>Zarganar awarded with "Freedom to Create" Prize

>

ဇာဂနာကို “လွတ်လပ်စွာ အနုပညာဖန်တီးခွင့်” ဆု ချီမြှင့်

မိုးမခ အထောက်တော် ၀၀၂၊ ဓာတ်ပုံ – နာရီ

နိုဝင်ဘာ ၂၆၊ ၂၀၀၈

ယနေ့ ဗုဒ္ဓဟူးနေ့၊ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာ Art Venture အမည်ရတဲ့ အနုပညာရှင်များ စေတနာရှင်များအဖွဲ့က ရွေးချယ်ဂုဏ်ပြုတဲ့ “လွတ်လပ်စွာ အနုပညာဖန်တီးခွင့်” ဆုများမှာ မြန်မာပြည်ရဲ့ စွယ်စုံရ အနုပညာရှင် လူရွှင်တော် ကိုဇာဂနာကိုလည်း ထူးချွန်ပြောင်မြောက်တဲ့ အကျဉ်းကျ အနုပညာရှင်တဦးအဖြစ် ရွေးချယ်လိုက်တယ်လို့ သိရပါတယ်။

၂၀၀၈ တနှစ်ပတ်လုံးမှာ နိုင်ငံတကာက အနုပညာလွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ လူ့အခွင့်အရေး လွတ်လပ်ခွင့်တွေအတွက် အနုပညာရှင်များအသီးသီးရဲ့ ဆောင်ရွက်ချက်များ၊ ဖန်တီးမှုများကို ရွေးချယ် ဆုချီးမြှင့်ကြရန် ၀ိုင်းဝန်း အကြံပြုဖို့ ဖိတ်ခေါ်ခဲ့ရာမှာ နိုင်ငံပေါင်း ၈၆ နိုင်ငံက လျောက်လွှာပေါင်း ၁ ထောင် နီးပါးထဲက အနုပညာရှင် အစုအဖွဲ့ ၅ ခုကို ရွေးချယ်ခဲ့ပြီး ဆုငွေ ဒေါ်လာ ၁ သိန်း ခွဲကို ခွဲဝေပေးခဲ့တယ်လို့ ဆိုပါတယ်။

ကိုဇာဂနာ ကိုယ်စား မိတ်ဆွေတဦးက ဆုကို လက်ခံရယူခဲ့ပြီး အမေရိကန်နိုင်ငံရောက်နေတဲ့ ကိုဇာဂနာ ဇနီး၊ မလွင်မာဦးထံက ပေးပို့တဲ့ ကျေးဇူးစကားကို ဖတ်ကြားပြခဲ့တယ်လို့ သိရပါတယ်။ မလွင်မာဦးက –

သူတို့ အိမ်ထောင်သက် အနှစ် ၂၀ မှာ ကိုဇာဂနာ ဖမ်းဆီး ထိမ်းသိမ်းခံရတဲ့ ကာလတွေဟာ ၁၀ နှစ် နီးပါးရှိခဲ့တယ်။ သားတဦး သမီးတဦးနဲ့ ကိုဇာဂနာတို့ မိသားစု အတူတကွ ရပ်တည်ခဲ့ကြတယ်။ ထောင်ကျနေစဉ်ကလည်း ထောင်နံရံအပြင် အနီးဆုံးက အားပေးနိုင်ခဲ့တယ်။ သူ့အနုပညာတွေ ပိတ်ပင်ခံရတော့လည်း ပြည်ပသတင်းဌာနတွေကတဆင့် သူ့အနုပညာတွေ ပြည်သူတွေ နားမျက်စိရှေ့ ရောက်နိုင်ဖို့ မိသားစုက ကူညီခဲ့ကြတယ်။ အခုတော့ မိသားစုက အဝေးမှာရောက်နေလို့ အခုလို ထောင်ဒဏ် အနှစ် ၄၀ ကျော် ကျခံချိန်မှာ ကျမတို့ အနီးကပ် မစောင့်ရှောက်နိုင်တော့လို့ စိတ်ထိခိုက်ရပါတယ် … လို့ ပြောကြားတယ် လို့ ပရိသတ်တဦးက ပြန်ပြောပြပါတယ်။

မလွင်မာဦးက ဆက်လက်ပြောကြားရာမှာ -ဒီဆုဟာ ကိုဇာဂနာအတွက်သာ မဟုတ်ပါဘူး၊ အဖိနှိပ်ခံထားရတဲ့၊ ယုံကြည်ချက်အတွက် လွတ်လပ်မှုအတွက် အဖမ်းဆီးခံထားရတဲ့ အနုပညာရှင်တွေ၊ ကျောင်းသားလူငယ်တွေ၊ နိုင်ငံရေးသမားတွေအတွက်၊ သူတို့ရဲ့ မိဘတွေ၊ သားသမီးတွေ၊ မိသားစုတွေ အားလုံးအတွက် နိုင်ငံတကာက အနုပညာရှင်တွေ၊ ပြည်သူတွေက အလေးအနက်နဲ့ မမေ့မလျော့ အတူတကွ ရှိနေကြတယ်၊ ဂုဏ်ယူလျက်ရှိတယ်၊ အားပေးဂုဏ်ပြုလျက်ရှိတယ်ဆိုတာကို ပြသတာဖြစ်တယ်လို့ ကျမ ခံစားမိပါတယ်လို့ စကားလက်ဆောင်ပေးတယ်လို့ သိရပါတယ်။

ပထမဆုကို ဇင်ဘာဘွေက ပြဇာတ်အဖွဲ့က ရပါတယ်။ ဇင်ဘာဘွေက သမ္မတကြီးကို သရော်တဲ့ ပြဇာတ်ဟာ ပြည်တွင်းမှာ အလွန်လူကြိုက်များလွန်းလို့ အာဏာပိုင်တွေက အစဉ် အနှောက်အယှက်ပေးခံရတယ်လို့ သိရပါတယ်။

ဒုတိယဆုကတော့ ဘားလရုဇ်က ပြဇာတ်အဖွဲ့တခုဖြစ်တယ်။ သူတို့ကလည်း နိုင်ငံက ရက်စက်ကြမ်းကြုတ်တဲ့ အာဏာရှင်တွေကို ဖီဆန်တဲ့ အနုပညာတွေကို ရဲရဲရင့်ရင့် တင်ဆက်ခဲ့တယ်လို့ ဆိုပါတယ်။

တတိယဆုကတော့ ပါကစ္စတန်က မွတ်ဆလင် မက်ဒေါ်နာလို့ လူသိများတဲ့ ခေတ်ပေါ် အဆိုတော်ဖြစ်ပါတယ်။ သူ့သီချင်းတွေက အဖိနှိပ်ခံ အမျိုးသမီးထုကို ကိုယ်စားပြုတဲ့ သီချင်းတွေ၊ အယူသီး တယူသန်တဲ့ ဘာသာရေးအယူအဆတွေကို ဝေဖန်တဲ့ အနုပညာတွေကို တင်ဆက်လို့ ထောက်ခံသူကော ကန့်ကွက်သူတွေကောနဲ့ ပွဲဆူတဲ့ ပညာရှင်တဦး ဖြစ်ပါတယ်။

နောက်တဆုကတော့ ဘရာဇီးက ကလေးသူငယ်တွေရဲ့ ညှင်းပမ်းသတ်ဖြတ်ခံရတဲ့ အကြောင်း သီချင်း စီဒီတခု ဖြစ်ပါတယ်။ အဲဒီနိုင်ငံမှာ ကလေး ၇၀ ကျော်က လစဉ် အသတ်ခံနေရတာကို မီးမောင်းထိုးပြတာ ဖြစ်ပါတယ်။

“ကိုဇာဂနာအတွက် ဆုကို ကြေငြာတော့ – ဒီလူဟာ သရော်တဲ့သူ၊ ပြက်လုံးထုတ်တဲ့သူလို့ စပြောလိုက်တယ်။ ပြီးတော့ ဒီလူဟာ အစိုးရက မည်သို့ပင် ပိတ်ပင်တားဆီး ဖိနှိပ်ထားစေကာမူ ပြည်သူလူထုကြားထဲကို မီဒီယာမျိုးစုံ အထိရောက်ဆုံးသုံးပြီးတော့ အရောက်ပို့နိုင်တဲ့သူလို့ ဆက်ပြောလိုက်တယ်။ အင်မတန် ရဲရင့်တဲ့သူ၊ ထောင်အကြိမ်ကြိမ် ကျတဲ့သူ၊ ၂၀၀၇ စက်တင်ဘာမှာ အနုပညာရှင်တွေကို စည်းရုံးပြီး သပိတ်မှောက်သံဃာတွေကို ဆွမ်းကပ်တဲ့သူ၊ စွယ်စုံတဲ့နည်းတွေသုံးနိုင်တဲ့သူ – သရုပ်ဆောင်မယ်၊ သီချင်းဆိုမယ်၊ စာရေးမယ်၊ အင်တာနက်သုံးမယ်၊ အင်တာဗျူးတွေလုပ်မယ်၊ နည်းမျိုးစုံနဲ့ ပြည်သူထံအရောက် လူ့အခွင့်အရေးကိစ္စအားလုံးကို ထုတ်ဖော်ပြောဆိုသူ ဖြစ်တယ်လို့ ဆက်ပြောပြီးတော့ အကျဉ်းကျနေတဲ့ အနုပညာရှင်တဦးအဖြစ် သူ့ကို ဆုချီးမြှင့် ဂုဏ်ပြုလိုက်ပါတယ် … လို့ ကြေငြာတာဗျာ …”

လို့ ပွဲတက်ရောက်သူ မြန်မာအနုပညာရှင်တဦးက မိုးမခကို ပြောပြပါတယ်။

ဆုချီးမြှင့်တဲ့ အတ်ဗင်းချားအဖွဲ့အပြင် မိတ်ဆွေ အနုပညာရှင်များ၊ စာနယ်ဇင်း သမဂ္ဂပေါင်းစုံက ပညာရှင်များ စုစည်းကြပြီး ကိုဇာဂနာတင်သာမက အကျဉ်းကျ အနုပညာရှင်တွေဖြစ်တဲ့ ကိုစောဝေ၊ ကိုဝင်းမော် (ရွှေသံစဉ်)၊ နေဘုန်းလတ်တို့အပြင် အသီးသီးသော အဖိနှိပ်ခံ ပညာရှင်တွေ လွတ်မြောက်ရေးအတွက် ဆက်လက် ဆောင်ရွက်ကြဖို့ ဆော်သြကြဖို့ကို ဆန္ဒရှိကြပုံရကြောင်း ပရိသတ်တဦးက ထင်မြင်ချက်ပေးခဲ့ပါတယ်။

(ဓာတ်ပုံ – ဆု၊ ဇာဂနာအကြောင်းကို ၀ါရင့်သရုပ်ဆောင်တဦး မိတ်ဆက်ပေးနေစဉ်၊ ဆုပေးပွဲ မြင်ကွင်း)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts