>Than Soe Hlaing – Fire Out Break in Burma, disaster for people

>

လူထုအတွက် မီး၊ အာဏာပိုင်အတွက် အခြားအဓိပ္ပါယ်

သန်းစိုးလှိုင်

ဒီဇင်ဘာ ၁၅၊ ၂၀၀၈

x x x

ဈေးရောင်းသူ၊ ကုန်သည်များအနေဖြင့် တဘက်မှာ အာဏာပိုင်ကိုလည်း ကြောက်ရ၊ မတန်တဆ ဆိုင်ခန်းတန်ဘိုးလည်းပေးရသည့် နောက်ဆုံးတွင် ရန်သူမျိုး ၅ ပါးထဲမှ တပါးဖြစ်သည့် မီးကြောင့် ကြိုးစားရှာဖွေထားသမျှ ဆုံးရှုံးရပြန်ပါသည်။

မော်လမြိုင်မြို့ရဲ့ အကြီးဆုံးဈေးဖြစ်သည့် ဈေးကြီးတခုလုံးမီးလောင်ပြာကျသွားလို့မှ ၂ ပတ်သာ ရှိသေးချိန်မှာ ရန်ကုန်မြို့မှ ယုဇန ပလာဇာ မီးလောင်ပြန်ပြီဟု ကြားသိရသည်။ မီးကလည်း လောင်ပဲလောင်နိုင်လွန်းသည်ဟု ဆိုရမလိုဖြစ်နေသည်။ မြန်မာနိုင်ငံ မြို့အသီးသီးရှိ ဈေးကြီးများအနေဖြင့် နှစ်အလိုက်၊ တခါတရံ တနှစ်ထဲမှာပင် နှစ်နေရာ သုံးနေရာမျှ အလှည့်ကျ မီးလောင်နေရသကဲ့သို့ ဖြစ်နေသည်။

ပြီးခဲ့သည့် နှစ်နှစ်ဝန်းကျင်အတွင်း ကလေးမြို့ တာဟန်းဈေးမီး၊ ကော့သောင်းမြို့မဈေးမီး တို့ အလှည့်ကျဟု ဆိုရမလိုလို လောင်ကျွမ်းခဲ့သည်ကို တွေ့ရသည်။

မြန်မာနိုင်ငံမှ မြို့အသီးသီးက ဈေးများ မီးလောင်ရသည့် အကြောင်းရင်းများအနက်တွင် အဆောက်အဦတည်ဆောက်ပုံအရ မီးစလောင်ပြီဆိုလျင် ငြိမ်းသတ်ရန်ခက်ခဲသည့် အနေအထားဖြစ်ခြင်း၊ လျှပ်စစ်မီးသွယ်တန်းမှု စနစ်ညံ့ဖျင်းခြင်း၊ မကြာခဏ လျှပ်စစ်မီး ပျက်လိုက် လာလိုက် ဖြစ်နေသည့်အတွက်ကြောင့် မီးလောင်ရန် အခွင့်အလမ်း ပိုများခြင်း၊ လောင်ကျွမ်းပြီးနောက်တွင်လည်း မီးငြိမ်းသတ်ရာတွင် လာဘ်စားမှု၊ မီးသတ်ကိရိယာ မလုံလောက်မှု၊ လွဲမှားသည့် စီမံခန့်ခွဲမှုတို့ကြောင့် ဆုံးရှုံးမှု မများသင့်ပဲ များပြားရသည်ကို လေ့လာတွေ့ရှိရသည်။

မန္တလေး ရတနာပုံဈေးနှင့် မော်လမြိုင် အောက်ဈေးကြီး

ပြီးခဲ့သည့် ဖေဖေါ်ဝါရီလကုန်က မန္တလေးမြို့ရှိထင်ရှားသည့် ရတနာပုံဈေးကြီး ၁ရက်၊ ၂ရက်ပင် ကြာမြင့်သည်အထိ မီးလောင်ကျွမ်းခဲ့သည်။ ခေတ်မှီ အဆောက်အဦပုံစံ ၄ ထပ် ဈေးကြီး ဆောက်ထားသော်လည်း ခေတ်မီ မီးငြိမ်းသတ်ရေး အစီအမံ၊ မီးအန္တရာယ် ကာကွယ်ရေးတို့ မရှိသဖြင့် မီးထဲပိတ်မိနေသူအချို့ အသက်ဆုံးရှုံးခဲ့ရပြီး ပိုင်ဆိုင်မှု အများစုလည်း မီးထဲပါသွားခဲ့ရသည်။

မီးလောင်မှုကြောင့် အသက်ဆုံးရှုံးသူများ ရှိခဲ့သည်ကို မျက်စေ့ဖြင့် ကိုယ်တိုင်မြင်တွေ့ခဲ့သည့် မန္တလေးမြို့ခံ အများအပြားရှိသော်လည်း အစိုးရ သတင်းစာများကမူ အသက်ဆုံးရှုံးမှု ရှိခဲ့သည်ကို လုံးဝ ငြင်းဆိုခဲ့သည်။

လက်ကားဈေးကြီးလည်း ဖြစ်သည့်အပြင် တန်ဖိုးကြီးသည့် ပစ္စည်းများဖြစ်သည့် လျှပ်စစ် ပစ္စည်းများ၊ အလှကုန်၊ နိုင်ငံခြားဖြစ် ဖက်ရှင်ထည်များ ရောင်းချရာ ဈေးကြီးဖြစ်သဖြင့် ဆုံးရှုံးမှု တန်ဘိုးမှာ ကျပ်ဘီလျံနှင့် ချီသည့် ဆုံးရှုံးမှု ဖြစ်သည်။ မြန်မာနိုင်ငံတွင် မီးအာမခံထားရှိသည့် အလေ့အထလည်း နည်းပါးသည့်အတွက် ဆုံးရှုံးပြီဆိုလျင် မည်သည့်အကာအကွယ်မှ မရှိတော့။

မီးအာမခံ ထားနိုင်လောက်အောင်လည်း ကုန်သည်များအနေဖြင့် အမြတ်အစွန်း များများစားစား မရှိကြ။ အဆိုပါ ရတနာပုံဈေးကြီးဆိုလျင် ဒေသအာဏာပိုင်များက ပတ်သက်ရာ ပတ်သက်ကြောင်း ဈေးဆောက်လုပ်သူ ကန်ထရိုက်တာများနှင့် ဈေးကြီးဆောက်၊ ဆိုင်ခန်းတန်ဘိုးကို မတန်တဆ ဈေးတင်၊ ၀ယ်မည့်သူ နည်းပါးသည့်အခါ အခြားနီးနားဝန်းကျင် မှာရောင်းနေသည့်နေရာများကို မရောင်းရန်ပိတ်ပင်ပြီး အသစ် ဆောက်ထားသည့် ဈေးကြီး စည်ကားဖို့ အာဏာသုံး လုပ်ဆောင်ခဲ့ကြရာမှ ရတနာပုံဈေးကြီး စည်ကားသည်မှာ ၁ နှစ်သာသာတွင် မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

ဈေးရောင်းသူ၊ ကုန်သည်များအနေဖြင့် တဘက်မှာ အာဏာပိုင်ကိုလည်း ကြောက်ရ၊ မတန်တဆ ဆိုင်ခန်းတန်ဘိုးလည်းပေးရသည့် နောက်ဆုံးတွင် ရန်သူမျိုး ၅ ပါးထဲမှ တပါးဖြစ်သည့် မီးကြောင့် ကြိုးစားရှာဖွေထားသမျှ ဆုံးရှုံးရပြန်ပါသည်။

မော်လမြိုင်မြို့ မြို့မဈေးဟုလည်း ခေါ်ဆိုနိုင်သည့် အောက်ဈေးကြီးမှာ လွန်ခဲ့သည့် အနှစ် ၃၂ နှစ်အတွင်း နှစ်ကြိမ် လောင်ကျွမ်းပြီးဖြစ်သည်။ ၁၉၇၆ ခုနှစ်တွင် အောက်ဈေးကြီး မီးလောင်ပြီးနောက် မဆလ အစိုးရ လက်ထက် ပြန်မဆောက်ဖြစ်ဘဲ မြို့၏ အခြားနေရာလွတ်တွင် ယာယီဈေး ဆောက်လုပ်ကာ ရောင်းချနေခဲ့ပြီး အဆိုပါနေရာကို မီးလောင်ပြင် ဈေးကြီး အဖြစ် ဆယ်စုနှစ် တစ်ခုကျော်ကြာ အဆိုပါအတိုင်း ထားရှိခဲ့သည်။

၁၉၈၈ အရေးအခင်းကာလ နောက်ပိုင်းတွင်မှ ပြန်လည်ဆောက်လုပ်ခဲ့ပြီး အနှစ် ၂၀ ၀န်းကျင် အကြာတွင် ဒုတိယအကြိမ် လောင်ကျွမ်း ခြင်းဖြစ်သည်။ စစ်အာဏာရှင် အစိုးရလက်အောက်တွင် ပစ္စည်းဥစ္စာကို နှစ်နှင့်ချီပြီး မည်မျှပင် ကြိုးစားရှာဖွေ စုဆောင်းထားပါစေ နာရီပိုင်းအတွင်း၊ ရက်ပိုင်းအတွင်း အချိန်မရွေးဆုံးရှုံးသွားနိုင်သည် ကိုသက်သေပြသည့် အဖြစ်အပျက် တခု ဟုလည်း ဆိုနိုင်သည်။

တကြိမ် လောင်ကျွမ်းတိုင်း ဆိုင်ခန်းအားလုံး ကုန်လုနီးပါး လောင်ကျွမ်းခြင်းဖြစ်ရာ ဈေးဆိုင်ရှင်များအနေဖြင့် ကြီးမားသည့် ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ရသည် ဟု မော်လမြိုင်မြို့ခံများကပြောဆိုသည်။

ယခုတကြိမ်တွင် ဆိုင်ခန်းပေါင်း ၁၁၀၀ ကျော်လောင်ကျွမ်းခြင်းဖြစ်ရာ ဆိုင်တဆိုင်ကို ပစ္စည်းတန်ဘိုးပျှမ်းမျှ သိန်း ၅၀၊ ဆိုင်ခန်းတန်ဘိုး သိန်း ၅၀၊ စုစုပေါင်း သိန်း ၁၀၀ ၀န်းကျင်နှင့် တွက်ချက်လျင်ပင် သိန်းပေါင်း သိန်းနှင့် ချီပြီး ဆုံးရှုံးခဲ့ရသည်ဟု ဆိုရမည် ဖြစ်သည်။

မီးလောင်သည့်နောက်က တောကြောင်များ

ဒေသဆိုင်ရာ အာဏာပိုင်များ၏ အမြင်တွင်မူ ဈေးမီးလောင်ခြင်းကို ငွေကြေးလဘ်လာဘ ရရှိဖို့အခွင့်အလမ်း တခုအဖြစ် ရှုမြင်ထားကြသည်။ ထို့ကြောင့် ဈေးများ မီးဘေးကာကွယ်ရေး အစီအမံကို စစ်ဆေးခြင်း၊ ဈေးကြီးများမီးလောင်သည့် အခါအားကြိုးမာန်တက် မီးငြိမ်းသတ်ခြင်း လုပ်ဆောင်သည်ကို မတွေ့ရဘဲ၊ မီးလောင်လျင်လောင်ချင်း မီးသတ်ကား ရောက်မလာတာ၊ ရောက်လာသော်လည်း မီးငြိမ်းသတ်ဖို့ အထက်အမိန့်ကို မိနစ် ၂၀၊ နာရီဝက်မျှ စောင့်ဆိုင်းရသည် ဆိုသည့် အဖြစ်များကို ကြားနေရခြင်းဖြစ်သည်။ ထိုသို့ငြိမ်းသတ်ဖို့ နောက်ကျသဖြင့် ပတ်ဝန်းကျင် လူထုထံမှ လာဘ်ငွေတောင်းသဖြင့် စသည့်အကြောင်းတို့ကြောင့် မည်သည့် မီးသတ်ဝန်ထမ်းမျှ အရေးယူခံရသည်ဟု မကြားခဲ့ရ။

ဈေးမီးလောင်ခြင်း၏ အခြား အဓိပ္ပါယ်

တကြိမ် မီးလောင်ပြီးတိုင်း ယာယီဈေး ဆောက်ဆောက်၊ အမြဲတမ်းဈေးပဲ ဆောက်ဆောက် အာဏာလက်ရှိ စစ်တိုင်းမှ အရာရှိများအတွက် ဆိုင်ခန်းခွဲတမ်း၊ ရှေ့တန်းကျဆုံးသည့် အရာရှိ စစ်ဗိုလ်များအတွက်ကျန်ရစ်သူ မုဆိုးမများအတွက် ဟူ၍ နေရာကောင်းများကို ခွဲတမ်းဖယ်ထားပေးရသည်။

၁၉၇၆ ခုနှစ် မီးလောင်ပြီး နောက်ထပ်ဆောက်သည့် ယာယီ အပေါ်ဈေးတွင် ထိုကဲ့သို့ ဆိုင်ခန်း အများအပြား ရယူကာ ပြန်ရောင်းစားခဲ့ကြသလို၊ ယခု မီးလောင်သွားသည့် အောက်ဈေးတွင်လည်း ဆိုင်ခန်းများ ရယူကာ ရောင်းစားခဲ့ကြသည်မှာ မော်လမြိုင်မြို့ခံ အားလုံး သိရှိပြီးဖြစ်သည်။

ထို့ကြောင့် ယခုတကြိမ် မော်လမြိုင်မြို့မ ဈေးကြီးမီးလောင်သည့်နောက် ဈေးပြန်လည် ဆောက်လုပ်မည့် အစီအစဉ်တွင် ဆောက်လုပ်မည့် လုပ်ငန်းရှင်များက ကန်ထရိုက်ရရှိရေးအတွက် မော်လမြိုင်မြို့ကို အုပ်ချုပ်နေသည့် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဆီ လာဘ်လာဘထိုးကာ ချဉ်းကပ်ကြတော့မည်မှာ မြေကြီးလက်ခတ် မလွဲသလို၊ ပြန်လည်ဆောက်လုပ်မည့် ဈေး အကွက်ချရတွင် ဆိုင်ခန်းနေရာ ရယူရေးအတွက် မော်လမြိုင်မြို့ စစ်အရာရှိများလည်း အဆင်သင့်ဖြစ်နေမည်မှာ သေချာသည်ဟု မော်လမြိုင်မြို့ခံများက ပြောဆိုနေကြသည်။

မော်လမြိုင်မြို့ခံတဦးက

မော်လမြိုင်က ၈၈ အရေးအခင်းကာလ နောက်ပိုင်းကတည်းက စီးပွားရေး ကျဆင်းလာတာ အခုထိပဲ။ အဲဒီအထဲမှာ အခု ဈေးမီးလောင်တာဟာ မော်လမြိုင်မြို့ကို တော်တော်အထိနာ သွားစေတယ်။ အဲဒီလို ဒုက္ခရောက်နေတဲ့ မော်လမြိုင်လူထုကို သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ပေါင်းပြီး လုပ်စားနေတဲ့ ကန်ထရိုက်တာတွေနဲ့ အာဏာရှိတဲ့ စစ်တပ်က ထပ်ပြီး နှိပ်စက်ကြဦးမယ်။ ဈေးပြန်ဆောက်ရင် ဆိုင်ခန်းပိုင်ရှင်တွေက ဆိုင်ခန်းနေရာ တနေရာ ပြန်ရဖို့ မတန်တဆ ဈေးပေးရဦးမယ်။ ဆုံးရှုံးသွားတဲ့ ငွေကြေးတွေကို ဘယ်လို ပြန်ရှာရမလဲ ဆိုတာထက်ကို ဆိုင်ခန်း လက်မလွတ်အောင် သူတို့တောင်းတဲ့ ငွေကို ရအောင်ရှာ ရှာမရရင်တော့ ကိုယ့်ရမယ့် နေရာကို သူများဆီ ရောင်းချရမယ့်ကိန်းပဲ

ဟု ဆိုသည်။

ဈေးဆောက်သည့်အခါတိုင်း၊ မြေကွက်နေရာချပေးသည့်အခါတိုင်း၊ စစ်တပ်နှင့် ဒေသအုပ်ချုပ်ရေး အာဏာပိုင်များက အခွင့်အရေးဝင်ယူကာ ရောင်းစားကြသည်မှာ ထုံးစံလိုလို ဖြစ်နေသည့် မြန်မာနိုင်ငံတွင် ဈေးမီးလောင်သည်မှာ လူထုအတွက် ဆုံးရှုံးမှု၊ စိတ်မချမ်းမြေ့စရာတခု ဖြစ်ပေမယ့် ထိုအဖြစ်မှ အခွင့်အရေးရယူကြမည့် သူများအတွက်တော့ ၀င်ငွေရလမ်း တခုဖြစ်နေသဖြင့် စိတ်ထဲတွင် ၀မ်းသာနေမည်လား မပြောတတ်ပေ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts