>Win Pe Bag – 6

>

ဝင်းဖေလွယ်အိတ် အမှတ် ၆
ဒါရိုက်တာတယောက်၏ ရုပ်ရှင်ကြည့်နည်း
ဝင်းဖေ

နိုဝင်ဘာ ၅၊ ၂၀၀၈

ပြီးခဲ့တဲ့အပတ်က ရုပ်ရှင်ဒါရိုက်တာကြီး ဦးသုခ၊ သဘာဝမင်းသားကြီး ဦးထွန်းဝေ၊ စာရေးဆရာကြီး ဦးသိန်းဖေမြင့်တို့နဲ့ ကျနော် ဆုံဆည်းခဲ့ရတာကလေးတွေကို ပဏာမတင်ပြခဲ့ပါတယ်။ ဆရာကြီးဦးသုခနဲ့တွေ့တိုင်း ကျနော့်ကို အသိပညာလက်ဆောင်ကလေးတွေ ပေးလေ့ရှိပါတယ်။ ကျနော် အနုပညာကျောင်းအုပ်လုပ်နေစဉ်က ဆရာကြီးနဲ့ တခါ ဆုံခွင့်ရပါတယ်။ အဲဒီတုန်းက ဆရာက “ချစ်မုန်းမာန်”ဇာတ်ကားကို ဒုတိယအကြိမ်ပြန်ရိုက်ဖို့အတွက် ဒုတိယအရေးအကြီးဆုံး ဇာတ်ကောင် နေရာမှာပါဖို့ သရုပ်ဆောင်သစ်တယောက် လိုအပ်နေလို့ အဲဒီစရိုက်မှာကလည်း ပတ္တလားတီးတတ်ဖို့ သီချင်းဆိုတတ်ဖို့ စတာတွေဖြစ်နေလို့ ကျနော့်ကို အကူအညီတောင်းတာဖြစ်ပါတယ်။
ဒီတုန်းက ဆရာကြီးက သူ ၀င်းလိုက်ရုပ်ရှင်ရုံမှာ ကြုံကြိုက်လို့ “Karakatua East of Java”ဆိုတဲ့ကားကို ပါဝင်တဲ့ သရုပ်ဆောင်တွေ ကြိုက်လို့ ၀င်ကြည့်ခဲ့ကြောင်း ပြောပါတယ်။ ကျနော်ကလည်း အမှတ်တမဲ့ ဖြတ်ကနဲ အဲဒီကားဟာ အတော်ညံ့ကြောင်း ပြောလိုက်မိပါတယ်။ ဒီတော့ ဆရာကြီးက ကျနော်ပြောတာမှန်ကြောင်း၊ ဒါပေမဲ့ သူကတော့ ပညာတွေရခဲ့ကြောင်း၊ ပညာသင်တဲ့နေရာမှာ ဆောင်ရန် နဲ့ ရှောင်ရန် နှစ်မျိုးရှိကြောင်း၊ သိပ်ကောင်းတဲ့ ရုပ်ရှင်ကားတွေထဲက ဆောင်ရန်ပညာတွေ ရသလို သိပ်ညံ့တဲ့ကားတွေကိုကြည့်ရင် ရှောင်ရန်ပညာတွေ ရနိုင်ကြောင်း ဥပမာ ကလေးတွေနဲ့ ရှင်းပြပါတယ်။ သူက အဲဒီ Karakatua ဇာတ်ကားကို ဒေါသထွက်ရမယ့်အစား ကြံကြံဖန်ဖန် ကျေးဇူးတင်ပြီးတော့ ကုသိုလ်စိတ်တောင် ပွားနေပါတယ်။

ကျနော်ကတော့ အဲဒီကားရိုက်တဲ့ ဒါရိုက်တာကို ဒေါသဖြစ်နေရလို့ ရှောင်ရန်ပညာကို သတိရဖို့ နေနေသာသာ အကုသိုလ်စိတ်တွေတောင် ပွားနေမိပါတယ်။ ဆရာကြီးဦးသုခဟာ အဲဒီလို အကောင်းမြင် ကုသိုလ်စိတ်အခြေခံရှိလို့ ဘာသာရေးကားတွေ ရိုက်ကူးပြီး အောင်မြင်ကျော်ကြား ထူးထူးကဲကဲ ဒါနတွေ ပွားနိုင်တာဖြစ်ပါတယ်။ သည့်နောက် ကျနော် ဆောင်ရန်ပညာတွေကိုသာမကဘဲ ရှောင်ရန် ပညာတွေကိုပါ ယူတတ်လာပါတယ်။ ရန်သူကိုတောင် ကျေးဇူးတင်တတ်လာပါတယ်။

ကျနော် ငယ်ငယ်ကတည်းက ရုပ်ရှင်သိပ်ကြိုက်ပါတယ်။ ရုပ်ရှင်ပညာကိုလည်း သိပ်အထင်ကြီးပြီး တော့ သိပ်ကြောက်လန့်နေခဲ့ပါတယ်။ ရုပ်ရှင်ဒါရိုက်တာလုပ်ဖို့ ရည်ရွယ်ချက် မရှိခဲ့ပါဘူး။ ဒါပေမယ့် တနေ့မှာ အလွန်ညံ့ဖျင်းတဲ့ ရုပ်ရှင်ဇာတ်ညွှန်းတခုကို သွားတွေ့ပါတယ်။ ဒါပေမယ့် အဲဒီဇာတ်ညွှန်းနဲ့ ရိုက်တဲ့ကားဟာ အလွန်အောင်မြင် ကျော်ကြား ၀င်ငွေများတဲ့အကြောင်း သိရပြန်ပါတယ်။ ကျနော့်စိတ်ထဲမှာ ဒါလောက်ကတော့ ငါလည်း ရေးရင် ဒိထက်တောင် ကောင်းဦးမယ် လို့ တွေးမိလာပါတယ်။ အဲဒီ ညံ့ဖျင်းတဲ့ ရုပ်ရှင်ဇာတ်ညွှန်းထဲက ရှောင်ရန်ပညာတွေ အများကြီး ရလိုက်ပါတယ်။ ဒါနဲ့ပဲ ရုပ်ရှင်ဇာတ်ညွှန်း စ ရေးဖြစ်ရာက နောက်တော့ ရုပ်ရှင်ဒါရိုက်တာ ဖြစ်တဲ့အထိ သတ္တိရှိသွားပါတော့တယ်။ အဲဒီ ကျေးဇူးအတွက် ဆရာကြီး ဦးသုခကို သွားပြီး ပြောပြရင်း ကန်တော့ဖူးပါတယ်။

နောက်တခုက မြန်မာပရိသတ်ရဲ့ အကြိုက်ကို ဆရာဦးသုခ အလွန်သိတဲ့အကြောင်း၊ အဲဒီအကြောကို ကိုင်ပြီး ရုပ်ရှင်ကြည့်ပရိသတ်ရဲ့ ခံစားချက်ကို အပိုင်ဖမ်းနိုင်တာဖြစ်ကြောင်း ပြောကြရင်း ဆရာကြီးက မြန်မာဇာတ်ပွဲသဘင်ကြည့် ပရိသတ်ရဲ့ အထာကို အခြေခံပြီး စဉ်းစားကြံဆခဲ့တာ မှန်ပေမယ့် မြန်မာဇာတ်ပရိသတ် သိပ်ကြိုက်ခဲ့တဲ့ ငိုချင်းကိစ္စကိုတော့ သူ မယူခဲ့တဲ့အကြောင်း၊ လူသားဆန်တဲ့ အလွမ်းဓာတ်ခံကို လက်ခံပေမယ့် “ငါးပွက်ရာ ငါးစာချ” ပရိသတ်အကြိုက်ကို ဇာတ်ပညာရှင်တွေက အလွန်အကျွံလိုက်ပြီးတော့ ငိုချင်းချတာတွေကို အလွန်အကျွံ နေရာပေး၊ ပွဲ ကချိန် သုံးချိုးနှစ်ချိုးလောက်ကို အပူတိုက်ခန်းတွေက နေရာယူ၊ စစ်သူကြီးကလည်း ငို၊ ရှင်ဘုရင်ကြီး ဆိုတာတွေကလည်း ငို၊ ဘုရားအလောင်းတော်ကလည်းငို ဖြစ်ကုန်လို့ အတော် ကြက်သရေမရှိ ဖြစ်ကုန်တယ် လို့ သူ့အမြင်ကို ပြောပြပါတယ်။

သောတရှင်များခင်ဗျား၊ ဆရာကြီးဦးသုခရဲ့ စေတနာကနေ ဝေဒနာဖြစ်သွားခဲ့ရတာလေး တွေကိုလည်း ကြုံတုန်း ရယ်ပွဲကလေးဖွဲ့ဖို့ တင်ပြလိုက်ပါရစေ။ တနေ့မှာ မန္တလေးမြို့က ထမင်းဆိုင်လုပ်ငန်းနဲ့ အောင်မြင်ကြီးပွားနေတဲ့ လုပ်ငန်းရှင်တဦးက ဆရာကြီး ဦးသုခကို အလွန် ကြည်ညိုရင်းစွဲရှိတဲ့အတွက် ဆရာကြီးကို ထမင်းဖိတ်ကျွေးရင်းနဲ့ မိတ်ဖွဲ့ ဂါရ၀ပြုပါတယ်။ ထမင်း ဟင်းတွေက အလွန်အရသာရှိတဲ့အတွက် ဆရာဦးသုခကလည်း နှစ်ထောင်းအားရနဲ့ ချီးကျူးစကား ပြောပါတယ်။ ဒီတော့ ထမင်းဆိုင်ရှင်က သူ့ဆိုင်မှာ ကြော်ငြာအနေနဲ့ ရေးပြီးကပ်ထားဖို့ စာသားကလေးတခု ဆရာကြီးက ချီးမြှင့်ပေးဖို့ တောင်းခံပါသတဲ့။ ဆရာကြီးကလည်း သူကိုယ်တိုင် လောလောဆယ် မြိန်မြိန်ယှက်ယှက်စားပြီး အရသာ ရှိလွန်းလို့ သိပ်ကျေနပ်နေတာမဟုတ်လား။ ဒီတော့ “ဒီဆိုင်မှာ စားကြည့်၊ အရသာ ရှိမယ်၊ မတန်ရင် ပန်းကန်ကို ရိုက်ခွဲနိုင်တယ်” လို့ ကာရန်ကလေးနဲ့ ရေးပေးလိုက်သတဲ့။ ဆိုင်ရှင်ကလည်း ဆိုင်းဘုတ်ကလေးရေးပြီး သူ့ဆိုင်မှာ ကပ်ထားသတဲ့။ လောကမှာ လူရွတ် လူဆိုး လူပေ လူကတ်တွေက ရှိတယ် မဟုတ်လား။ ဘာကြာလိုက်လို့လဲ၊ အဲဒီဆိုင်မှာ မတန်လို့ဆိုပြီး ပန်းကန်ကို ရိုက်ရိုက်ခွဲကြတာတွေ ရှိလာလို့ ကြော်ငြာဆိုင်းဘုတ်ကလေးကို မြန်မြန် ပြန်ဖြုတ်ထားလိုက်ရပါသတဲ့ခင်ဗျား။

ကျနာ် ခုလို ဖော်ကောင်လုပ်တာကို ဆရာဦးသုခသိရင်လည်း ကျနော့်ကို ရယ်ရယ်မောမောနဲ့ ခွင့်လွတ်မှာပါ။ ဆရာကြီးကိုယ်တိုင်ကလည်း ဟာသဉာဏ်ကို တမြမြနေအောင် သွေးနေသူ ဖြစ်ပါတယ်ခင်ဗျား။

ကျန်းမာ ချမ်းသာကြပါစေ။ ကျနော် ၀င်းဖေပါ။ ။

(မူရင်း – ဘီဘီစီ၊ မြန်မာဌာန)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts