြန်မာ့ဆက်သွယ်ရေးကို ပေးသွင်းရပြီး အီးမေးလ် လိပ်စာတခုကို ကုမ္ပဏီတခုလုံး၊ အဖွဲ့အစည်းတခုလုံးက သုံးစွဲကြရတာပါ။ မြန်မာ့ ဆက်သွယ်ရေးရဲ့ တယ်လီဖုန်းနံပါတ် ၁၄၄ ကို ဒိုင်ရယ်အပ် (Dial up) စနစ်နဲ့ အီးမေးလ်စစ်ဖို့သာ ချိတ်ဆက်ရပြီး အင်တာနက်ဆိုတဲ့ အရာဟာ နိုင်ငံခြားတိုင်းပြည်တွေမှာ သုံးစွဲနေတဲ့ အရာဝတ္တုတခုလို့ မှတ်ထင်ထားခဲ့တာပါ။

အဆိုပါ ကာလက မြန်မာ့ဆက်သွယ်ရေး အီးမေးလ် လိပ်စာရယူထားပြီး အဲဒီလိပ်စာမှ အီးမေးလ် ပို့ချင်တယ်ဆိုရင် တမျက်နှာ ၄၀၀ ကျပ်၊ အဲဒီလိပ်စာကို အသုံးပြုပြီး ပြင်ပမှ ကိုယ့်အတွက်အီးမေးလ် ၀င်လာရင် တစောင်ကို ၂၀၀ ကျပ်ပေးရပါတယ်။ ကိုယ့်ရဲ့ ဖုန်းနံပါတ်ကိုပေးထားပြီး အီးမေးလ် ၀င်လာရင် အီးမေးလ် ၀န်ဆောင်တဲ့သူက ဖုန်းဆက် အကြောင်းကြားပေးပါတယ်။

အဲဒီခေတ်ကနေ နောက်တစ်နှစ်ကျော်နှစ်နှစ်ဝန်းကျင်မှာ စစ်ထောက်လှမ်းရေး ဗိုလ်ချုပ်ခင်ညွန့်သားနဲ့ အစိုးရနဲ့ ဖက်စပ်လုပ်ကိုင်တဲ့ ပုဂံဆိုက်ဘာတက် ပေါ်လာပြီး အီးမေးလ်အကောင့်၊ ဒိုင်ရယ်အပ် (Dial Up) အကောင့်တွေကို သာမန်လူတွေကိုလည်း လွယ်လွယ်ကူကူရောင်းချခဲ့ပါတယ်။

ဒီနောက် ဘရော့ဘန်း ၀ိုင်ယာလက်စနစ် ကို ပုဂံဆိုက်ဘာတက်ခ်က စတင်မိတ်ဆက်ခဲ့ကာ ဗိုလ်ချုပ်ခင်ညွန့်ရဲ့ သား ရဲနိုင်ဝင်း ပိုင် “ဆာ့ဖ်အင်ဆာ့ဖ်” အင်တာနက် ကဖေးကို မြေနီကုန်းမှာ စဖွင့်ခဲ့ပါတယ်။ ထိုစဉ်က နှုန်းထားအရဆို တနာရီသုံးခ ၁၂၀၀ ကျပ် ပေးရပြီး မှတ်ပုံတင်ကို တကြိမ်ပြပြီး နာမည်နဲ့နေရပ်လိပ်စာပါ ပေးရပါတယ်။

အဲဒီနောက်မှာ မြန်မာ့ဆက်သွယ်ရေးလည်းပဲ Dial Up အီးမေးလ် အကောင့်သုံးနေသူတွေကို အင်တာနက် သုံးနိုင်အောင် ဖွင့်ပေးခဲ့ပြီး သုံးစွဲခ နှုန်းထားက ၃ နာရီ ၃ ဒေါ်လာနှုန်းပေးရပါတယ်။ အဲဒီကနေ ၃ နှစ် ၀န်းကျင်အတွင်း ဗရော့ဘန်း ၀ိုင်ယာလက်၊ အိုင်ပီစတား ကှနေ ဒီအက်စ်အယ် (DSL) စနစ်ဆီပြောင်းလဲသွားပြီး ဒီအက်စ်အယ်လိုင်း တစ်လိုင်းကို ဒေါ်လာ ၁၅၀၀ ၀န်းကျင်နဲ့ ရောင်းချပေးခဲ့ပါတယ်။

ဒီအက်စ်အယ် စနစ်ပြောင်းပြီးနောက်မှာ အင်တာနက်ကဖေးဆိုင်တွေ တခုပြီးတခု ပေါ်လာခဲ့ရာမှာ ၂၀၀၇ ခုနှစ်အစနဲ့ ၂၀၀၈ ခုနှစ်မှာ အများဆုံး ထွက်ပေါ်လာတာပါ။ အင်တာနက်ဆိုင်တွေ များလာသလောက်လဲ သုံးစွဲမယ့်သူ အသစ်အသစ်တွေ တိုးလာနေတာပါ။ ဆယ်တန်းအောင်ပြီး တက္ကသိုလ် တက်မယ့် လူငယ်တွေထဲကရော ကုန်သည်ပွဲစားတွေပါ၊ ဆက်သွယ်ရေး၊ စီးပွားရေး သတင်းအချက်အလက်နဲ့ ဖျော်ဖြေရေးအတွက် နေ့တိုင်း နီးပါးလောက် သုံးစွဲလာကြတာပါ။

နည်းပညာ ရေစီးကို ပိတ်ဆို့နိုင်မလား

နည်းပညာနဲ့ လူတွေရဲ့ ဆက်သွယ်ရေး တိုးတက်လာတာဟာ နိုင်ငံတွေရဲ့ အကွာအဝေး လူတွေရဲ့ အကွာအဝေး ကိုချုံ့ပစ်လိုက်သလို အချိန်ကွာခြားမှု ကိုလည်း ကြာလေ ချုံ့လာလေဖြစ်ပါတယ်။ ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံမှာ စီအင်ဂျီသုံး ခရီးသည်တင် ဘတ်စ်ကား မီးလောင်ပြီး မိနစ်ပိုင်းအတွင်းမှာ အဆိုပါ သတင်းနဲ့ ဓါတ်ပုံတွေဟာ ကမ္ဘာ တပတ်ပတ်ပြီးသွားပါပြီ။

ရန်ကုန်က အဖြစ်အပျက် သတင်းဓါတ်ပုံဟာ ဘလော့ဂ်ဆိုက်တခုပေါ်ကိုရောက်၊ အဆိုပါဘလော့ဂ်ဆိုက်ကို ၀င်ကြည့်တဲ့သူက အမေရိကန်ကိုညွှန်း၊ ထိုင်းနိုင်ငံကိုညွှန်း၊ စင်ကာပူကိုညွှန်းနဲ့ အကွာအဝေး၊ အချိန်ကာလ အတားအဆီးတွေကို ကျော်ဖြတ်ပြီး ကမ္ဘာအနှံ့ခရီးဆန့်သွားပါတော့တယ်။

ဒီလိုအဖြစ်အပျက်ကို မြန်မာနိုင်ငံ အုပ်စိုးသူ နအဖ စစ်အာဏာရှင်တွေက လုံးဝမလိုလားကြပါဘူး။ သို့ပေမယ့်လဲ အင်တာနက်ဟာ စီးပွားရေးအတွက် မရှိမဖြစ်အရာတခု၊ သူတို့ကိုယ်တိုင် အုပ်ချုပ်ရေးအတွက် လိုအပ်ချက်တခု၊ စစ်ဗိုလ်ချုပ်တွေနဲ့ သူလက်ဝေခံ စီးပွားရေးကုမ္ပဏီ တွေအတွက် ဆက်သွယ်ရေးကိရိယာ တခုဆိုတော့ ဘယ်လိုလုပ်ပြီး လုံးဝဖြတ်တောက်လို့ ရနိုင်ပါ့မလဲ။

သတင်းပြန်ကြားရေးဆိုင်ရာနည်းပညာ (အိုင်တီ) ဟဒ်ဝဲ၊ ဆော့ဖ်ဝဲနဲ့ ပတ်သက်တဲ့ ကုမ္ပဏီအတော်များများမှာ နအဖ ဗိုလ်ချုပ်သားသမီးတွေ ပါဝင်လုပ်ကိုင်နေကြပါတယ်။

ဥပမာအားဖြင့် Queen Star ဆိုရင် ဗိုလ်ချုပ်မောင်အေး သမီး၊ ပုဂံဆိုက်ဘာတက်ကို ပြုတ်သွားတဲ့ ဗိုလ်ချုပ်ခင်ညွန့်သား၊ Info Rhythm Maze ဆို နိုင်ငံခြားရေးဝန်ကြီးဟောင်းရဲ့ သား၊ Global Net ဆို လေတပ်ဦးစီးချုပ်ဟောင်းရဲ့ သား၊ MIT (Myanmar Information Technology) ဆိုရင်လည်း လက်ရှိဝန်ကြီး ဦးစိုးသာရဲ့သား စသဖြင့် အိုင်တီလောက ထဲမှာ အများကြီး အခြေချ လုပ်ကိုင်နေကြပါတယ်။

ဒီလိုကွန်ပျူတာ၊ ဆော့ဖ်ဝဲ စီးပွားရေးလုပ်ငန်း ဈေးကွက်ရှင်သန်နေဖို့အတွက် အင်တာနက်ဟာ မောင်းနှင်ရေး အား တခုပါ။ အင်တာနက်မရှိရင် ကွန်ပျူတာတွေလည်း မရောင်းရသလို၊ ၀က်ဘ်ဆိုက်ရေး၊ ဆော့ဖ်ဝဲရေးတဲ့ လုပ်ငန်းတွေလည်း မရှင်သန်နိုင်တော့ပါဘူး။

နအဖ အစိုးရအနေနဲ့ အဲဒီအချက်တွေထက် လက်တွေ့အကျိုးခံစားနေရတာက မယုံနိုင်စရာကောင်းလောက်အောင် ကြီးမြင့်တဲ့ ဈေးနှုန်းနဲ့ အင်တာနက် လိုင်းတွေရောင်းချတာ၊ လစဉ်ကြေးတွေ ကောက်ခံနေတာကနေ ရရှိတဲ့ဝင်ငွေပါပဲ။

ပုဂံဆိုက်ဘာတက်ကို အမည်ပြောင်းလိုက်တဲ့ မြန်မာတယ်လီပို့တ် (Myanmar Teleport) မှာ ဒီအက်စ်အယ်သုံးစွဲသူပေါင်း ၄၀၀၀ ၀န်းကျင်ရှိနေပြီး လစဉ်ကြေးက အနည်းဆုံး တလကို ၃၅ အက်ဖ်အီးစီက စပေးရပါတယ်။ အမြင့်ဆုံး အက်ဖ်အီးစီ ၁၀၀ထိ ရှိပါတယ်။ အကြမ်းအားဖြင့်တွက်ရင်ကိုပဲ လစဉ်ကြေး တလကို အက်ဖ်အီးစီ ၂သိန်းခန့် ၀င်တယ်လို့ ဆိုနိုင်ပါတယ်။

အဆိုပါ ၀င်ငွေဟာ နအဖ တပ်ရဲ့ ပင်စင်ထောက်ပံ့ငွေစာရင်းထဲကို သွားပါတယ်။ ဒါကြောင့် တခါတရံ မြန်မာ့ဆက်သွယ်ရေးနဲ့ မြန်မာတယ်လီပို့တ် (ပုဂံဆိုင်ဘာ) ဘာကြောင့် ပြိုင်ဆိုင်သလဲဆိုရင် အဆိုပါ ကဏ္ဍကို တာဝန်ယူထားတဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ဗိုလ်ချုပ်နဲ့ စာတိုက်နဲ့ ကြေးနန်း ဆက်သွယ်ရေးဝန်ကြီးဌာန တို့ရဲ့ အကျိုးစီးပွား ကွဲနေလို့ပါပဲ။

မြန်မာဆက်သွယ်ရေးဘက်ကလည်း နိုင်ငံတော် လျာထားတဲ့ ဘတ်ဂျက်ကိုဖြည့်ပေးရမှာမို့ ကိုးရီးယားနဲ့ ဖက်စပ်တဲ့ ဒီအက်စ်အယ်လိုင်းတွေရောင်းပြီးနောက်မှာတဖန် အိန္ဒိယနဲ့ ဖက်စပ်တဲ့ ဒီအက်စ်အယ်တွေ ထုတ်ရောင်းရပြန်ပါတယ်။

အထက်ပါ အချက်အလက် တွေကိုကြည့်ရင် နအဖ အစိုးရအတွက် အင်တာနက်ဟာလည်း မိုဘိုင်းဆင်းကဒ်တခုကို ဒေါ်လာ ထောင့်လေးငါးရာ နဲ့ ရောင်းရသလိုပဲ ဆူလွယ်နပ်လွယ် လုပ်ငန်းတခုပါ။ လူထုက၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်မယ့်သူက ဒီဆက်သွယ်ရေးပစ္စည်းတွေအတွက် အစိုးရထံ ငွေနင့်ကနဲ နေအောင်ပေး လိုက်ကြရပါတယ်။ ငွေရလွယ်တဲ့ လုပ်ငန်းတွေဖြစ်တဲ့ မိုဘိုင်းဖုန်း၊ အင်တာနက်တွေကို လက်ဝါးကြီးအုပ်ပြီးရောင်းစား နေတဲ့ နအဖ အစိုးရအတွက် အဲဒီထဲက “နည်းပညာ” ကသူတို့ကို မကြာခဏ

ဒုက္ခပေးနေ တာကိုလည်း ငြင်းလို့မရပါဘူး။

နအဖကို စူးနေတဲ့ အင်တာနက် ဆူး

အဲဒါက ဘာလဲဆိုတော့ အင်တာနက်ကနေ နအဖ အစိုးရရဲ့ လုပ်ရပ်တွေ၊ နေ့စဉ်နဲ့ အမျှဖြစ်ပွားနေတဲ့ သတင်းတွေကို ကမ္ဘာကသိအောင် သယ်ဆောင်ပေးနေတာကို စစ်အစိုးရက ခံရအခက်ဆုံးဖြစ်နေပါတယ်။ “နအဖကို စူးနေတဲ့ ဒီအင်တာနက်ဆူး” ကိုနှုတ်ဖို့ရာမှာ နအဖမှာ လုံလောက်တဲ့ နည်းပညာ၊ ပစ္စည်းကိရိယာနဲ့ ငွေကြေးမရှိတာ ကသူတို့ရဲ့ ပကတိ အခြေအနေပါ။

မိုဘိုင်းဖုန်းဆိုရင်လည်း ၂၀၀၇ သြဂုတ်လ လမ်းလျောက်ဆန္ဒပြတဲ့ လှုပ်ရှားမှု၊ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးနဲ့ ရွှေဝါရောင်အပြီး သံဃာခေါင်းဆောင်တွေ၊ ၈၈ခေါင်းဆောင်တွေ တိမ်းရှောင်နေရင်းမှာပဲ မိုဘိုင်းဖုန်းနဲ့ သတင်းဌာနတွေဆီ ဆက်သွယ်ပြောဆိုနေတာကို နအဖက ခံရအခက်ဆုံးပါပဲ။

ဒါကြောင့်ပဲ ပြီးခဲ့တဲ့လက ၈၈မျိုးဆက်၊ အန်အယ်ဒီပါတီဝင်၊ ဘလော့ဂ်ရေးသူ၊ စက်တင်ဘာ သံဃာ့လှုပ်ရှားမှုက သံဃာတွေနဲ့ နာဂစ်မုန်တိုင်းနောက်ပိုင်း ဖမ်းတဲ့သူတွေကို အီလက်ထရွန်းနစ် ဥပဒေနဲ့ တစ်မှုကို ထောင်ဒဏ် ၁၅နှစ်စီချမှတ်ခဲ့ပါတယ်။ လူထုကို အင်တာနက်ကတဆင့် အစိုးရဆန့်ကျင်တာ၊ သတင်းပေးတာ မလုပ်ရဲအောင် ခြိမ်းခြောက်လိုက်တာပါ။

မိုဘိုင်းဖုန်း တရားမ၀င်သုံးစွဲမှုနဲ့တော့ အပြစ်မပေးပေမယ့် မိုဘိုင်းဖုန်းလိုင်းတွေကို ပိတ်သိမ်းတဲ့နည်းနဲ့ နိုင်ငံရေးနဲ့ မကင်းသူတွေကို မိုဘိုင်းဖုန်း မငှားရအောင် ခြိမ်းခြောက်လိုက်တာပါ။

ကြောင်နဲ့ကြွက်

ရန်ကုန်မြို့က အင်တာနက်ကဖေးတွေမှာ အစိုးရကဘက်ကလည်း ပြည်ပသတင်း ၀က်ဆိုက်တွေ၊ အခမဲ့အီးမေးလ်တွေရဲ့ လိပ်စာကို အမြဲတမ်း လေ့လာနေပြီး ပိတ်ဆို့နေပါတယ်။ အင်တာနက်သုံးစွဲသူ လူငယ်တွေက ကြည့်လိုတာ ကြည့်နိုင်ဖို့ အင်တာနက်ဆိုင်တွေကလည်း သူတို့ရပ်တည်နိုင်ဖို့အတွက် ဖေါက်ထွက်မယ့် လိပ်စာတွေကို နေ့စဉ် ရှာဖွေဝေငှနေကြပါတယ်။ များသောအားဖြင့် ရှာတဲ့သူက ရှေ့ကသွားနေပြီး ကျော်ဖေါက်တဲ့ လိပ်စာ တခုမဟုတ်တခုနဲ့ ကျော်ပြီး ၀င်ကြည့်နေကြဆဲပါ။

အဆိုပါ အဖြစ်အပျက်ကို ကြောင်နဲ့ကြွက်ပုံပြင်လိုပဲလို့ ရန်ကုန်အင်တာနက်သုံးစွဲသူတွေ အကြားအမြဲတမ်းပြောဆိုကြပါတယ်။ ကြွက်ကို ကြောင်က အလုပ်ကောင်းကောင်း မလုပ်နိုင်အောင် အမြဲအနှောင့် အယှက်ပေးနိုင်ပေမယ့် သူဖမ်းချင်တဲ့ကြွက်ကို ဖမ်းမိဖို့၊ ကြွက်တွေ မျိုးတုန်းသွားအောင်တော့ တတ်နိုင်မယ် မထင်ပါဘူး။

ရွာက အမေမှာ မလေးရှားက သား ဖတ်ဖို့ ဂျီမေးကတဆင့် စာပို့ရန် အင်တာနက်ဆိုင်ဝမှာ ငုတ်တုတ်လေး ထိုင်ပြီး တန်းစီနေချိန်မှာ၊ စစ်အာဏာရှင်များကလည်း အင်တာနက်ပေါ်က ဖြတ်သန်း ၀င်ရောက် သမျှကို အစွမ်းကုန် ပြူးပြဲလို့ စောင့်ကြည့်နေမှာပါပဲ။ အင်တာနက်လမ်းမပေါ်မှာ ခြူဆွဲခံထားရသူက စစ်အာဏာရှင်တွေနဲ့ သူ၏ကြောင်များ ဖြစ်ပါတယ်။

Ref:

http://www.mpt.net.mm/mpt/it/AppLetterFrame.htm

http://www.myantel.net.mm/products/access/broadband_ADSL.asp

Photo Credits – http://mynetclass.blogspot.com/


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts