>Thee Lay Thee in LA, First Event in US

>

သီးလေးသီးနဲ့ ဆေးရောင်စုံ အငြိမ့်အဖွဲ့ အမေရိကန်ပြည် ပထမဦးဆုံးပွဲအဖြစ် အယ်လ်အေမှာ ကပြမည်

မိုးမခ အထောက်တော် ၀၀၂

ဒီဇင်ဘာ ၁၆၊ ၂၀၀၈

၂၀၀၇ သံဃာ့အရေးတော်ပုံနောက်ပိုင်းတွင် မြန်မာပြည်တွင်းက ပရိသတ်ကို ရဲရဲဝံ့ဝံ့ ကပြဖျော်ဖြေပြီး မြန်မာတို့၏ အမျိုးသားရေး စိတ်ဓာတ်များ မြှင့်တင်ပေးနိုင်သော၊ ပြည်သူ့ကိုယ်စား ခံစားချက်တို့ကို ထုတ်ဖော်လျက် မျက်မှောက်အရေးကို ထုတ်ဖော်ဝေဖန် ပြက်လုံးထုတ် သရော်နိုင်သော ထင်ရှားသည့် အငြိမ့်အဖွဲ့တခုဖြစ်သည့် သီးလေးသီးနှင့် ဆေးရောင်စုံအဖွဲ့သည် ၂၀၀၈ တနှစ်နီးပါး အာရှနိုင်ငံများရောက် မြန်မာတို့ကို လှည့်လည်ဖျော်ဖြေခဲ့ရာမှ ယခု ၂၀၀၈ နှစ်ကုန်ခါနီး အချိန်တွင် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိလာပြီ ဖြစ်သည်။

ထိုသို့ အမေရိကန်ပြည်သို့ရောက်ရှိအောင် မြန်မာမိသားစု အသီးသီးက ၀ိုင်းဝန်း ဆောင်ရွက်ခဲ့ကြကြောင်း၊ နယူးယောက်အခြေစိုက် ဘားမားတူဒေးမီဒီယာက ကိုမြင့်လှိုင်ကို အဓိကထားလျက် ကြိုးစားခဲ့ကြရာ ယခု ၁နှစ် ကျော် ကြာပြီးမှ အောင်မြင်စွာ ရောက်ရှိခဲ့ရကြောင်း အယ်လ်အေက ပွဲစီစဉ်သူအစုအဖွဲ့က ကိုသူရက မိုးမခသို့ ပြောကြားသည်။

သီးလေးသီးနှင့် ဆေးရောင်စုံအဖွဲ့ တာဝန်ခံဖြစ်သူ ကိုဂေါ်ဇီလာက ပြောကြားရာတွင် –

၂၀၀၉ နှစ်ဆန်းချိန် မြန်မာပြည် လွတ်လပ်ရေး ၆၁ နှစ်မြောက်အဖြစ် ဇန္န၀ါရီလ ၄ ရက်နေ့တွင် သီးလေးသီး၏ ပထမဦးဆုံး အမေရိကန်ပွဲစဉ်ကို ကပြရမည် ဖြစ်ကြောင်း၊ မြန်မာရိုးရာ ယဉ်ကျေးမှုတို့အပြင် မြန်မာအမျိုးသားရေးကို ထုတ်ဖော်တင်ဆက် ကပြရန် စီစဉ်ထားကြောင်း၊ အထူးသဖြင့် ရာမယနဇာတ်ကို တင်ဆက်ရန် ပြင်ဆင်လျက်ရှိကြောင်း၊ ပဒေသာကပွဲတခုအသွင် ဖြစ်အောင် သံချပ်များ၊ ပြဇာတ်တို စသည့် သုခုမ အစီအစဉ်တို့နှင့်အတူ အငြိမ့်ခန်းကို တင်ဆက်မည် ဖြစ်ကြောင်း ပြောပြသည်။

“ပထမဦးဆုံး ကပြတဲ့ ပွဲဖြစ်တော့ ကျနော်တို့က အစစ အရာရာကို အကောင်းဆုံး ပြင်ဆင်နေပါတယ်။ ၀ိုင်းဝန်း ဆောင်ရွက်ကြမယ့်သူတွေကိုလည်း ဖိတ်ပါတယ်။ လုပ်ငန်းရှင်တွေကလည်း ကြော်ငြာတွေ ချိတ်ဆွဲထားနိုင်အောင်လည်း ဖိတ်ခေါ်ပါတယ်။ ဥပမာ – ၃၀၀၊ ၅၀၀ နဲ့ ၁၀၀၀ အထိပေါ့နော်၊ ဆိုင်းဘုတ် အရွယ်ကိုလိုက်ပြီး ထည့်ဝင်နိုင်ပါတယ်။ လက်မှတ်တွေကတော့ ၅၀၊ ၄၀၊ ၃၀ ဒေါ်လာပေါ့နော် အဲသလို ကြိုတင်ရောင်းချနေပါပြီ။ ဒါက အယ်လ်အေက မြို့ခံ မြန်မာမိသားစုတွေ ၀ိုင်းဝန်းကြပြီး လုပ်တဲ့ ပွဲ တခု ဖြစ်ရမှာပါ”

ဟု ကိုသူရက ပြောကြားခဲ့သည်။

ယခင်လကလည်း အယ်လ်အေတွင် စာပေဟောပြောပွဲတခုကို ကျင်းပခဲ့သည်ဖြစ်ရာ စာပေ၊ အနုပညာနှင့် သုခုမပွဲတို့ကို အစဉ်တစိုက်အားပေးသော အယ်လ်အေ မြန်မာတို့က ၀ိုင်းဝန်းအားပေးကြမည်မှာ သေချာကြောင်း မိုးမခ ပရိသတ်တဦးက သုံးသပ်ပြသည်။

“အခု နှစ်ဟောင်းကုန်ဆုံးလို့ နှစ်သစ်ကူးမယ့်အချိန်၊ ဘာသာရေး၊ လူမှုရေးနဲ့ မိသားစုတွေရဲ့ အလှူတွေ၊ ပွဲလမ်းတွေ၊ ဆုံဆည်းကြတဲ့ပွဲတွေ အခု ဒီမှာ တောက်လျောက်ရှိနေတယ်၊ သီးလေးသီးအဖွဲ့တွေကိုလည်း သူတို့တွေက အဲဒီပွဲတွေကို ဖိတ်ကြားထားကြတော့ လာမယ့်အငြိမ့်ပွဲကို လူသိများအောင် မြှင့်တင်ရေး၊ ပရိုမိုးရှင်းလုပ်ဖို့ကို အထူးစီစဉ်စရာတောင် မလိုတော့ဘူး ဖြစ်နေတယ်” ဟု ကိုသူရက ပြောခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts