>Book review: Aung Ba La book

>

ကြေးမုံဦးသောင်း (အောင်ဗလ) အမှတ်တရစာစု
မောင်စွမ်းရည်
နိုဝင်ဘာ ၁၄၊ ၂၀၀၈

ကြေးမုံဦးသောင်းလို့ ကျော်ကြားတဲ့ စာရေးဆရာကြီး အောင်ဗလဟာ အသက် (၈၂) နှစ်အရွယ်၊ ၂၀၀၈ ဧပြီ (၃) ရက်နေ့က ကွယ်လွန်သွားခဲ့ပါတယ်။ ဆရာ မကွယ်လွန်မီ ၂၀၀၇ ခုနှစ်ထဲမှာ ကြေးမုံဦးသောင်းရဲ့ သတင်းစာဆရာဘ၀ နှစ် (၆၀) ပြည့် အထိမ်းအမှတ်ဂုဏ်ပြုပွဲကို နယူးယောက်မြို့၊ ဘုရင်မရပ်ကွက် (ကွင်း)၊ ၀င်းရွှေဝါခန်းမမှာ ပြည်သူ့အမြင် အယ်ဒီတာ ဦးကျော်ဝင်း (ရွှေပြည်စိုး)၊ ပန်းချီမင်းကျော်ခိုင်၊ ဦးဝင်းဖေ၊ ဒေါ်မာမာအေး၊ ခင်မောင်ကြီး (ရှမ်းပြည်) မောင်စွမ်းရည် စတဲ့ မိတ်ဆွေများက ဦးဆောင် စီစဉ်ကျင်းပခဲ့ကြပါတယ်။

ဝါရှင်တန်မှာလည်း ခေတ်ပြိုင်ဦးခင်မောင်ဝင်း (ဦးတိုး) အစရှိတဲ့ မိတ်ဆွေများက အလားတူ ဂုဏ်ပြုပွဲတရပ်ကို ဆက်လက်ပြုလုပ်ခဲ့ကြပါတယ်။ ဂုဏ်ပြုမှတ်တမ်း စာအုပ်ကလေး တအုပ်လည်း ထုတ်ဝေခဲ့ပါတယ်။ ဒါဟာ ဆရာသောင်းကို ကျနော်တို့ နောက်ဆုံးနှုတ်ဆက် ဂါရ၀ပြုပွဲလေးတခု ပြုလုပ်လိုက်သလို ဖြစ်သွားခဲ့ပါတယ်။ အထူးဧည့်သည်တော်အဖြစ် တိုင်းမ်မဂ္ဂဇင်း အယ်ဒီတာကြီးတဦးနဲ့ လန်ဒန်က ဆရာတော် ဦးဥတ္တရတို့ တက်ရောက်ခဲ့ကြပါတယ်။

တနေ့ ကျနော် ၀ါရှင်တန်ကို ရောက်နေတုန်း ကိုဝင်းဖေ (ပန်းချီဆရာ၊ ရုပ်ရှင်ဒါရိုက်တာ) က ကားမောင်းပြီး ကျနော့်ကို ကွန်ဂရက်စာကြည့်တိုက်ကြီးကို လိုက်ပို့တယ်။ ကားရပ်ကွင်းတနေရာမှာ ရောက်နေတုန်း ဆရာ့ဆီက ဖုန်းလာတယ်။ “ဆရာတို့ မိုးမခမှာ ကျနော်လည်း ၀င်ရေးပါရစေ”လို့ နောက်ပြောင်တာမဟုတ်ဘဲ တရိုတသေအသံနဲ့ ပြောလာတော့ ကျနော်တို့ အံ့အားသင့်ပြီး ရုတ်တရက် ဘာမှ ပြန်မပြောနိုင်ပါ။

ဆရာကြီး ဦးသောင်းလို အသက်ရော၊ ၀ါပါကြီးတဲ့ သတင်းစာဆရာ စာရေးဆရာကြီးတဦးက မောင်ရစ်ဆိုတဲ့ သူ့မြေးအရွယ်လေး လုပ်နေတဲ့ မိုးမခမှာ စာရေးခွင့်ကို ကျနော်ကတဆင့် ခွင့်တောင်းနေလို့ အံ့သြမိတာပါ။ မောင်ရစ်တို့အနေနဲ့က သူ့အဘိုးအဘွားတွေနဲ့ လုပ်ဖော် ကိုင်ဖက်ဖြစ်ခဲ့သူ၊ သူလိုဆရာကြီးတဦးထံ စာမူတောင်းရဲမှာ မဟုတ်ပါဘူး။ ဆရာကြီးဟာ အသက်ကြီးပြီ။ စာအုပ်တွေလည်း မနားမနေရေးသားပြုစုနေပြီး ဆောင်းပါးတွေလည်း တကမ္ဘာလုံးက မြန်မာဒီမိုကရေစီစာစောင်တွေမှာ မနားမနေရေးသူ တဦးဆီက (စာမူခ မပေးနိုင်ဘဲ) စာမူတခု စွန့်စားတောင်းဆိုရမှာ အလွန်အားနာစရာပါ။ တကယ်တော့ ဆရာက စာမူခ စကားလုံးဝ မပြောနဲ့ဆိုပြီး ဒီမိုကရေစီရေးအတွက် စာပေဒါန ပြုနေသူပါ။

ဆရာကြီးသောင်းက ကျနော့်ဆီဖုန်းဆက်လျှင်ဆက်ခြင်းပဲ မိုးမခကို ကျနော်ကလည်း လှမ်းပြီး ၀မ်းပန်းတသာ ဖုန်းဆက်လိုက်ပါတယ်။ မိုးမခကလည်း ဆရာကြီးဆီကို လှမ်းပြီး ၀မ်းပန်းတသာနဲ့ စာရေးပေးဖို့ ပန်ကြား တောင်းဆိုလိုက်ပါတယ်။

တောင်းတာနဲ့ ချက်ချင်း စာမူပို့လိုက်ပါတယ်။ ကြေးမုံဦးသောင်း အမည်နဲ့ရော အောင်ဗလ အမည်နဲ့ရော ဆောင်းပါး နှစ်မျိုး တပြိင်တည်းရေးပေးတဲ့အပြင် မိုးမခကိုလည်း “လေခ”ပြီး အဖိုးတန်အကြံဥာဏ်တွေ ရေးပေးလိုက်ပါသေးတယ်။ “ဟလို-မြန်မာ့အလင်း” “ဟလို-မြန်မာတိုင်းမ်” ဆိုတဲ့ အောင်ဗလ တယ်လီဖုန်း ဆောင်းပါး (၃) ပုဒ်၊ အာစရိယ အဆူဆူ” ဆိုတဲ့ ကြေးမုံဦးသောင်း အမည်နဲ့ ရေးတဲ့ “ရုပ်ပုံလွှာ” ဆောင်းပါး (၅) ပုဒ်နဲ့၊ တခြားဆောင်းပါး (၄) ပုဒ် အားလုံး (၁၂) ပုဒ်ပဲ ရေးလိုက်ရပါသေးတယ်။ မကြာမီ အဆုတ်အအေးပတ်ပြီး ကွယ်လွန်သွားခဲ့ရှာပါတယ်။

“ဟလို” ဆောင်းပါးတွေဟာ ဆရာ့ငယ်လက်ရာတွေအတိုင်းပဲ အထူးဟာသမြောက်တဲ့ သရော်စာတွေဖြစ်ပါတယ်။ ဆရာ့ သရော်စာတွေဟာ “သရော်မော်ကား” ပြောတာတွေ မဟုတ်ဘဲ “နာသာခံခက်” ကလိတဲ့ စာတွေပဲဖြစ်ပါတယ်။ ခုခေတ်မှာ သရော်စာ၊ ကလော်စာ၊ ဟာသစာ၊ ပြက်လုံးစာဆိုတာတွေ မကွဲပြားဘဲ ရှိတတ်ပါတယ်။ ဒါကြောင့် ဆရာ့ သရော်စာတွေကို နည်းယူလေ့လာဖို့ကောင်းပါတယ်။ “အာစရိယ အဆူဆူ” ဆိုတဲ့ ဆောင်းပါးတွေကတော့ (၅) ပုဒ်ရေးလိုက်နိုင်ပါတယ်။ အာစရိယ (၅) ဆူမက ဆရာ့မှာ ရေးစရာ ဆရာတွေ အဆူဆူ ရှိပါသေးတယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ဒီ (၅) ဆူကလည်း ဆရာ့ဘ၀အတွက် အရေးကြီးတဲ့ ဆရာကြီးတဆူကို ကြားညှပ်ရေးထားတာ တွေ့ရပါလိမ့်မယ်။ အဲဒါကတော့ ကွန်မြူနစ်လောကမှာ “ဆရာကြီး” လို့ ခေါ်လေ့ရှိတဲ့ “သခင်စိုး”ပါပဲ။ သခင်စိုး တောတွင်းမှာရှိစဉ် ဆရာသောင်းက စာအုပ်တွေ ၀ယ်ပို့ခဲ့ရတဲ့ အကြောင်းကို ကြားညှပ်ရေးထားပါတယ်။

အာစရိ (၅) ဆူကတော့ ဗမာ့ခေတ် ဦးအုန်းခင်၊ အိုးဝေဦးညိုမြ၊ သခင်ဘသောင်း၊ စာရေးဆရာကြီး မောင်ထင်၊ ၀န်ကြီးချုပ်ဦးနု ဆိုတဲ့ ဆရာကြီး (၅) ဆူဖြစ်ပါတယ်။ ဒီဆရာကြီးတွေဟာ နိုင်ငံရဲ့ ထိပ်တန်းပုဂ္ဂိုလ်ကျော်ကြီးတွေချည်းပါပဲ။ ဆရာရဲ့ အာစရိယအဆူဆူ ဆောင်းပါးတွေဟာ မြန်မာစာပေသမိုင်းအရ၊ မြန်မာနိုင်ငံရေးသမိုင်းအရ အထူးအရေးပါတဲ့ ဆောင်းပါးတွေဖြစ်သလို ဆရာကြေးမုံဦးသောင်း (အောင်ဗလ) ရဲ့ ဘ၀ကောက်ကြောင်းတွေလည်း ဖြစ်နေပါတယ်။ ဆရာက “ဗမာ့ခေတ်မှ ကြေးမုံသို့” အမည်နဲ့ ဆရာ့အတ္ထုပ္ပတ္တိစာအုပ် တအုပ်ထွက်ခဲ့ဖူးပါပြီ။ နောက်တခါ အဲဒီစာအုပ် ပြန်ထွက်ရင် ဒီဆောင်းပါး (၅) ပုဒ်ပါ နောက်ဆက်တွဲ ထည့်ပေးရပါတော့မယ်။ ဒါမှ ပြည့်စုံပါမယ်။

တကယ်လို့ ဆရာ အသက်ရှည်အုံးမယ်ဆိုရင် ဆရာဇ၀န၊ ဆရာတက်တိုး၊ ဆရာထင်ကြီး၊ ဆရာကြီး ဦးခင်မောင်လတ်၊ ဆရာမကြီး ဒေါ်ခင်မျိုးချစ် အစရှိတဲ့ ဆရာကြီးများ အကြောင်းကိုလည်း ဆက်လက်ရေးလိမ့်အုံးမယ်လို့ ကျနော်တို့ မျှော်မှန်းထားပါတယ်။ ဒီဆရာကြီးတွေဟာလည်း ဆရာနဲ့ လက်ပွန်းတတီး နေခဲ့ရသူတွေ ဖြစ်ပြီး ဆရာ့စာတွေမှာ သူတို့အမည်တွေကို ကြိုးကြားရန်ခါ ထည့်သွင်း ဖော်ပြနေခဲ့တာတွေ တွေ့ခဲ့ရလို့ပါ။ တကယ်တော့ ဆရာဟာ တက္ကသိုလ်ကို ဆက်မတက်ဘဲ တကယ့် ထိတ်ထိတ်ကြဲ ပုဂ္ဂိုလ်ကျော်ကြီးတွေဆီမှာ တပည့်ခံရင် ခေတ်သစ်မြန်မာနိုင်ငံသမိုင်း ကဏ္ဍကို သတင်းသမားအဖြစ်နဲ့ နှစ်ပေါင်း (၆၀) ကျော် ဖြတ်သန်းခဲ့သူဖြစ်ပါတယ်။ ဆရာရဲ့ အတွေ့အကြုံတွေဟာ တန်ဖိုးကြီးလှပါတယ်။

ဒီစာအုပ်ရဲ့ ရှေ့ပိုင်းမှာ မိတ်ဆက်နိဒါန်းအဖြစ် ကြေးမုံဦးသောင်း (အောင်ဗလ) အတ္ထုပ္ပတ္တိအကျဉ်းနဲ့တကွ ပြည်ပရောက် စာပေအနုပညာရှင်များ၊ သတင်းစာ ဆရာများရဲ့ ဂုဏ်ပြုဂါရ၀ဆောင်းပါးများလည်း ပါရှိပါတယ်။ မောင်ရစ်၊ မာမာအေး၊ ခင်မောင်ကြီး (ရှမ်းပြည်)၊ မောင်စွမ်းရည်၊ ၀င်းဖေတို့ရေးတဲ့ ဆောင်းပါး (၅) ပုဒ်ပါ။ ဒီစာများကလည်း ဆရာရဲ့ ဘ၀နဲ့ စာပေအပေါ် ဘေးလူ ဘေးအမြင် ကောက်ကြောင်းများအဖြစ်နဲ့ ဆရာ့ရဲ့ ရုပ်ပုံလွှာကို ရှုမြင်ရာမှာ အထောက်အကူဖြစ်ပါလိမ့်မယ်။

မောင်ရစ်က ဆရာကြီးဦးသောင်း ဖလော်ရီဒါဘက်ကနေ ကယ်လီဖိုးနီးယားဘက်၊ အမေရိကန် ပြည်ထောာင်စု တဖက်စွန်းက တခြားတဖက်စွန်းရှိ မိုးမခကို နှုတ်ဆက်သလို နောက်ဆုံး ရောက်လာတုန်းက ဆုံးမညွှန်ကြားစကား လက်ဆောင်ပါးခဲ့ပုံများကို အကျဉ်းချုပ် မှတ်တမ်းတင်ထားပါတယ်။

ဒေါ်မာမာအေးကတော့ ဆရာသောင်း ဆေးရုံတက်တယ်လို့ သတင်းရတော့ ဆရာ့မိတ်ဆွေအပေါင်း သောကရောက်ကြရပုံတွေကို ရေးထားပါတယ်။ ခင်မောင်ကြီး (ရှမ်းပြည်) ကတော့ သူ့ရဲ့ တက္ကသိုလ်ကျောင်းသားဘ၀မှာ ကျောင်းသားသမဂ္ဂ အမှုဆောင်အဖြစ် ပါဝင်လှုပ်ရှားရင်းက သတင်းစာလောကထဲ ရောက်လာပုံနဲ့ ဦးသောင်းနဲ့ တွေ့ဆုံရင်းနှီးခဲ့ကြရပုံများကို ရေးထားပါတယ်။ အထူးသဖြင့် မဆလ လက်ထက်က သတင်းစာသင်တန်းမှာ သင်တန်းအတွင်းရေးမှူးအဖြစ် ဆောင်ရွက်ရင်း ကြေးမုံဦးသောင်း စတဲ့ သတင်းစာဆရာကြီးများကို ဖိတ်ခေါ်ပြီး သတင်းစာလုပ်ငန်းအတွေ့အကြုံများကို သန်ရာ သန်ရာ တာဝန်ခွဲဝေ ပို့ချကြပုံအကြောင်းတွေကို နောက်ခံပြုပြီး ဖော်ပြထားလို့ သတင်းစာ သမိုင်းရဲ့ ထူးခြားတဲ့ ကဏ္ဍတခုကို အမြွက်မျှဆိုသလို သိနိုင်ကြပါတယ်။

မောင်စွမ်းရည်ကတော့ ဆရာကြီးသောင်းရဲ့ သတင်းစာဆရာ ဘ၀ နှစ် (၆၀) ကို ခြုံငုံသုံးသပ်တင်ပြထားလေရဲ့။ ၀င်းဖေကတော့ သူ သိတဲ့ ဆရာအောင်ဗလရဲ့ လုပ်ဆောင်ချက်တွေကို အံ့သြအားကျမိကြောင်း ရေးသားထားပါတယ်။ သတင်းစာ ဆရာဘ၀ နှစ် (၆၀) ဂုဏ်ပြုပွဲအခမ်းအနားမှာ ညောင်ဦးသား ပန်းချီဆရာ မင်းကျော်ခိုင်က သူတို့ ညောင်ဦးရဲ့ ဂုဏ်ယူစရာ ပုဂ္ဂိုလ်ကြီး ဦးသောင်းနဲ့ ပတ်သက်ပြီး စာရေးဆရာ သတင်းစာဆရာမကြီး အမေလူထုဒေါ်အမာရဲ့ သုံးသပ်ချက်အမြင်ကို မရရအောင် အဆင့်ဆင့် ဖုန်းဆက်တောင်းတော့ စာမရေးနိုင်ရှာတဲ့ ဆရာမကြီးက အားခဲပြီး ပြောပြခဲ့တဲ့ အဖိုးတန်စကားစုကိုလည်း မိုးမခ ဆရာများက ရှေ့တန်းတင် ဖော်ပြထားပါသေးတယ်။

“အောင်ဗလဟာ တကယ့်သတင်းစာဆရာပဲ၊ ဘယ်အခြေအနေပဲ ရောက်နေပါစေ၊ သတင်းစာ အလုပ်ဆိုရင် စိုက်လိုက်မတ်တတ် လုပ်တတ်တဲ့သူ။ ကျမ သူ့ကိုကြည့်ပြီး အားကျမိတယ်”
လူထုဒေါ်အမာ (၁၂၊ ၃၊ ၀၇)

နှစ်ကြောင်း သုံးကြောင်းသာဖြစ်ပေမယ့် ဆရာသောင်း မကွယ်လွန်ခင်မှာ ဒီစာလေး ဖတ်သွားခဲ့ရလို့ အထူးဝမ်းသာသွားခဲ့ရပါတယ်။ ဦးသောင်းနဲ့ မိုးမခ၀ိုင်းတော်သားများ ဆန်ဖရန်စစ္စကိုမှာ နောက်ဆုံးဆုံကြတော့ ဆရာသောင်းအနေနဲ့ မိုးမခ၀ိုင်းတော်သားများကို အထူးပြောကြားသွားတဲ့ စကားတွေရှိပါတယ်။ အဲဒီထဲမှာ ဆရာက “သူ့တသက်မှာ ဂုဏ်အယူဆုံး၊ ကျေနပ်မှုအရှိဆုံးနဲ့ ဘယ်တော့မှ နောင်တမရတဲ့ ဘ၀ဟာ အခုတသက်လုံး ရပ်တည်နေခဲ့တဲ့ သတင်းစာသမား၊ စာရေးဆရာတယောက်ရဲ့ဘ၀ပါပဲ တဲ့” ဆရာထည့်သွင်း ပြောပြမသွားပေမယ့် ဆရာ့ကိုမေးရင် ဆရာပြောသွားအုံးမှာလို့ ယုံကြည်မိတဲ့ အချက်တချက်ရှိပါတယ်။ အဲဒါကတော့ “ဖြစ်နိုင်ရင် နောင်ဘ၀မှာလည်း သတင်းသမား၊ စာရေးဆရာပဲ ဖြစ်ချင်တယ်” ဆိုတဲ့ စကားပါပဲ။ ဆရာ နောင်ဘ၀မှာလည်း သတင်းသမား စာရေးဆရာဖြစ်ပါစေလို့ ကျနော်တို့ ၀ိုင်းဝန်းဆုတောင်းပေးကြပါစို့။

“ကြေးမုံဦးသောင်း (အောင်ဗလ) မိုးမခရဲ့ အမှတ်တရစာစု” ဆိုတဲ့ စာအုပ်ကလေးဟာ စာမျက်နှာ (၆၆) မျက်နှာပဲ ရှိပါတယ်။ ၂၀၀၈ ဧပြီက ထုတ်ဝေတယ်လို့ ရေးထားပါတယ်။ ကျနော်လက်ထံကိုတော့ ၂၀၀၈ အောက်တိုဘာ တတိယပတ်ထဲမှာမှ ရောက်လာပါတယ်။ ဒီစာအုပ်ကလေးကို ပြည်တွင်းအထိ ဖြန့်ချိခွင့်ရရင် ကောင်းလေစွလို့ တမ်းတမိပါတယ်။ ဒီမိုကရေစီရရင်ရခြင်း ဒီစာအုပ်ကလေးကို ပြည်တွင်းမှာ ပြန်ရိုက်ကြမယ်။ ပြည်ပရှိ စာပေ၀ါသနာရှင်များကတော့ ခုကတည်းက ရအောင်ရှာဖတ်သင့်ပါကြောင်း သတင်းကောင်း ပါးလိုက်ရပါကြောင်း။ ။

(မူရင်း – ခေတ်ပြိုင်၊ http://www.newskhitpyaing.co.cc/?p=718 )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts