>Far from Home: 20 years in Exile

>

သူပုန်၊ သတင်းထောက်၏ အတွေ့အကြုံစာအုပ် ထွက်ပြီ
မိုးမခအထောက်တော် ၆
ဒီဇင်ဘာ ၁၁၊ ၂၀၀၈

လက်နက်ကိုင်ကျောင်းသားခေါင်းဆောင်ဘ၀မှ စာနယ်ဇင်းသမားအဖြစ် ကူးပြောင်းလာသူတဦး၏ အတွေ့အကြုံဆောင်းပါးများကို စုစည်းထားသည့် စာအုပ်သစ်တအုပ် စတင်ဖြန့်ချိလျက်ရှိသည်။

ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) အကြီးတန်းသတင်းထောက် ကိုထက်အောင်ကျော်၏ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော Far from Home: 20 years in Exile အမည်ရှိ အဆိုပါ စာအုပ်တွင် ပြီးခဲ့သည့် အနှစ် ၂၀ အတွင်း ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံများ ပါဝင်သည်။ ဆောင်းပါးသစ် ၅ ပုဒ်၊ The Irrawaddy, Bangkok Post, The Nation, Democratic Voice of Burma သတင်းဌာနတို့တွင် ဖော်ပြခဲ့ဖူးသည့် ဆောင်းပါးဟောင်း ၂၄ ပုဒ် ပါဝင်သည်။

ကိုထက်အောင်ကျော်သည် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF တပ်ရင်း ၂၀၁ ၏ ခေါင်းဆောင်ဟောင်းတဦးဖြစ်သည်။

ယမန်နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြုလုပ်သည့် စာအုပ်မိတ်ဆက်ပွဲတွင် ကိုထက်အောင်ကျော်က “ဒီစာအုပ်မှာ မြန်မာပြည်အရေးနဲ့ပတ်သက်ပြီး စဉ်းစားစရာတွေ တွေ့လိမ့်မယ်၊ ဘာဆက်လုပ်ကြမလဲ ဆိုတာကို မေးခွန်းထုတ်ထားတယ်၊ စာအုပ်မှာတော့ အဖြေပေးမထားဘူး” ဟု ဆိုသည်။

စာအုပ်တန်ဖိုးမှာ ၁၀ ဒေါ်လာဖြစ်ပြီး http://www.irrawaddy.org/Ads/far_from_home.html မှတဆင့် ၀ယ်ယူနိုင်သည်။


၁၉၈၈ ခုနှစ်က ဆန္ဒပြသူ ၆ ဦး ပစ်သတ်ခံခဲ့ရသည့် ထားဝယ်မြို့တနေရာ။ သတ်ဖြတ်မှုများဖြစ်ပွားခဲ့သည့် ညဘက်တွင် ကိုထက်အောင်ကျော်နှင့် ထားဝယ်မှကျောင်းသားအများအပြားသည် လက်နက်ကိုင်တော်လှန်ရေးစတင်ရန် နယ်စပ်ဒေသသို့ တိမ်းရှောင်ခဲ့ကြသည်။
(ဓာတ်ပုံ – http://tavoyan.blogspot.com )ယမန်နေ့က စာအုပ်မိတ်ဆက်ပွဲတွင်တွေ့ရသော ကိုထက်အောင်ကျော် (ဓာတ်ပုံ – မိုးမခ)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts