>Win Pe Bag – 8

>

ဝင်းဖေလွယ်အိတ် အမှတ် ၈ကောလိပ်ဂျင်နေ၀င်း (၁၉၂၈-၁၉၈၃)

ကောလိပ်ဂျင်နေဝင်း နဲ့ ဦးထွန်းဝေ
ဝင်းဖေ
နိုဝင်ဘာ ၂၀၊ ၂၀၀၈

သောတရှင်များခင်ဗျား၊
ပြီးခဲ့တဲ့အပတ်က “မဟူရာ” ဆိုတဲ့ ဇာတ်ကားကိုရိုက်တဲ့အကြောင်း လေးလေးထွန်းဝေနဲ့ ပတ်သက်ပြီး ပြောခဲ့တော့ အစ်ကိုကြီးကိုနေဝင်းတို့ ကိုကျော်ဟိန်းတို့ အကြောင်းတွေကို သတိရလာပြန်ပါတယ်။ ဒီကနေ့ခေတ်လူငယ်တွေအတွက် ကောလိပ်ဂျင်နေဝင်း အကြောင်းဆိုတာ သမိုင်းထဲရောက်သွားပါပြီ၊ ကိုကျော်ဟိန်းကတော့ သူတို့စာရင်းမှာ အန်ကယ်ကြီးပေါ့လေ။

လူတွေက သမိုင်းကိုလည်း စိတ်ဝင်းစားတတ်ကြပါတယ်။ ကြုံတုန်းကြိုက်တုန်း အစ်ကိုကြီးကောလိပ်ဂျင်နေဝင်းရဲ့ အနုပညာခံယူချက် အယူအဆကိုလည်း ပြောချင်ပါတယ်။

အစ်ကိုကြီးကိုနေဝင်းနဲ့ ကျနော်နဲ့ကလည်း သံယောဇဉ် အတော်ကြီးခဲ့ကြပါတယ်၊ အစ်ကိုကြီးကိုနေဝင်းဟာ ရုပ်ရှင်လောကမှာ လူချစ်လူခင်အများဆုံး မင်းသားကြီးတလက်လည်း ဖြစ်ပါတယ်။ ကောလိပ်ဂျင်နေဝင်းနဲ့အတူ ကျနော် အရက် ကောင်းကောင်းသောက်ဖူးပါတယ်။ အရက်ဆိုတာ ဆိုးဆိုးလည်း သောက်လို့ရပါတယ်၊ ဒါ့ကြောင့်ကျနော်က ကောင်းကောင်း သောက်ဖူးတယ် လို့  ခွဲခြားပြီး ပြောတာပါ။

အစ်ကိုကြီးကိုနေဝင်းက အရက်ကို အတော်ကြိုက်ပါတယ်၊ ဒါပေမဲ့ အားကစားသမားပီပီ အရက်ကို ကောင်းကောင်း သောက်တတ်ပါတယ်။ အချိန်အဆနဲ့ သောက်ပါတယ်။ စည်းနဲ့ကမ်းနဲ့ သောက်တာပါ၊ “မမုန်းလေနဲ့ငပလီ” ဇာတ်ကားရိုက်ဖို့ ငပလီမှာဆုံကြတော့ အစ်ကိုကြီးနဲ့ ကျနော်တို့ ညနေဘက်တွေမှာ အတူသောက်ကြတာပါပဲ၊ ဒါပေမဲ့ သူ့လစ်မစ်ရောက်လို့ အချိန်တန်လာရင် အစ်ကိုကြီးကိုနေဝင်းက ငါတော့ လစ်မစ်ရောက်ပြီ၊ အိပ်တော့မယ်မောင် ဆိုပြီး ဘယ်လိုမှ တားလို့မရပါဘူး၊ အိပ်ယာဝင်ပါတယ်။ မနက်ကျရင် အစောကြီး နိုးနေပြီးတော့ ကမ်းခြေသဲသောင်တွေပေါ်မှာ လမ်းလျှောက်၊ ဂေါက်ရိုက် လုပ်နေပြီ။ ဒါကြောင့် အစ်ကိုကြီးကိုနေဝင်းဟာ အရက်ကို ကောင်းကောင်းသောက်တတ်သူလို့ ကျနော်ပြောတာပါ။

သူ စောစောစီးစီး ကွယ်လွန်တော့ နားမလည်တဲ့သူတွေက အရက်ကြောင့်သေတယ်လို့ ပြောကြပါတယ်။ ကျနော်တို့ကတော့ သူဟာ တခြားအကြောင်းတွေကြောင့် စောစော စီးစီး ကွယ်လွန်ရတယ်လို့ပဲ ယုံပါတယ်၊ ကျနော်တို့ သူ့အကြောင်းကို ကောင်းကောင်း သိနေကြတာပဲ။

သူ့အနုပညာနဲ့ ပတ်သက်ပြီး သူက ဒီလို ပြောဖူးပါတယ်၊ “ဒီမယ် ကိုဝင်းဖေ၊ အမူအရာလုပ်ကြတဲ့နေရာမှာ လူအများက ဒီလိုဖြစ်သင့်တယ်လို့ ယူဆကြတဲ့ အမူအရာမျိုးတွေ ရှိသလို ဒီလိုကော မဖြစ်နိုင်ဘူးလားဆိုတဲ့ ကွဲပြားတဲ့ အမူအရာတွေလည်း ရှိတယ်ဗျ၊ ကျနော်က ဒုတိယအမျိုးအစားထဲကလေ” လို့ ပြောပါတယ်။ ရှင်းအောင် ပြောရရင် ဓမ္မဓိဋ္ဌာန်နဲ့ ပုဂ္ဂလဓိဋ္ဌာန်ကို ပြောတာပါပဲ။ အနုပညာဟာ အဓိကအားဖြင့် ပုဂ္ဂလဓိဋ္ဌာန် အတ္တအခြေခံအား များပါတယ်၊ ဓမ္မဓိဋ္ဌာန်ကို တတ်နိုင်သမျှ တွန်းလှန်တဲ့ သဘော သဘာဝ ရှိပါတယ်၊ ဒါ့ကြောင့် အနုပညာတွေဟာ လောကီကိစ္စတွေ ဖြစ်ပါတယ်။ လောကုတ္တရာကိစ္စတွေကတော့ ဓမ္မဓိဋ္ဌာန်ကျဖို့ သိပ်အရေးကြီးပါတယ်။

ဒါ့ကြောင့် အစ်ကိုကြီး ကိုနေဝင်းဟာ ကိုယ်ပိုင်ဟန်ကို သိပ်ကြိုက်ပါတယ်၊ ကိုယ်ပိုင်ဟန်ကိုလည်း လုပ်မယူရဘဲ သက်တောင့် သက်သာနဲ့ ရနေနိုင်သူဖြစ်ပါတယ်။ ဘာစရိုက်ကိုရအောင် လုပ်ရမှာမို့ ဘာဖြစ်သင့်တဲ့အတွက် ဘာတွေကို ဘယ်လိုလုပ်လိုက်ရင်ရမယ် ဆိုတဲ့ သဘောတရားဟာ အကျိုးတရားအကြောင်းတရားနဲ့ ချဉ်းကပ်တဲ့နည်း၊ Interlectual Approach ဖြစ်ပါတယ်။ ဘယ်လိုစရိုက် ဘယ်လိုဇာတ်ကောင်ကို လိုချင်တယ်လို့ သိရတဲ့ အချိန်မှာ သူ့အလိုလို အမူအရာတွေ ထွက်လာတာဟာ ခံစားချက်ကနေထွက်တဲ့နည်း Intuitive Approach ဖြစ်ပါတယ်။ အစ်ကိုကြီးကိုနေဝင်းရဲ့ သဘာဝက ဒုတိယနည်းဖြစ်ပါတယ်။

“မဟူရာ”ဇာတ်ကားမှာ မင်းသားကြီးဦးထွန်းဝေနဲ့ မင်းသားကြီးကောလိပ်ဂျင်နေဝင်းတို့ အပြိုင်အဆိုင် သရုပ်ဆောင်ကြရာမှာ လေးလေးထွန်းဝေက ကျိုးကြောင်းဆင်ချင်တဲ့နည်း Interlectual Approach နဲ့  ခံစားချက်အရ ထုတ်တဲ့နည်း Intuitive Approach ကို နှစ်ခုစလုံးသုံးခဲ့ပြီးတော့ အစ်ကိုကြီး ကိုနေဝင်းကတော့ ခံစားချက်က ထွက်တဲ့နည်း Intuitive Approach သက်သက်ကိုသာ သုံးသွားပါတယ်။ မင်းသားကြီးနှစ်ယောက်စလုံးဟာ ပါရမီရှင်တွေ ဖြစ်ကြတဲ့အတွက် တယောက်နဲ့တယောက် ရုပ်ရှင်ပညာအရ အနိမ့်အမြင့်မရှိဘဲ ဇာတ်သဘောအရသာ အထက်အောက် အလှည့်ကျ ကပြသွားကြပါတယ်။

ဒီမင်းသားကြီး နှစ်ယောက် အတွဲကိုပဲ “နှင်းဆီနီအိပ်မက်” မှာ ပြန်ပြီးဆုံဆည်းစေတဲ့အခါ အပေးအယူ အလွန် မျှတပြီးတော့ အားကောင်းလှတာကို တွေ့ရပါတယ် ။ သူတို့နှစ်ယောက်ကိုပဲ “မှန်ရင် ဘာဖြစ်မလဲ” ဆိုတဲ့ ဇာတ်ကားမှာ တွဲပေးခဲ့ပါသေးတယ်။ ဒီတော့လည်း သီးခြားအနုပညာ ပေါင်းစည်းမှု အလှတွေကို တွေ့ရပြန်တာပါပဲ။ ကျနော့်အနေနဲ့ကတော့ မင်းသားကြီး Kirk Doglas နဲ့ Burt Lancaster ကို တွဲပေးပြီး ရိုက်နေရတာလိုပါပဲ။ လုပ်ရကိုင်ရတာ အလွန် စီးစီးပိုင်ပိုင် ရှိလှပါတယ်။ ကျနော် ဒါရိုက်တာသက်နုစဉ်က မင်းသားမင်းသမီးကြီးတွေဖြစ်ကြတဲ့ ဦးထွန်းဝေ၊ ကောလိပ်ဂျင်နေဝင်း၊ ဒေါ်ါမြင့်မြင့်ခင်၊ ဒေါ်စံရှားတင် စတဲ့ ၀ါရင့် အနုပညာသည်ကြီးတွေနဲ့ ရိုက်ကူးရင်း မုဆိုးစိုင်သင် ရုပ်ရှင် ပညာတွေ အများကြီး သင်နိုင်ခဲ့ပါတယ်၊ ဆရာကြီးဦးသုခ သင်ပေးခဲ့သလို ရှောင်ရန်ဆောင်ရန်ပညာတွေကို ဝယဝုဒ္ဓိ ဂုဏဝုဒ္ဓိ အခြေအနေနှစ်ရပ်လုံးကနေပြီးတော့ ဘယ်လိုပညာတွေရခဲ့တဲ့အကြောင်းကို ကြုံသလို၊ အလျဉ်းသင့်သလို ဆက်လက် တင်ပြပါဦးမယ်။

ကျန်းမာ ချမ်းသာကြပါစေ။ ကျနော် ၀င်းဖေပါ။ ။

(မူရင်း – ဘီဘီစီ၊ မြန်မာဌာန)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts