Uncategorized

Dr. Tin Zaw Lwin – Essay


ဒေါက်တာ တင်ဇော်လွင်

ဇူလိုင် ၁၆၊ ၂၀၁၃

တို့တတွေရဲ့ဘ0 ဖြစ်စဉ်တွေထဲမှာ ငယ်ငယ်က ဆေးကျောင်းသားဘ၀၊ အဆောင်နေ ကျောင်းသားဘ၀တွေဟာ အတ်ာအရေးပါ အရာရောက်ခဲ့ကြတယ်။ ငါပြောတာကို ဘယ်သူမှ ထငြင်းမှာ မဟုတ်ဘူးဆိုတာ ငါသိနေတယ်။ နဂိုအနေမို့ ခေါင်းငြိမ့်ခေါင်းခါ မတတ်တဲ့သူငယ် ချင်း တွေတောင် ရီကျဲကျဲသွားဖြဲဖြဲနဲ့ ထောက်ခဲ့ကြမှာဘဲ။ ဟုတ်တယ် မို့လား။

ဘယ်လိုအရေးပါခဲ့သလဲ?

ဘယ်အရာရောက်ခဲ့သလဲ

အင်း အဲဒါကိုလဲ တယောက်စီကို လိုက်မေးကြည့်။ အို … ပြောပြကြပါလိမ့်မယ်။ မင်း နားထောင်တဲ့သူတောင် ခါးတောင်းကျိုက်ပီး နားထာင်ရ မှာ။ ပြောမဲ့အကြောင်းအရာတွေကကော – အဲဒါကလဲ ဒင်းကြမ်းဘဲ။ တေမိလို စကားနဲတဲ့ကောင်တွေကိုတောင် အခု မယုံသွားမေးကြည်၊ ပြောကြမှာ တတွတ်တွတ်နဲ့ ကရားရေလွှတ်သလို၊ တမလွန်ကို တို့ထက် စောပြီးရောက်နေကြတဲ့သူငယ်ချင်းတွေကိုကော “လက်တို့ပီးတော့ မေးရဦးမယ်” လုပ်ချင်သေးလား လာမှာဗျာ။ ပြောမှာဗျာ။

တို့ရဲ့ဆေး(၂) စာသင်နှစ်က ၁၉၇၄ စက်တင်ဘာမှာ စတာ မှုတ်လား။ ရောက်ကာစမှာ မင်္ဂလာဒုံနဲ့ ဆူးလေကို ဖန်ခုန်တမ်းကစားသလို သွားရတာ ပျော်ခဲ့ကြတယ်။

ကိုယ့်ပိုက်ဆံ ကိုယ်ကိုင်ပီး သုံးရတာကိုပျော်ခဲ့ကြတယ်။

တပတ်တခါ ရုပ်ရှင်ကြည့်ရတာကို ပျော်ခဲ့ကြတယ်။

မြို့ပတ်ရထား ရန်ကုန်မြို့တပတ်စီးရတာကို ပျော်ခဲ့ကြတယ်။ ဟုတ်တယ်မို့လား။ အထက်တန်းကျောင်းသားဘ၀အိ မိဘရဲ့ ဒေါက်ထောက်အကြည့်တွေအောက်မှာ နေခဲ့ရတာလေး။ အခုတော – ပျော်သလိုသာနေ ကိုယ့်လူရေပေါ့။ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် စပြီး အပျံသင်ကြပြီးပေါ့။

အေး – မိဘတွေကတော့ ရင်ပူရှာကြသပေါ့ကွာ။ နော်

အပေါင်းအသင်းမှားမှာ စိုးရိမ်ကြသတဲ့။ မုဆိုးနားနီး- မုဆိုးတွေဖြစ်တတ်သတဲ့။ ကျန်းမာရေးကိုလဲ ဂရုစိုက်ဘို့ မှာခဲ့ကြသပေါ့ သိတယ်မို့လား။ တို့တတွေရဲ့ ဆင်ခြင်ဆင်လက်တွေကလဲ အမျိုးမျိုးပေါ့ကွာ ပြန်မပြော နားမထောင်စတိုင်နဲ့။

ချက်ဆို နားခွက်က မီးတောက်တဲ့လေမျိုးနဲ့။

ကိုယ်ကောင်းရင် ခေါင်းဘယ်မှ မရွေ့ပါဘူးဆိုတဲ့လျှောက်ထုံးနဲ့။ ဟုတ်တယ်မို့လား။

အေး အဲဒီလိုနဲ့ တနှစ်ပီးတနှစ်တို့တတွေ ပုံမှန်အတိုင်း (၀ါ) သဘာဝနိယမအတိုင်း (ကံရဲ့ ဖေးမချက်လဲပါပေသပေါ့ကွာ) “ရင့်ကျက်”ခဲ့ကြတယ်။

အဆောင်ခ ၅၇ ကျပ်ကနေ ၁၂၀ အထိ တိုးပီးပေးရတာကိုလဲ

“မိုးပြို အများနဲ့ ” ခဲ့ကြတယ်။

“အရည်အချင်း ကောင်းအောင်ကြိုးစားထားသည်။ ဟင်းချိုတခွက်သာ သောက်ပါ” ဆိုတဲ့နောင်တော် ကျောင်သားကြီးတွေရဲ့ လက်တွေ့ကျတဲ့ အကြံပေးချက်ကိုလဲ ပျော်ရွှင်စွာရယ်မောရင်း လိုက်နာခဲ့ကြတယ်။ ပူညံပူညံထ မလုပ်ကြပါဘူးကွာ။ ဆန္ဒပြတာတွေ သပိတ်မှောက်တာတွေလဲ မစဉ်းစားမိကြပါဘူးကွာ။

အေး – ကျောင်းသားထုရဲ့အရေး၊ ပြည်သူတွေရဲ့အရေး၊ တတိုင်းပြည်လုံးရဲ့အရေး ဖြစ်လာတဲ့ပွဲတွေတော့ – တို့တတွေဝင်ပြီး ဆွမ်းကြီးလောင်း ခဲ့ကြသပေါ့။ အဲဒါတွေ မင်းတို့အသိ။ ထားပါတော့။

” မင်းတို့က ခေတ်ပျက်ကြီးထဲမှာ လူလာဖြစ်ကြတာကိုး” လို့ အဲဒီတုံးက တို့အဖေအမေတွေက ပြောတာကို တို့ကြားဖူးကြတယ် မို့လား။ အဲဒီ သူတို့ပြောတဲ့ ‘ခေတ်ပျက်ကြီးရဲ့ဘိုးအေ” ဟာ – တို့ရှေ့မှာ မားမား မားမားနဲ့ဖြတ်သွားနေတုံး တို့တတွေဟာ “ရှဥ့်လည်း လျှောက်သာ ပျားလဲစွဲသာ …” နေနိုင်ခဲ့ကြတယ်။

ဂေါက်ရိုက်ကပြန်လာတဲ့ သွားလေသူ ဦးနေ၀င်းကြီးကို (ယောင်တောင်ပေါင်တောင်နဲ့) ပြည်လမ်းပေါ်မှာ လက်ဝှေ့ယမ်းပြပြီး အပြန်မှာ – ရွာထဲက အရက်ဖြူဆိုင်မှာ နိုင်ငံရေးလေပွေတွေ ဆက်ပီး မွှေ့နိုင်ခဲ့ကြတယ်။ “ငွေဇင်ယော်တွေလို တောင်ပံပါရင်…” လို့ အသံကုန်၊ အသံပြဲအော်ပီးဟစ်နိုင်ခဲ့ကြသလို “ယက္ခဂုမ္ဘာန် ၀န်းရံပတ်လို့ စောင့်ကြပ်တဲ့ နတ်ပန်း အာသာဝတီနွယ်” ရယ်လို့ ခိုညည်းခဲ့ကြဘူးတယ်။ ဟုတ်တယ်မို့လား။

ဒါတင်ဘယ်ကမလဲ၊ တို့ရဲ့ အဆောင်နေကျောင်းသာဘ၀မှာ တွေးတွေးဆဆဖေးဖေးမမ နေထိုင်တတ်တဲ့အကျင့် ကောင်းတွေလဲ အမြစ်တွယ်လာခဲ့ကြတယ်လေ။

အမေကြော်ပေးလိုက်တဲ့ ဘာလချောင်ကြော်ကို တရက်ထဲနဲ့ သူငယ်ချင်းတွေ အပြောင်တွယ်လိုက်ကြတာ။ တွယ်ပစေပေါ့။ ကုန်ရင် အေးတာဘဲ။

(အဲဒီလို မို့လား)

အသဲကွဲနေတဲ့အကောင်းတွေ အရက်သောက်ချင်သလား။ ကြိုက်တဲ့အချိန်ပြော ဖော်လိုက်ချင်တဲ့ကောင်တွေပေါမှပေါ။ (အဲဒီလိုမို့လား)

အဲဒီအသက်အရါက်မှာ ဖြစ်တတ်တဲ့ Ego identity vs. Role diffusion ဆိုတဲ့အနောက်တိုင်း စိတ်ပညာသဘောတရားတွေကိုလဲ တို့တွေ ကြားတောင် မကြားဖူးပါဘူးကွာ၊ (ကြားဖူးလဲ ဂရုမစိုက်ပါဘူး။)

ပတ်ဝန်းကျင်ကြောင့်လား၊ ဗီဇကြောင့်လားဆို သီဝရီတွေလဲ လာမပြောနဲ့။

‘ ဖဲဝိုင်းမှာမိရင် – တရားထိုင်ရမယ်” ဆိုတဲ့ အဆောင်မှူးတွေနဲ့ အတူတူနေခဲ့ရတယ်။ “မိန်းမခိုးရင် – ဆရာ့အိမ်ခိုးလာခဲ့” ဆိုတဲ့ ဆရာတွေနဲ့ ဆုံခဲ့ရတယ်။

ကဲ! ကျောင်းသားဘ၀မှာ ဘာလိုသေးလဲ။

ခြုံပြောရရင် – တို့တတွေဟာ တည့်တည့်မတ်မတ် မှန်မှန်ကန်ကန်၊ ဟန်ကျ၊ ရင့်ကျက်ခွင့်တွေရခဲ့ကြတယ်။

ဓမ္မနဲ့ အဓမ္မကို သိခဲ့ကြတယ်။

ဓမ္မပါလ တရားတွေကို သဘောပေါက်ခဲ့ကြတယ်။

အေး – အဲဒါတွေ အားလုံးစုပေါင်းပီး တို့တတွေရဲ့ “ကိုယ်ရည်ကိုယ်သွေး” တွေဖြစ်လာခဲ့တယ်။

မိဘရဲ့ရင်ငွေ့၊ ဆရာသမားတွေရဲ့ အသွန်အသင်နဲ့ သူငယ်ချင်းတွေရဲ့ ပုခုံးဖက်မှုတွေကြားမှာ တို့တတွေဟာ လူတလုံးသူတလုံးဖြစ် လာခဲ့ကြ တယ်။ အခုပြန်ပီး – စဉ်းစားကြည့်လိုက်တော့ ဒါတွေဟာ …

နယ်ပေါင်းစုံက ရေခဲပြေခံမတူကွဲပြား၊ စရိုက်အထွေထွေနဲ့ မ-တထောင်သား တို့တတွေဟာ – တမိုးအောက်ထဲမှာ တဆောင်ထဲနေပီး၊ တအိုးထဲ အတူတူ စားခဲ့ကြလို့ မဟုတ်လား။ ဟုတ်တယ်မို့လား။ သူငယ်ချင်းတို့ရယ်။ သေသေချာချာ ပြန်စဉ်းစားကြည့်စမ်းပါ။

ရှေးခေတ်က နှီးဒေါင်းလန်းကြီးမှာ ထမင်းတွေပုံ ဟင်းတွေပုံ၊ မိသားစုတွေ ၀ိုင်းဖွဲ့ပီး လက်ရေတပြင်တည်း စားခဲ့ကြသတဲ့။ အဲသလိုမျိုး တို့တတွေ နေခဲ့ကြတယ်လေ။ ဟုတ်တယ်မို့လား။ မင်းတို့ ငါတို့ရဲ့ သားသမီးတွေကို တို့ရဲ့ အဆောင်နေဘ၀ အကြောင်းတွေကို ပြန်ပီး ပြောပြကြပါစို့။ မကောင်းဘူးလား။

ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင် လက်ရေတပြင်တည်း ရှေးကတော့ ပိုချစ်ကြတယ် ဆိုတဲ့အကြောင်းလဲ ထဲ့ပြောပြဘို့ မမေ့နဲ့ဦးနော်။

Zarti Nwe_Daw Kyi Aung ( ဇာတိနွယ်သီချင်း (ဒေါ်ကြည်အောင်အဆို) နားထောင်ရန်)

ZARTI NWE (ဇာတိနွယ် သီချင်း နားထောင်ရန်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts