Uncategorized

Ba Thet Aung – Runion to Reunited for all 88 Generation Forces

နှစ်ဆယ့်ငါးနှစ်မှာ ၈၈ မျိုးဆက်တွေ ပြန်လည်စုစည်းမိကြဖို့ မျှော်လင့်ဟု ကိုဗသက်အောင်က ပြော
မိုးမခအထောက်တော် ၀၀၂၊ ဇူလိုင် ၁၆၊ ၂၀၁၃
ဇူလိုင်လဆန်းကစတင်ပြီး အမေရိကန်နဲ့ ကနေဒါနိုင်ငံတွေမှာ နိုင်ငံတကာရောက် ၈၈ မျိုးဆက်များရဲ့ ညီလာခံတွေ အသီးသီး ကျင်းပကြတာကို တက်ရောက်ဖို့ ပြည်တွင်းက ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိခဲ့ကြပါတယ်။ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း)က ကိုယ်စားလှယ်တွေဖြစ်တဲ့ ကိုမင်းဇေယျ၊ ကိုပြုံးချို၊ ကိုအံ့ဘွယ်ကျော်တို့ အပြင် ၈၈ မျိုးဆက် ကျောင်းသား၊ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်တဲ့ ကိုဗသက်အောင်လည်း ဖို့ဝိန်းညီလာခံကို တက်ရောက်ဖို့ ရောက်ရှိခဲ့တာလည်း တွေ့ရပါတယ်။
ကိုဗသက်အောင်ကို ပြည်ပရောက် ရဲဘော်ဟောင်း၊ မိတ်ဆွေဟောင်းများက ၀ိုင်းဝန်းဖိတ်ကြားလို့ ရောက်ရှိလာတာဖြစ်ပြီး အမေရိကန်နဲ့ ကနေဒါက ၈၈ ညီလာခံတွေကို တသီးပုဂ္ဂလ တက်ရောက်ဆွေးနွေးတာတွေ၊ တွေ့ဆုံမှုတွေ ပြုလုပ်ဖြစ်ခဲ့တယ်လို့ ကိုဗသက်အောင်က မိုးမခကို ပြောကြားပါတယ်။ အမေရိကန်ပြည်နယ်အသီးသီးမှာ ရောက်ရှိနေတဲ့ ရဲဘော်ဟောင်း၊ မိတ်ဆွေဟောင်းတွေနဲ့ တွေ့ဆုံရတာ၊ ဟိုးယခင်ကာလများကဲ့သို့ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးရင်း အတွေ့အကြုံ အထင်အမြင်တွေ ဖလှယ်ခွင့်ရရှိတာကို ကျေနပ်အားရတယ်လို့ ဆိုပါတယ်။ ဖို့ဝိန်းမြို့ကနေ အမေရိကန်အရှေ့ခြမ်း၊ ပြီးတော့ အမေရိကန်အနောက်ခြမ်း ဆန်ဖရန်စစ္စကိုဘေးဧရိယာကိုလည်း ခရီးတပတ် ရောက်ရှိနေတာကို တွေ့ရပါတယ်။
“လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်တုန်းက သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပြန်တွေ့ရတော့ သူတို့တွေဟာ အရင်တုန်းကလို မဟုတ်တော့ဘူး။ အရွယ်တွေ ကြီးသွားကြပြီ။ ခန္တာကိုယ်တွေက ပျက်စီး ချို့ယွင်းတာတွေ ရှိကုန်ကြပြီ။ ဒါပေမယ့် ဟိုးအရင်တုန်းက အရေးတော်ပုံ စိတ်ဓာတ်တွေက မပြောင်းမလဲ ခိုင်ခိုင်မာမာ ရှိနေကြဆဲပဲ ဖြစ်တယ်။ ရဲဘော်မိတ်ဆွေတွေ ချစ်ခင်ရင်းနှီးမှုတွေဟာ တည်တံ့နေဆဲပဲ ဖြစ်တယ်” လို့ သူက ပြောလိုက်ပါတယ်။
အရေးတော်ပုံ ၂၅ နှစ်တာ ကာလအကြာမှာ ၈၈ မျိုးဆက်တွေရော၊ မျိုးဆက်သစ်တွေပါ အချင်းချင်းတွေကြားက အကန့်အသတ်တွေ၊ ခြားနားကွဲပြားတာတွေကို နားလည်မှုယူပြီးတော့ ပြန်လည်စုစည်းနိုင်တဲ့ အင်အားတရပ်ဖြစ်နိုင်ခဲ့မယ် ဆိုရင်၊ ခေါင်းဆောင်တွေကလည်း ၈၈ မျိုးဆက်အချင်းချင်း နဲ့ အသိုင်းအ၀ိုင်းတွေကို အသိအမှတ်ပြုပြီး လက်တွဲထူထောင်မှုတွေ ဖော်ဆောင်နိုင်ခဲ့မယ်ဆိုရင် …ဒါဟာ ကျနော်ရဲ့ မျှော်လင့်ချက်တခုပါပဲလို့ ကိုဗသက်အောင်က မိုးမခကို အမှတ်တရစကား ပြောကြားသွားခဲ့ပါတယ်။
(ဓာတ်ပုံ – မိုးမခဇရပ်မှာ ခေတ္တတွေ့ရသည့် ဗသက်အောင်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts