>Quotes for October, 2008

>

အောက်တိုဘာလ စာကိုး စကားကိုး
အောက်တိုဘာ ၃၀၊ ၂၀၀၈

” နအဖအစိုးရကို ဖားပြောတာလည်း မဟုတ်ဘူး တချို့ သူမှားတာရှိတယ်။ မှားတာ တမတ်ဖိုးပေမယ့် အောက်က သူက ခိုင်းထားတဲ့တပည့်က သူ့အာဏာတမတ်ဖိုးပေးလိုက်တာကို တကျပ်ဖိုး သုံးတဲ့အတွက် ပိုမှားတယ်။ အခု ရှင်းရှင်းပြောရရင် နအဖအစိုးရလည်း ဝန်ထမ်းတွေရဲ့ လိမ်လည်ခြင်းကို ခံနေရတယ်။ အခုချိန်ထိ သူ့ကိုယ်သူ လိမ်ပြီးခံရတယ် ဆိုတာကို မသိသေးဘူး။”

ဦးအေးမြင့် (လုပ်အားပေးသတင်းများစုဆောင်းဖော်ထုတ်မှုကြောင့် သေဒဏ်ချခံရဖူးသည့် ရှေ့နေ)၊

ဒီမိုကရက်တစ်မြန်မာ့အသံ၊ အောက်တိုဘာ ၁၇


“လူတွေဒုက္ခရောက်နေတဲ့အချိန်မှာ သံဃာတော်တွေဟာ လက်ပိုက်ကြည့်နေလို့ မရပါဘူး။ ဒါပေမယ့် အရေးအခင်းတွေ ပြီးဆုံးသွားတဲ့အခါ သံဃာတွေဟာ ၀န်ကြီးနေရာလည်း မယူပါဘူး၊ ၀န်ကြီးချုပ်နေရာလည်း မယူပါဘူး၊ ရပ်ကွက်လူကြီးနေရာလည်း မယူပါဘူး ဒကာကြီး၊ ကိုယ့် စာသင်စာချအလုပ် ပြန်လုပ်တာပါပဲ။”

ဦးကောဝိဒ (ကနေဒါဆရာတော်)၊ အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ်၊

ဘီဘီစီအသံလွှင့်ဌာန၊ အောက်တိုဘာ ၁၇

“ပြဇာတ်ပြိုင်ပွဲများမှာ ”လူငယ်အားမာန် မိုးယံဆီသို့” ဆိုတဲ့ ခေါင်းစဉ်နဲ့အညီ လူငယ်များရဲ့ အပြုသဘောဆောင်တဲ့စိတ်ဓာတ်၊ ဒို့တာဝန်အရေးသုံးပါးအပေါ် ပြင်းပြထက်သန်တဲ့ ခံယူချက်၊ နိုင်ငံ့အပေါ်ထားရှိတဲ့ စေတနာတို့ပေါင်းစည်းပါဝင်တဲ့ လူငယ်အားမာန်ကို ဖော်ညွှန်းကပြရင်း အပြိုင်အဆိုင် တင်ဆက်သွားကြတာဟာ အလွန်ပဲ ပီပြင်လှပါတယ်။”

ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၊ အတွင်းရေးမှူး(၁)၊ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ၊

ကြေးမုံသတင်းစာ၊ အောက်တိုဘာ ၃၀

“လေဘေးသင့် ဒေသတွေကို သွားဖြစ်နေတယ်။ အဲဒီခရီးစဉ်မှာတော့ ထရီဇာက အဆိုတော်ဖြစ်လိုက်၊ သရုပ်ဆောင်ဖြစ်လိုက်၊ ဆရာဝန်ဖြစ်လိုက်နဲ့ ၃မျိုးစလုံး အားဖြည့်လုပ်ဖြစ်နေတယ်။ မိဘမဲ့ကလေးတွေကို ကြည့်ပြီး အရမ်း ကိုယ်ချင်းစာမိလို့ ခရီးက တစ်ခါပြန်လာတိုင်း ငိုရတယ်။ မေမေကတောင်ပြောတယ် စိတ်မနိုင်ဘဲ ဘယ်လိုဆက်လုပ်မလဲ လို့ ပြောတယ်။ ထရီဇာကတော့ သွားနေတာပဲ။ ပြန်လာတိုင်းလည်း ငိုနေတာပဲ။ လုပ်နိုင်သလောက် ဆက်လုပ်မယ်။”

သရုပ်ဆောင်၊ အဆိုတော်၊ ဆရာဝန် ချစ်သုဝေ (ခေါ်) ထရီဇာ၊

ရွှေအမြုတေမဂ္ဂဇင်း၊ အောက်တိုဘာ

“တချို့လူတွေမှာတော့ ကျနော် စကားလှမ်းပြောရင် ပြန်မပြောတာမျိုး ရှိတတ်ပါတယ်။ တကယ်ဆိုရင် ခွေးတစ်ကောင် သူများကို လှမ်းဟောင်ရင်တောင် ဟဲ့ခွေးလို့တော့ အနည်းဆုံး အော်ခံရနိုင် သေးတာပဲ။ ကျနော် လှမ်း နှုတ်ဆက်တာလေးကို ပြန်မဖြေတော့ ကျနော် ခံစားရမလဲ စဉ်းစားကြည့်ပေါ့။ အလုပ်က ဒီနေ့ မပြီးရင် ကမ္ဘာကြီး ပျက်စီး သွားတော့မလောက် အလုပ် မတရား များပါတယ်ဆိုပြီး invisible မလုပ်ပဲ G-talk ဖွင့်ထား တာကတော့ အဓိပ္ပါယ် မရှိဘူးလို့ မြင်တယ်။ တခါတလေများဆို မီးလေးတောင် စိမ်းနေလိုက်သေးတယ် (Busy တောင် မလုပ်ထားဘူး)။

* Invisible ကို ခများတို့ G-mail ထဲမှာ ၀င်သုံးတဲ့အခါ လက်ဝဲဖက် ဘောင်က Chat box မှာ ၀င်ပြောင်းနိုင်ပါတယ်။

ကျနော် ဆိုလိုချင်တာက အေး သူငယ်ချင်း… ငါ အခုတော့ အလုပ်များနေတယ်… နောက်မှ အေးဆေး စကား ပြောတာပေါ့ ဆိုတာလောက်လေး မပြောသင့်ပေဘူးလား လို့ တွေးကြည့်တာပါ။”

ထူးမြတ်၊

htoomyat.blogspot.com၊ အောက်တိုဘာ ၂၀

“မင်းတို့ သီချင်းတွေကလည်း ဘာတွေဆိုနေမှန်း မသိဘူးပေါ့။ အဲဒီလို။ သိပ် လက်မခံဘူး။ နောက်တော့လည်း ကိုယ့်သားသမီး သီဆိုတာ ဆိုတော့လည်း သူတို့ လက်ခံ သဘောကျပေးလာရတာပေါ့။”

ရဲဖြိုး၊ Street Emcees၊

လမ်းမပေါ်က Hip Hop ဖန်တီးသူများနဲ့ တွေ့ဆုံခြင်း၊ ပန်းအလင်္ကာဂျာနယ်၊ အောက်တိုဘာ

“အီးမေးလ် ဘလော့ဂ်တို့တွင် အပုပ်ချမှု၊ စောင်းမြောင်းပြောဆိုမှု၊ လိမ်ပြောမှု ကောလဟလ အညစ် အပတ် စသည်ဖြင့် အညစ်အကြေးပေါင်းစုံ သိပ်များသည်။”

မောင်စူးစမ်း၊

မီဒီယာဂေဟစနစ် နှင့် လူစီဖာအကျိုး၊ ပန်းအလင်္ကာဂျာနယ်၊ အောက်တိုဘာ

“ကျောင်းစာက ခက်တာပါပဲ..တဲ့။ ဒါဖြင့် မြန်မာစာကို ဘာလို့ယူတာလဲမေးကြည့်တော့ ဒါပဲရတာကိုး တဲ့။ ကျမ ငိုချင်သလို ဖြစ်သွားခဲ့ဖူးပါတယ်။ နောက်ပိုင်းကာလ ဒီလို ကျောင်းသားတွေ အတွေ့များလာတော့ ကျမ အဲလို မမေးတော့ပါဘူး။”

မေငြိမ်း၊

http://maynyane.blogspot.com/၊ အောက်တိုဘာ ၁၁

“ဗိုလ်ချုပ်ခင်ညွန့်က တိုင်းရင်းသားသူပုန် အင်အားစုများနှင့် ဆက်တိုက်ဖြစ်ပေါ်လာခဲ့သည့် အပစ်အခတ်ရပ်စဲရေး သဘော တူညီချက်များကို အစပျိုးဆောင်ရွက်ခဲ့သူလည်း ဖြစ်သည်။ သူက ဤနည်းအားဖြင့် စစ်အစိုးရ၏ အာဏာထိန်းချုပ်မှုကို ပိုမို ခိုင်မြဲစေခဲ့ပြီး နောက်ဆယ်စုနှစ်တိုင် ဆက်လက်၍ အာဏာကို ချုပ်ကိုင်ထားနိုင်ရန် ဖန်တီးခဲ့သူလည်း ဖြစ်သည်။”

အောင်ဇော်၊

ဧရာဝတီအင်တာနက်စာမျက်နှာ၊ အောက်တိုဘာ ၈

“ရန်ကုန်- အင်းစိန် လမ်းမပေါ်က ဆပ်ပြာ စက်ရုံ တစ်ရုံ တည်ရှိရာ ရပ်ကွက် တစ်ခုမှာ အခုဆိုရင် ခွေး လေ ခွေးလွင့်၊ ကြောင်လေ ကြောင်လွင့်၊ ကြွက်သာ မက ကုန်ကုန် ပြောရရင် အဲဒီ စက်ရုံနားက ရေ မြောင်း တွေမှာ သက်ရှိ ဆိုလို့ ငါးနဲ့ ရေညှိတောင် မရှိတော့ လောက်အောင် အဆိပ်သင့် နေခဲ့ ပါပြီ။ ပိုဆိုးတာက အဲဒီ ရပ်ကွက်မှာ အသက် ၇၀ ကျော် သက်ကြီး ရွယ်အိုလဲ မရှိတော့ ပါဘူး။ သူတို့ အား လုံး ဗိုက်ကြီးတွေ ဖောင်းကားပြီး ကျောက်ကပ် ပျက်စီးလို့ သေဆုံး ခဲ့ကြ ပါတယ်။ ၀မ်းနည်း စရာ ကောင်းတာက ဒီအကြောင်းကို သက်ဆိုင်ရာကို အကြောင်းကြား တဲ့အခါ အရေးယူမှု အနေနဲ့ အလွန် မြင့်တဲ့ အုတ်တံတိုင်းနဲ့ အဲဒီ စက်ရုံကို ၀င်းခတ် လိုက်တာပါပဲ။ အပြင်ကနေ ဓာတ်ပုံရိုက် ယူလို့ မရ တော့ဘူး ပေါ့လေ။ “

ခွန်မြလှိုင်၊

khunmyahlaing.blogspot.com၊ အောက်တိုဘာ ၂၃

“ရန်ကုန် လို မြို့ကြီးမှာ ဘာလို့ ကလေးဆေးရုံ တစ်ရုံထဲ ရှိနေခဲ့ရပါသလဲ..။ နောက်ထပ် ကလေးဆေးရုံ ထပ်ဆောက်ဖို့ မလိုတော့လို့ လား..။ နှစ်စဉ် ရာသီအကူးအပြောင်းတိုင်း ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါ ဘယတွေကြောင့် ဆေးရုံရောက်လာတဲ့ ကလေးငယ်များထဲက တချို့ ကြွေလွင့်သွားတာဟာ ဘယ်သူမှ မတတ်နိုင်တဲ့ ကံတရားရဲ့ စေစားမှုလား..။

ကျောင်းကြီးတွေ ဆောက် ဘုရားကြီးတွေဆောက်.. ထမင်းရေချောင်းစီး အလှူကြီး ပေးနေကြသူတွေ ရဲ့ စေတနာသဒ္ဒါတရားဟာ ကလေးဆေးရုံဆီ ဘာကြောင့် ရောက်မလာရတာလဲ..။ ဘယ်အချက်တွေက သူတို့လက်ရှိအလှူတွေဟာ ကလေးဆေးရုံကို လှူတာထက် ပိုသာမြင့်မြတ် ကောင်းမွန်တယ်လို့ တွန်းအား ပေးနေခဲ့ပါသလဲ..။”

Navana၊

http://navana07.blogspot.com/2008/10/324.html ၊ အောက်တိုဘာ ၂၀

ခွင့်မလွှတ်ထိုက်တဲ့ ကိစ္စရပ်တွေကို မှားယွင်းစွာ ခွင့်လွှတ်ထားခဲ့ရင် ခွင့်လွှတ်လိုက်သူပါ ခွင့်မလွှတ်ထိုက်သူ ဖြစ်သွားပါလိမ့်မယ်။ မှားယွင်းစွာ ခွင့်လွှတ်ခြင်းဟာ နောက်ထပ်အပြစ် ကျူးလွန်ဖို့ ဖိတ်ခေါ်ရာ ရောက်ပါတယ်။ ဖြောင့်မှတ်ခြင်းကို တန်ဖိုးထားရကောင်းမှန်းမသိ၊ သစ္စာစောင့်ထိန်းခြင်းကို တန်ဖိုးထားရကောင်းမှန်း မသိ။ တိုင်းပြည် လူမျိုး ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ရမှန်း မသိ။ တရားသဖြင့်သာ ရှင်သန်နေထိုင်ရမယ် ဆိုတာကို လက်ခံနိုင်ခြင်မရှိ ဖြစ်သွားပါလိမ့်မယ်။

တင်တင်၊ ခွင့်လွှတ်ခြင်း ဆောင်းပါး၊ အတွေးအမြင်၊ အောက်တိုဘာ ၂၀၀၈


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts