News Features

If Killer is not guilty, then the dead is the guilty one (TheGeek)

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

လူသေအောင်ပစ်သတ်သူတဦးကို အပြစ်မရှိဘူးဟု ဆုံးဖြတ်သည့် အမေရိကန်တရားရုံးစနစ်ကို ကန့်ကွက်ကြ

နိုင်ငံတကာသာဂိ၊ ဇူလိုင် ၁၆၊ ၂၀၁၃

၂၀၁၂ ဖေဖော်ဝါရီလ၊ ဖလော်ရီဒါပြည်နယ်၊ မြို့ငယ်လေးတမြို့က ပုဂ္ဂလိကအိမ်ယာဝင်းထဲမှာ ညဖက် လမ်းဖြတ်လျောက်သူ ၁၇ နှစ်အရွယ် လူငယ်တဦးကို ရပ်ကွက်ကိုယ်ထူကိုယ်ထ ကင်းသမားက လိုက်လံ စစ်ဆေးရာက အချင်းများပြီး ကင်းသမားက အဆိုပါလူငယ်ကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်။ ထွေးလုံးသတ်ပုတ်ကြရာက ကိုယ့်ကိုယ်ကို ကာကွယ်တဲ့အနေနဲ့ ၁၇နှစ်သားကို အသက် ၂၉ နှစ်အရွယ် ကင်းသမားက သေနတ်နဲ့ ရင်ဝကို အနီးကပ်ပစ်သတ်လိုက်တာ ဖြစ်တယ်။ အဲသည်ပြည်နယ်မှာ အသက်ရန်ရှာလာရင် ကိုယ့်ကိုယ်ကို ကာကွယ်တဲ့အနေနဲ့ လက်နက်နဲ့ ခုခံခွင့် ပစ်ခတ်ခွင့် အသက်စီရင်ခွင့်အထိ ဥပဒေက ခွင့်ပြုထားတယ်။ Stand Your Ground Rule လို့ ခေါ်ပါတယ်။ ရဲတပ်ဖွဲ့က အဲသည်လူသတ်မှုကို အရေးမယူဘဲ ၂၉ နှစ်အရွယ် ဇင်းမားမင်းဆိုသူကို လွှတ်ပေးခဲ့တယ်။ သေသူကတော့ ၁၇နှစ်အရွယ် လူငယ် ထရေဗွန်မာတင် ဖြစ်ပါတယ်။ အဲသည်အမှုဟာ ရက်သတ္တပတ်အနည်းငယ် အထိ ဘာမှ တရားရုံးတော်နဲ့ လူမှုအဖွဲ့အစည်းက ဘာမှ ထူးထူးခြားခြား တုံ့ပြန်ခြင်းမရှိသလို ငြိမ်သက်နေသလိုပဲ။ သို့သော် …       

သို့သော် ပစ်သတ်သူက လူဖြူမျိုးနွယ် (တောင်အမေရိကန်စပိန်မျိုးနွယ်၊ Hispanic) ဖြစ်နေတယ်။ ပစ်သတ်ခံရသူက လူမည်းမျိုးနွယ် လူငယ်တဦးဖြစ်တယ်။ အဲသည်သတင်းဟာ အဲသည် ရက်သတ္တပတ် ၂ ပတ်အတွင်းမှာ အမေရိကန်တပြည်လုံးက လူဖြူမဟုတ်သူတွေအတွင်း၊ လူမည်းမျိုးနွယ်တွေအတွင်း၊ လူနည်းစုနိုင်ငံသားအခွင့်အရေးလှုပ်ရှားသူတွေအတွင်း၊ ကျောင်းသားလူငယ်တွေအတွင်း၊ အိုဘားမားအပါအ၀င် လက်နက်ကိုင်အကြမ်းဖက်မှုကို ဆန့်ကျင်သူများအတွင်း ကြီးကျယ်သော အုံကြွမှု၊ ဝေဖန်ကန့်ကွက်မှု၊ ဆန္ဒထုတ်ဖော်မှု အများအပြား ဖြစ်ပေါ်ပြီး တရားဥပဒေကနေ အရေးယူဖို့ တောင်းဆိုသံတွေ ဘ၀ဂ်ညံလာခဲ့မှသာ ဖလော်ရီဒါပြည်နယ် တရားရုံးက အဲသည် ဇင်းမားမင်း လူဖြူ သေနတ်ကိုင်ကင်းသမားကို ဖမ်းဆီးပြီး လူသေစေမှု၊ (Man Slaughter) လက်ရောက်ရာမှ လူသတ်မှု (Second Degree Murder) နဲ့ ရုံးတင်စစ်ဆေးတဲ့ အဆင့်ကို ရောက်ရှိခဲ့တယ်။

ဇူလိုင်လ ၂၀၁၃၊ တနှစ်ကျော်အကြာမှာ နိုင်ငံသားဂျုရီအဖွဲ့ (နိုင်ငံသားခုံရုံးအဖွဲ့) နဲ့ ဖလော်ရီဒါပြည်နယ်တရားရုံးက လူသတ်သူ ဇင်မားမင်းကို တရားကြားနာ စစ်ဆေးတယ်။ နောက်ဆုံးမှာ ကိုယ့်အသက်ကို ကာကွယ်သူ ဇင်မားမင်း (၂၉ )နှစ်ဟာ အပြစ်မရှိဘူးလို့ ခုံရုံးအဖွဲ့ဝင် နိုင်ငံသား ၆ဦးက အဆိုတင်ဆုံးဖြတ်လိုက်တဲ့အတွက် ပြည်နယ်တရားသူကြီးက ဇင်မာမင်းကို တရားသေလွှတ်ပေးလိုက်တယ်။

(လူသတ်သည့်အပြစ်က တရားသေလွတ်သွားသူ ဇင်မားမင်း)

အဲသည်မှတင် လက်နက်မဲ့ အပစ်သတ်ခံရသူ၊ ညဖက်ကို အိမ်ယာဝင်းအတွင်း (သူ့အဖေရဲ့အိမ်ကို လာလည်ရင်း) ဖြတ်လျောက်လို့ စစ်မေးခံရပြီး နောက်ဆုံး အသက်ဆုံးရှုံးရသူဟာ အပြစ်ရှိသူတဦး ဖြစ်နေပြီး လမ်းဖြတ်လျောက်သူတဦးကို မင်္သကာလို့ အကြောင်းပြချက်နဲ့ နောက်ယောင်ခံလိုက်တဲ့ လက်နက်ကိုင် ကင်းသမားက၊ (အဲသည်အချိန်မှာ ဇင်မာမင်းက ရဲကို နိုင်းဝမ်းဝမ်းဆက်ပြီး အကြောင်းကြားလို့ ရဲက မင်းဆက်လိုက်စရာမလိုဘူးလို့ အကြိမ်ကြိမ် သတိပေးတဲ့ကြားက) သွားရောက် စစ်မေးတားဆီးတာလုပ်လို့ အချင်းဖြစ်ပွားမှု စတင်ခဲ့သူက အပြစ်မရှိသူအဖြစ် လွတ်မြောက်သွားတာကို အမေရိကန်တပြည်လုံးမှာရှိတဲ့ လက်နက်ကိုင်အကြမ်းဖက်မှု ဆန့်ကျင်သူ၊ သည်လိုဆုံးဖြတ်တာ မတရားဘူးလို့ သဘောထားသူ နိုင်ငံသားအခွင့်အရေးလှုပ်ရှားတက်ကြွသူတွေက ဒေါသပုန်ထပြီး လမ်းမပေါ်ထွက် ဆန္ဒပြ ကန့်ကွက်ကြတာ ဖြစ်ပါတယ်။

 ဒါ့အပြင် အမေရိကန်ပြည်ထောင်စုရဲ့ အကြီးကျယ်ဆုံးသော အနာဟောင်းကြီးဖြစ်တဲ့ အသားအရောင်ခွဲခြားမှု၊ လူဖြူလူမည်း ခွဲခြားမှု အရေးကိစ္စက ရှေ့တန်းရောက်လာပြီး မေးခွန်းထုတ်ခြင်း၊ စိန်ခေါ် ထောက်ပြခြင်း ခံရတာ ဖြစ်ပါတယ်။ အယ်လ်အေမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ် တခုအကျော်မှာ လူဖြူရဲတွေက လူမည်းတဦးကို ရိုက်နှက်စော်ကားလို့ နိုင်ငံမှာ အဓိကရုဏ်းဖြစ်ပွားခဲ့ဖူးတယ်။ အယ်လ်အေမှာပဲ အာရှသားနဲ့ လူမည်းတွေ လူမျိုးရေးပဋိပက္ခကြီးဖြစ်ပွားလို့ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ခန့်က တမြို့လုံး မီးဟုန်းဟုန်းတောက်ခဲ့ဖူးတယ်။ တောင်ပိုင်းက လူဖြူတွေဟာ လူမည်းတွေ၊ အာရှသားတွေ၊ တောင်အမေရိကန်က လူတွေကို ခွဲခြား နှိမ်ချ စော်ကားလေ့ရှိလို့ “Civil Rights – နိုင်ငံသားတန်းတူညီမျှမှု အခွင့်အရေး” လှုပ်ရှားမှုတွေနဲ့ အစိုးရအဆက်ဆက်မှာ အရေးဆိုမှုတွေ တရားစီရင်မှု မျှတရေး တိုက်ပွဲတွေဟာ ခုချိန်ထိ ဖြစ်ပွားနေဆဲဖြစ်တယ်။ အသားမည်းလို့ မူဆလင်အဖြစ် အစွပ်စွဲခံရတာ၊ နိုင်ငံသားမဟုတ်ဘူးလို့ စော်ကားခံရတာဟာ သာမန်နိုင်ငံသားတဦးတောင် မဟုတ်ဘူး၊ သမ္မတလောင်းအဖြစ် ၀င်ပြိုင်တဲ့ အိုဘားမားတို့ လင်မယားကိုယ်တိုင် ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ရတယ်။ ခုလည်း လာပြန်ပြီး လူဖြူနွယ်တဦးက လက်နက်ကိုင်ပြီး လူမည်းတဦးကို မင်္သကာလို့ပါဆိုပြီး တားဆီး စစ်ဆေးရာက အချင်းမျာပြီး ပစ်သတ်လိုက်တာတောင် တရားစီရင်ရေးက အပြစ်မရှိဘူးလို့ တရားသေလွှတ်ပစ်လိုက်တယ် ဆိုမှတော့ လူ့အခွင့်အရေး ဒီမိုကရေစီရေးမှာ ရှေ့တန်းက ကုန်းအော်နေသူ အမေရိကန်ပြည်ကြီးဟာ ခုချိန်ထိ စိတ်ပျက်ဖွယ်၊ မေးခွန်ထုတ်ဖွယ်ရာ ဖြစ်နေတယ်လို့ အဝေဖန်ခံရတာ ဖြစ်ပါတယ်။

(အသတ်ခံရသူ ၁၇နှစ်သားအတွက် ဆန္ဒပြနေသူများ)
အဲသည်အတွက် Civil Rights (နိုင်ငံသားအခွင့်အရေး တန်းတူညီမျှခွင့်ရှိရေး) လှုပ်ရှားသူတွေက မခံမရပ်နိုင်ဖြစ်ပြီး တရားမျှတတဲ့ စီရင်ရေးဖြစ်အောင် ကန့်ကွက်ဆန္ဒပြကုန်ကြတာ အမေရိကန်ပြည် အရှေ့ခြမ်းကနေ အနောက်ခြမ်း၊ အလယ်ခြမ်း တနံတလျား ဖြစ်ကုန်တာ အခုဆိုရင် ဒုတိယနေ့ ဖြစ်ခဲ့ပြီ။
အမေရိကန် တရားစီရင်ရေးဌာန (US Dept. of Justice) က သည်အမှုကို ပြည်ထောင်စုအဆင့် (Civil Rights) ထိခိုက်စေမှု ရှုထောင့်ကနေ အမုန်းတရားအခြေခံ ရာဇ၀တ်မှုကျုးလွန်ခြင်းလား၊ လူမျိုး အသားအရောင် ခွဲခြားပြီး ရာဇ၀တ်မှုကျုးလွန်ခြင်းလားဆိုပြီး စုံစမ်းစစ်ဆေးဖို့ ပြည်သူတွေက ပြန်လှန်တောင်းဆိုနေကြတာ ဖြစ်ပါတယ်။ အိုဘားမားကတော့ အမေရိကန်တရားရေးစနစ်က ခုံရုံးလူကြီး ဆုံးဖြတ်တာကို လေးစားပါ။ တည်ငြိမ်စွာနဲ့ ဖြေရှင်းကြဖို့ စဉ်းစားပါလို့ တောင်းဆိုပါတယ်။ ခုဆိုရင် ဇင်မားမင်းဆန့်ကျင်ရေး၊ ထရီဗွန်မာတင် တရားသဖြင့်ဖြစ်မြောက်ရေး လှုပ်ရှားမှုတွေ တောင်းဆိုတဲ့ လူထုလှုပ်ရှားမှု၊ လမ်းပေါ်ထွက် ဆန္̔̔ဒပြမှုတွေ ဖြစ်နေပြီ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုအတွက်ကတော့ နိုင်ငံသားအခွင့်အရေး တန်းတူမှုအရေး တောင်းဆိုမှုတွေဟာ နိုင်ငံသက်တမ်းတလျောက်လုံး ဆက်လက်ရှင်သန်နေမှာ ဖြစ်ပါတယ်။ မတရားအလုပ်ခံရတယ်၊ မတရားစီရင်ခံရတယ် ထင်ရင် ငြိမ်ခံမနေဘဲ အုံကြွလှုပ်ရှားမှုနဲ့ ရင်ဆိုင်ရုန်းကန်တာ သူတို့တွေရဲ့ သဘာဝပဲလို့ မြင်မိတယ်။ လက်နက်ကိုင် ခုခံခွင့် ရှိတယ်လို့ ယူဆသူတွေကိုယ်တိုင်ကလည်း အမေရိကန်လွတ်လပ်ရေး ရကတည်းက နောက်တသက်လုံးလည်း အလျော့မပေးဘဲ ဆက်လိုက် ကိုင်စွဲ ပြန်လှန်ရပ်တည် တောင်းဆိုနေမှာပဲ ဖြစ်ပါတယ်။ ငြိမ်ခံနေရင် ပြန်မပြောရင် လက်လျော့လိုက်ရင်တော့ တဖက်က ဆက်ပြီး အနိုင်ယူ ရှေ့တိုးကြမှာမို့လို့ သူတို့တတွေဟာ သူတို့ အခွင့်အရေးအတွက် ကိုယ့်ကြမ္မာကိုယ် ဆက်ဖန်တီးဖို့ ရုန်းကန်နေကြတာ ဆက်လက် ရှုစားနေရုံသာ ရှိတယ်လို့ မြင်မိပါကြောင်း။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts