>Myat Lay

>

ရုပ်ရှင်မင်းသား မြတ်လေး
မောင်စွမ်းရည်
အောက်တိုဘာ ၃၁၊ ၂၀၀၈
မြတ်လေး (ပန်းချီ ညိုဝင်း)


ရုပ်ရှင်မင်းသားတွေဟာ အများအားဖြင့် ရန်ကုန် မြို့တော်မှာ အနေများပါတယ်။ ကျနော်က မန္တလေးမှာ ဆိုတော့ ရုပ်ရှင်မင်းသားတွေနဲ့ နီးစပ်ဖို့ မလွယ်ပါဘူး။ ရုပ်ရှင်မင်းသားမြတ်လေးနဲ့ ကောလိပ်ဂျင်နေဝင်းတို့ကတော့ ကျနော်တို့နဲ့ ခေတ်ပြိုင် တက္ကသိုလ်ကျောင်းသားတွေ ဖြစ်နေလို့ ရင်းနှီးခွင့် ကြုံခဲ့ရပါတယ်။

ကျနော် မန္တလေးတက္ကသိုလ်ရောက်တဲ့ကာလ ၁၉၅၆-၆ဝ ခုနှစ်အတွင်းမှာ ရန်ကုန်တက္ကသိုလ် မန္တလေးတက္ကသိုလ် နဲ့ မော်လမြိုင်တက္ကသိုလ် ကျောင်းများက ကျောင်းသားညီညွတ်ရေးတပ်ဦးနဲ့ ကျောင်းသားသမဂ္ဂ အမှုဆောင်အဖွဲ့ဝင်များဟာ မကြာခဏ တွေ့ဆုံရင်းနှီးခွင့် ကြုံခဲ့ရပါတယ်။ ကျောင်းသားပွဲတော်များ ပညာရေး နှီးနှောဖလှယ်ပွဲများ မကြာခဏလုပ်ပါတယ်။ အားကစားအဖွဲ့၊ စာပေအဖွဲ့ (ကလောင်ရှင်အသင်း)၊ အနုပညာအဖွဲ့တွေလည်း ပါဝင်တတ် ပါတယ်။ နိုင်ငံခြားကဖိတ်တဲ့ လူငယ်ပွဲတော်တွေကိုလည်း တက္ကသိုလ်ပေါင်းစုံက ကျောင်းသားကိုယ်စားလှယ်တွေ လွှတ်ပြီး ပါဝင်ဆင်နွှဲလေ့ ရှိပါတယ်။

ကျောင်းသားပွဲတော်တွေ လုပ်ရင် ဘယ်မှာလုပ်လုပ် သီချင်းစပ်ဖို့ ကိုမြတ်လေး ပါလာတတ်ပါတယ်။ အားကစားသမားထဲမှာ ဘော်လုံးသမား ကိုနေဝင်း ပါလာတတ်ပါတယ်။ မင်းနောင်၊ မောင်မောင်ကြီး၊ မောင်မောင်နေညွန့် စတဲ့အဆိုတော်တွေလဲ ပါလာတတ်ပါတယ်။ ကိုမြတ်လေးကတော့ စာပေသမားလဲဖြစ် သီချင်းလည်းစပ်ပြီး ကျနော်တို့ကို ချပေးရတာဆိုတော့ ပိုပြီးရင်းနှီးခွင့်ကြုံတယ်။ သူနဲ့အတူ စန္ဒယားချစ်ဆွေလည်း ပါလာတတ်ပါတယ်။

ကိုမြတ်လေးက မန္တလေးက ဘဏ်တခုမှာ လုပ်ဖူးသလိုလို ကြားဖူးတယ်။ ဒါကြောင့် ကျနော်တို့ ကျောင်းမရောက်ခင်ကတည်းက ကိုသာနိုး နဲ့ ရင်းနှီးနေကြတယ်။ တယောက်နဲ့တယောက် “ဟေ့ကောင် သာနိုး၊ ဟေ့ကောင် မြတ်လေး” လို့ ပြောလေ့ရှိကြပါတယ်။ သီချင်းရေးရင် ကိုသာနိုး အခန်းမှာပဲ ရေးလေ့ရှိပါတယ်။

သီချင်းလောကမှာ နဘေထပ်တွေရေးတာကို ကိုမြတ်လေးကပဲ စတင်တယ် ထင်ပါတယ်။ ကျနော်က ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ လေးချိုးကြီး အသံတွေကို မိဘတွေဆီကနာခံရင်း ကြီးပြင်းလာခဲ့ရလို့ ကာရန်နဘေ ကြိုက်ပါတယ်။ ဒါကြောင်သီချင်းစာအုပ် ဆိုလို့ ကိုမြတ်လေးရဲ့ တေးကဗျာ ဆိုတာ တအုပ်ပဲ ဝယ်ယူ ဖတ်ရှုဖူးပါတယ်။ ကိုမြတ်လေးက ရန်ကုန်တက္ကသိုလ်မှာ မြန်မာစာဂုဏ်ထူးတန်း တက်ဖူးတယ်လို့ ကြားဖူး ပါ တယ်။ ဟုတ်ရဲ့လားလို့တော့ မမေးဖူးပါဘူး။ အဲဒီခေတ်က မြန်မာစာယူသူတွေဟာ အမှတ်နည်းလို့ယူကြတာမဟုတ်ဘဲ ဝါသနာပါလို့ ယူကြတာ များပါတယ်။ ကိုမြတ်လေးက မြန်မာစာအုပ်တွေသာမက အင်္ဂလိပ်စာအုပ်တွေလဲ ဖတ်ပါတယ်။ နောက်ပိုင်းမှာတော့ ရုပ်ရှင်အကြောင်း အင်္ဂလိပ် စာအုပ်တွေပဲ အဖတ်များပါတော့တယ်။
ကဗျာဆရာတင်မိုးကတော့ သီချင်းဆိုရင် မြို့မနဲ့ ဂီတ နက်သန်ပဲ အကြိုက်များပြီး အမြဲတန်း သီချင်းဆိုလေ့ရှိပါတယ်။ ကျနော် တက္ကသိုလ် ရောက်ပြီး နောက်တနှစ်မှ သူရောက်လာတော့ ကျနော့လွယ်အိတ်ထဲက ကိုမြတ်လေး တေးကဗျာများကို တွေ့သွားပြီး လက်က မချတော့ပါဘူး။ ပြန်လည်း မပေးတော့ပါဘူး။

ကိုမြတ်လေးရဲ့ အများစုဆန္ဒ ပြည်တွင်းငြိမ်းချမ်းရေးသီချင်း တပ်ဦးသီချင်း မန္တလေး သီးခြား တက္ကသိုလ်အကြိုသီချင်း တစ်ထောင့်သုံးရာပြည့် အရေးတော်ပုံ သီချင်းတို့ကို ညည်းလေ့ရှိပါတယ်။ မခင်နှင်းဆီတို့ ဂိုယာရမ်တို့လည်း ရပါတယ်။ ကိုမြတ်လေးကလည်း တင်မိုးရဲ့ ကဗျာတချို့ကို သီချင်း လုပ်ဖူးပါတယ်။ “ငဘ” ရုပ်ရှင်ကားထဲက မိုးကျ၍ ပျိုးချရမည် ကဗျာအပါအဝင် ကလေးကဗျာတွေကိုပါ တေးသံသွင်းဖူးပါတယ်။ ကျနော့ ကဗျာထဲကတော့ “လှိုင်း” တပုဒ်တည်း သွင်းဖူးတယ်လို့ မှတ်မိပါတယ်။

မြတ်လေးက အသားညိုညို ထောင်ထောင် မောင်းမောင်းနဲ့ ယောက်ျားပီသတဲ့ ရုပ်လက္ခဏာ ရှိပါတယ်။ အမြင်ရိုးမှာစိုးလို့ဆိုပြီး လူတောမတိုးတဲ့ ဇတ်မင်းသားဟန်မျိုးလည်း မရှိပါဘူး။ အညာသားမဟုတ်ပေမဲ့ ကြက်တိုက်တာ ဝါသနာပါတော့ အညာဒေသ တောရွာတွေလဲ အနှံ့ ရောက်ပါတယ်။ မြင်းခြံအနီးက တင်မိုးတို့ရွာ ကျနော်တို့ရွာတွေကို တိုက်ကြက်ရှာရင်း ရောက်ဖူးပါတယ်။ တခါတလေ အညာကို ကျနော်တို့စာပေ ဟောပြောပွဲတွေသွားရင်းလည်း သူ တိုက်ကြက်ရှာတာနဲ့ ဆုံရတတ်ပါတယ်။ တခါက သာစည်နားက ရွာတရွာမှာ ကျနော်စာပေ ဟောပြောနေတုန်း ရှေ့က ဝင်ထိုင်တယ်။ ဟောစင်ကလည်း နိမ့်တော့ သူနဲ့မျက်နှာချင်းဆိုင်ဖြစ်နေပြီး အပြန်အလှန် နှုတ်ဆက်စကား ပြောကြတာနဲ့ ကျနော် ဘာပြော နေမှန်း မသိတော့ဘဲ ပွဲပျက်ရမလို ဖြစ်ဖူးပါတယ်။ ဒါပေမဲ့ ပရိသတ်က ကျနော်တို့ရဲ့နှစ်ပါးသွားကို သဘောကျပြီး ဆက်ပြောကြပါလို့ အားပေး ကြပါ တယ်။

ကျနော် ရန်ကုန်ပြောင်းတော့ မြို့ထဲမှာ လည်ပတ်စရာ အထူးနေရာ နှစ်နေရာ ရှိပါတယ်။ ကိုထွန်းဝေ (ရုပ်ရှင်မင်းသားကြီး ) ရဲ့ ရန်ကင်း ရုပ်ရှင် ရုံးခန်းနဲ့ ကိုမြတ်လေးရဲ့ လေးနှင့်အပေါင်းအသင်းများ ရုံးခန်းဖြစ်ပါတယ်။ အသိုင်းအဝိုင်းတွေကလည်း ဒီလူ ဒီလူတွေပဲများပါတယ်။ ကျနော်တို့က ရုပ်ရှင်လောကနဲ့ မနီးစပ်တော့ ရုပ်ရှင်ပညာအကြောင်း ပြောလို့မရပါဘူး။ ကျောင်းသားသမဂ္ဂ ရဲဘော်တွေအကြောင်း ရှေးဟောင်းနှောင်းဖြစ်တွေနဲ့ စာပေအကြောင်းပဲ ပြောကြရတာများပါတယ်။ ရန်ကုန်တက္ကသိုလ်ရော မန္တလေးတက္ကသိုလ်ရော သူ့ခေတ်ပြိုင်ကျောင်းသားတွေက ဖိုးမြတ်လို့ သူ့ကို ခေါ်ကြတာ များပါတယ်။ နယ်ကလာတဲ့ ဗ က သ ရဲဘော်တွေက ကိုမြတ်လေးကို သူတို့သူငယ်ချင်း သူတို့ရဲဘော် ဆိုပြီး ရင်းနှီးခဲ့ကြတယ်။ ရန်ကုန်ဝင်ရင် သူ့ဆီ ဝင်ပြီး လက်ဖက်ရည် တခွက်ဖြစ်စေ သောက်သွားပြီးမှ ပြန်တက်ကြပါတယ်။

ငြိမ်းချမ်းရေးသီချင်းရေးတဲ့ သီချင်းဆရာရဲ့ဘဝဟာလည်း သိပ်တော့ မငြိမ်းချမ်းပါဘူး။ ငြိမ်းချမ်းရေး လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ထောင်ထဲကို ရောက်ရဖူးပါတယ်။ သူရော ကိုထွန်းဝေရော ရောက်ကြရတာပါ။ သူကထောင်ထဲမှာ ငိုတယ်ကြားလို့ တဲ့ ကိုထွန်းဝေက စိတ်ဆိုးဖူးတာ တော်တော်နဲ့ ပြေပုံ မရပါဘူး။ လူပုံက ကြီးကျန်းပေမဲ့ နှလုံးသားက နုပုံရပါတယ်။ လူတိုင်းကိုလည်း အလိုလိုက်တတ်ပါတယ်။ လူတိုင်းကလည်း ဖိုးမြတ်ကြီးဆိုပြီး ခင်ကြပါတယ်။ သူကလဲ လမ်းပေါ်နေတဲ့ လူမျိုးပါ။ သူ့ကိုခင်လို့ စန္ဒရားချစ်ဆွေတို့ မာမာအေးတို့လည်း တက္ကသိုလ်မောင်နှမတွေ ဖြစ်လာခဲ့ရပါတယ်။ တင်မိုးလိုပဲ မာမာအေးလည်း ကိုမြတ်လေးရဲ့ ငြိမ်းချမ်းရေးသီချင်းတွေ ရကုန် ဆိုကုန်ပါပဲ။

သူ့ရဲ့ အပေါင်းလက္ခဏာ ရုပ်ရှင် လေးနဲ့အပေါင်းအသင်းများ အခန်း ဖြုတ်လိုက်တော့ ရေကျော်က သူနေထိုင်နေကျ လက်ဖက်ရည်ဆိုင်မှာပဲ ဖြစ်စေ မြို့လယ် ၃၃ လမ်းက လေထန်ကုန်း လက်ဖက်ရည်ဆိုင်မှာဖြစ်စေ ဆုံတတ်ပါတယ်။ စာရေးဆရာ မြသန်းတင့် အိမ်ကိုလည်း မကြာခဏ လာလေ့ရှိပါတယ်။ သူ့ရုပ်ရှင်ရုံတင်ရင်လည်း သူနဲ့ရင်းနှီးတဲ့ စာပေအသိုင်းအဝိုင်းကို ရုပ်ရှင်လတ်မှတ် ပေးလေ့ရှိပါတယ်။ ကျနော်တို့က သူ့ရုပ်ရှင်ကားတွေကို သိပ် အကောင်း မပြောတတ်ကြပါဘူး။ သူက ရုပ်ရှင်သဘောတရားတွေ ပြောလွန်းလို့ သူ့ကို ပိတ်ပြောကြတာပါ။ သူကလည်း ကျနော်တို့မို့ သီးခံတာပါ။ သူပေါင်းတဲ့ အညာသားတွေက မောင်သာနိုး မောင်ရိုးသူ တင်မိုး မြသန်းတင့် နဲ့ မောင်စွမ်းရည် စသူတို့ ဖြစ်ပါတယ်။ ရန်ကုန် မှာ ဒီလူတွေနဲ့ ရန်ကုန် တ-က-သ ရဲဘော်တွေပဲ အဖေါ်လုပ်လေ့ရှိပါတယ်။ သည်းညည်းလည်း ခံပါတယ်။

ရုပ်ရှင်လောကမှာ ရုပ်ရှင်သဘောတရားတွေကို စာနဲ့ပေနဲ့ တကယ်လေ့လာသူတဦးဖြစ်ပါတယ်။ ဒါကြောင့် ရုပ်ရှင်သမားအချင်းချင်းက သူရေးတဲ့ အတွေး၊ သူပြောတဲ့ စကားတွေကို နားစွင့်ကြရပါတယ်။ တင်မိုးက ပေဖူးလွှာ မဂ္ဂဇင်းကို ကိုင်တော့ သူက ငါမင်းကို ဆောင်းပါးရေးပေးရအုံးမယ် လို့ လေထန်ကုန်း လက်ဖက်ရည်ဆိုင်မှာ ပြောပါတယ်။ တင်မိုးက “ငါမင်းကို မတောင်းဘူး၊ ငါလုပ်မှာက စာပေ မဂ္ဂဇင်း၊ မင်းရေးတဲ့ ဘာစကီ ညာစကီဆိုတာတွေ ငါလည်း နားမလည်ဘူးလို့ ငြင်းလိုက်တော့ ဟ-ဘဂျမ်းရ ငါလည်း ဒါပဲ ရေးတတ်တာ ဆိုပြီး ပြောရှာ ပါတယ်။

ဆရာ မြသန်းတင့်ရယ် မင်းသားကြီး ကိုထွန်းဝေရယ်၊ တင်မိုးရယ်၊ ကိုမြတ်လေးရယ် သူတို့ လေးယောက် အညာကို ဦးသိန်းဖေမြင့် ဂူဗိမာန်ဖွင့်ပွဲ အပြန်မှာ ချိန်းချက်ပြီး အညာတခွင် လျှောက်လည်ကြတယ်။ ပန်းချီ ယဉ်မင်းပိုက်လည်း ပါတယ်။ ခွဲလိုက်ဆုံလိုက် အကြိမ်ကြိမ် လုပ်ကြတော့ ထောက်လှမ်းရေးက သူတို့ခရီးစဉ်ကို တော်တော် အံ့သြ ထိတ်လန့်ခဲ့ပုံရပါတယ်။

တခါတော့ ဆရာတင်မိုးနဲ့ ကိုမြတ်လေးတို့ ဟောပြောပွဲ ထွက်ကြတယ်။ သူတို့သုံးယောက် နောက်ဆုံး ဆုံကြတဲ့ပွဲပါပဲ။ အညာတခွင်လျှောက်သွားပြီး ရန်ကုန်ရောက်လာကြတာ ကျနော့်အိမ်ကို ဦးဆုံးရောက်လာသူက ဆရာမြသန်းတင့်ပါ။ သူက တင်မိုးနဲ့ ကိုမြတ်လေးအကြောင်းကို ခုလိုပြောပြပါတယ်။ “ဗိုလ်မိုးကွာ ဟောပြောပွဲမတိုင်ခင် နေရာတိုင်းမှာ ဖိုးမြတ်ကိုများ ကြိမ်းမောင်းလိုက်တာ စာပေဟောပြောပွဲမှာ ရှုဘင်စကီးဘူနင်ကိန်း ဆိုတာ တွေမပြောရဘူး။ ရုပ်ရှင်သဘောတရားတွေ မပြောရဘူး။ ပြောရင် ငါအောက်ကနေ ခဲနဲ့ ထုမယ်။ အော်မယ် ဟစ်မယ် မျက်နှာထားကြီးနဲ့ကို ချဲတာ။ ဖိုးမြတ်ကလဲ ဟ-ဘဂျမ်းရ ငါက စာပေအကြောင်းပြောစရာမှ မရှိဘဲ မပြောတတ်ဘူးကွ လို့ ပြန်ပြောရှာတယ်။ မင်းရဲ့ တေးကဗျာတွေ အကြောင်းပြောပေါ့။ ဒါစာပေပဲ တဲ့။ ဖိုးမြတ်က အဲဒါတွေ မရဘူးကွ။ ရထားတာတွေက တပိုင်းတစဘဲ။ အဲဒါတွေလဲ မေ့ကုန်ပြီဆိုတော့ ငါအကုန်ရတယ်။ မင့်စာတွေ ငါရေးပေးမယ်။ ဘယ်ဟာပီး ဘယ်ဟာဆို၊ ဆိုပြီးတော့ မြတ်လေးကိုများ ချရေးပေးသေးတယ်။ ဟိုကောင်ကလည်း စင်ပေါ်တက်ပြီးပြောတော့ ကျနော် ပြင်ဆင်ထားတာကို ဟိုဘဂျမ်းဆိုတဲ့အကောင်က မပြောရဘူး။ သူပြောခိုင်းတာပဲ ပြောရမယ်။ သူပြောခိုင်းတာမပြောရင် အောက်က ခဲနဲ့ပေါက်မယ် ပြောပါတယ်။ ဒါကြောင့် ဟိုကောင် ပြောခိုင်းတဲ့အတိုင်း ပြောပါမယ်ဆိုပြီး တကယ်ပဲ ဗိုလ်မိုးပြောခိုင်းတာတွေပဲ ပြောတယ်။ မေ့နေရင်အောက်ကို လှမ်းမေးတယ်။ ဗိုလ်မိုးက အောက်က လှမ်းထောက်တယ်။ သီချင်းတွေ တပုဒ်ပြီးတပုဒ် နောက်ကြောင်းပြောသွားလိုက်တာ ပရိတ်သတ်ကလဲ လက်ခုပ်သံ တဖြောင်းဖြောင်းနဲ့ သူတို့နှစ်ပါး သွားတာကို သဘောကျလိုက်ကြတာ။ စင်ပေါ်က ဆင်းတော့ ဗိုလ်မိုးက အောက်ကနေ မတ်တတ်ရပ်ပြီး ဆီးကြိုပွေ့ဖက်ပြီး ချီးကျူးလိုက်သေး။

ကိုမြတ်လေးဟာ အလွန်မာကြောတဲ့ လူပါ။ ဒါပေမဲ့ သူငယ်ချင်းအပေါင်းအသင်း ရဲဘော်ရဲဘက်တွေအပေါ်မှာ အလွန်သည်းခံပါတယ်။ သူ့ ရဲဘော်တွေကို တခြားလူတွေက ထိပါးတယ် ထင်ရင်တော့ သည်းမခံပါဘူး။ ဦးမြသန်းတင့်ရဲ့ ဈာပနမှာ ဦးအောင်သင်းက “သူငယ်ချင်းကိုမြသန်းရေ သွားနှင့်ပေတော့” ဟု ထ-အော်လိုက်တယ်။ နောက်နားလေးမှာ ကြိတ်ငိုနေတဲ့ ကိုမြတ်လေး ကြားတော့ “အောင်မာ ဘယ်ကောင်လဲကွ သူငယ်ချင်း လို့ ခေါ်ရဲတာ” ဆိုပြီး ထအော်လို့ ကျနော်တို့ မနည်း ပါးစပ်ပိတ်ယူရပါတယ်။ တကယ်က ဦးအောင်သင်းဟာ ဆရာမြထက် အသက်လည်းကြီးတယ်။လူချင်းကလည်းအလွန် ရင်းနှီးကြပါတယ်။ ကိုမြလေးကတော့ ကိုမြသန်းရေ သူငယ်ချင်းရေ လို့ခေါ်တာကို လုံးဝ သဘောမကျကြောင်း တဖွဖွ ပြောလို့ မပြီးပါဘူး။ တနေရာမှာလည်း သာနိုး မထိနဲ့ မီးပွင့်သွားမယ်။ စွမ်းရည်မထိနဲ့ မီးပွင့်သွားမယ်လို့ သွားအော်ဖူးသတဲ့။ ဘုန်းတော်ကြီးတပါးက အမူးသမား တယောက်ယောက် အော်နေတယ် ထင်လို့ ထွက်ကြည့်တော့ ကိုမြတ်လေး တဲ့။

ကျနော်ကတော့ ကိုယ့် ငါးချဉ်မို့ ချဉ်ရတာမဟုတ်ပါ။ သူနဲ့ ခေတ်ပြိုင်ထဲမှာ တေးကဗျာဆိုတဲ့ သီချင်းမျိုးနဲ့ သူ့ဟန်အမူအရာ သရုပ်ဆောင်ပုံမျိုးဟာ သူလို တခေတ် ထူနိုင်သူ ရှားပါတယ်။ မင်းသားထဲမှာ ပညာတတ် စကားပြောဟန်တမျိုးကို အမူအရာနဲ့တကွ ထူထောင်ခဲ့ပြီး သီချင်းတွေကိုလဲ ကဗျာဟန်နဲ့ ကာရန် နဘေသုံးပြီး ထူထောင်ခဲ့တာပါ။ ငြိမ်းချမ်းရေးသီချင်းတွေနဲ့ကျောင်းသား သီချင်းတွေလည်း သူမို့သာ ရေးရဲပြီး ရေးလဲ ရေးတက်နိုင်စွမ်းသူဖြစ်ပါတယ်။ သူကတော့ သူ့သီချင်းတွေကို ချီးမွမ်းရင် ငါကောင်းလို့ မဟုတ်ဘူး။ ချစ်ဆွေ ကောင်းလို့ ဆိုပြီး ပြောလေ့ရှိပါတယ်။ ကျနော်ကတော့ သူ့အမူအရာကိုလဲ တခြား သူငယ်ချင်းတွေ စ သလို မစ ပါဘူး။ ကဗျာဆရာ ကြည်အောင်ဟာ ခင်ဗျားနဲ့မသိခင်ကတည်းက ခင်ဗျားရဲ့အမူအရာ ကို အတုခိုးခဲ့တာ လို့ ပြောပြပါတယ်။ ရုပ်ရှင်ကားထဲမှာတော့ သူနဲ့ကောလိပ်ဂျင်နေဝင်းတို့ နှစ်ယောက်တွဲ သရုပ်ဆောင်တဲ့ “ပန်းပန်လျက်ပါ” ထဲက သရုပ်ဆောင်တာကို အကြိုက်ဆုံးပါဘဲ။

အညာသားတွေနဲ့တွဲပြီး အညာရုပ်ပေါက်သူဖြစ်လို့ သူ့ကို တချို့က အညာသားလား လို့ မေးဖူးပါတယ်။ တကယ်တော့ သူဟာ ဆိပ်ကြီး ခနောင်တိုသားပါ။ ၁၉၂၈ မှာမွေးပြီး ၂၀ဝဝ ပြည့်နှစ်မှာ ဆုံးရှာပါတယ်။ ရုပ်ရှင်ကားပေါင်း ၁ဝဝ ကျော် ရိုက်သွားခဲ့ပါတယ်။ ပင်လုံထိပ်ထားဦး ဇာတ်ကားမှာ တင်တင်မူနဲ့ တွဲပြီး စတင် ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။ “အမုန်း၏နောက်ဝယ်” နဲ့ “ရင်ထဲမှာရွာတဲ့မိုး” ဇတ်ကားများနဲ့ အကယ်ဒမီရဖူးပါတယ်။ သီချင်းပေါင်း ၂ဝဝ ကျော် ရေးခဲ့ပါတယ်။ ကိုမြကြီးဆိုတဲ့ မခင်နှင်းဆီ သီချင်းနဲ့ စတင်ပြီး ဟိုးလေးတကျော် ဖြစ်ခဲ့ပါတယ်။ ကွယ်လွန်တော့ အသက် ၇၂ နှစ်ပါ။ အသဲရောင်ရောဂါနဲ့ ဆုံးရတာပါ။ ငြိမ်းချမ်းရေး တေးသံရှင်ခမျာ ငြိမ်းချမ်းရေး ကို မြင်မသွားရရှာပါ။

“အများစုဆန္ဒ” ငြိမ်းချမ်းရေးသီချင်း၊ ကျောင်းသားတပ်ဦးသီချင်း နဲ့ မန္တလေးသီးခြားတက္ကသိုလ် အကြိုသီချင်းတွေကို ကျနော်မေတ္တာရပ်ခံလို့ သူငယ်ချင်းတင်မိုးက ဆိုခဲ့ပါတယ်။ ကိုမြတ်လေးရဲ့ ရဲဘော်မ မာမာအေး နဲ့ ကျနော်တို့က ဘေးက ထောက်ပေးနိုင်တာ ထောက်ပေးပြီးရင် စည်းဝါး လိုက်ကြပါတယ်။ ကျော်သက်က အသံဖမ်းထားပါတယ်။ တင်မိုး ကွယ်လွန်တော့ ကျနော်တို့ အလွမ်းပြေ ပြန်ပြီးနားဆင်ကြပါတယ်။ တင်မိုးနဲ့ ကိုမြတ်လေး ချစ်သူငယ်ချင်း နှစ်ဦး နောင်ဘဝမှာ ပြန်လည် ဆုံတွေ့ကြပါစေ။ အဲဒီအခါ ဗမာပြည်လဲ ငြိမ်းချမ်းသာယာနေပါစေသတည်း။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts