>Nyunt Htwe – Burmese Generals stepping on Nargis to win 2010 Election

>

နာဂစ်ကို အမြတ်ထုတ်ပြီး ၂၀၁၀ ရွေးကောက်ပွဲဝင်မယ့် စစ်ဗိုလ်ချုပ်

ညွန့်ထွေး

အောက်တိုဘာ ၃၀၊ ၂၀၀၈

နာဂစ်မုန်တိုင်းက စစ်အစိုးရရဲ့ အခြေခံဥပဒေကို ပြိုကွဲအောင် မတိုက်နိုင်ခဲ့ဘူး။ မေလက နာဂစ်အပြီးမှာပဲ စစ်အစိုးရက သူတို့ အခြေခံဥပဒေကို အတည်ပြုလိုက်တယ်။ ထောက်ခံမဲက တင်းကြမ်း များလွန်းတော့ မြန်မာပြည်မှာ အတိုက်အခံဆိုတာ ရှိသေးရဲ့လားလို့တောင် ထင်ရပါတယ်။ ၂၀၁၀ မှာ ရွေးကောက်ပွဲလုပ်မယ် ဆိုတော့ အတိုက်အခံက ရွေးကောက်ပွဲအကြောင်း မပြောရသေးခင်မှာ စစ်အစိုးရနဲ့ ဘက်တော်သားများက ၂၀၁၀ ရွေးကောက်ပွဲ အဖျားတက်ကုန်ကြပြီ ဖြစ်ပါတယ်။


ဝန်ကြီးတွေ၊ ဦးဆောင်ညွန်ကြားရေးမှူး ရုံးချုပ်တွေ၊ ၀န်ကြီးရုံးတွေနဲ့ စစ်အစိုးရရဲ့ လုပ်ငန်းရှင် အဖွဲ့အစည်းမျိုးစုံက ၂၀၀၈ အခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲ ရှင်းလင်းပွဲတွေ၊ ဆွေးနွေးပွဲတွေအတွက် ခြေလှမ်းပြင်နေကြတယ်လို့ သိရပါတယ်။


ဥပမာ – နအဖ စွမ်းအင်ဝန်ကြီး ဗိုလ်ချုပ် လွန်းသီကို ကြည့်နိုင်ပါတယ်။ သူ့ဇာတိက ကွမ်းခြံကုန်း။ ရန်ကုန်နဲ့ မိုင် ၃၀။ နာဂစ်အလွန် ပြာပုံ … အော် သည်းခံပါခင်ဗျာ။ အပျက်အစီးပုံ၊ အလောင်းပုံထဲက စစ်အစိုးရက ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ခွဲတမ်းချတော့ ဗိုလ်ချုပ်လွန်းသီနဲ့ အေးရှားဝေါလ်ဒ် ကုမ္မဏီတို့ တာဝန်ကျပါတယ်။ တောင်ပိုင်းခရိုင် မုတ်ကျွန်းဒေသ၊ ကွမ်းခြံကုန်း ဒေသတွေကို တာဝန်ယူကြရတယ်လို့ သိရပါတယ်။


ဗိုလ်ချုပ် လွန်းသီက ပေးမယ့် ထမင်းထုတ်ကို လက်က မလွှတ်ခင်မှာ လက်ဖြန့်နေတဲ့ ဒုက္ခသည်များကို အမှာစကား ချွေတာက –

“၂၀၁၀ ရွေးကောက်ပွဲဟာ တရားမျှတတဲ့ပွဲ၊ ပြည်သူကို အမြဲ စောင့်ရှောက်နေတာက တပ်မတော် အစိုးရ၊ အမေရိကန်တို့ ဘာတို့က ခင်ဗျားတို့ကို ဆန်ကျိုးလေး တစေ့တောင် ကျွေးတာ မဟုတ်ဘူး။ ခင်ဗျားတို့မှာ ရွေးစရာက တပ်မတော်က ပေးစာကမ်းစာပဲ ဖြစ်တယ် …”

ဆိုတာပဲ ဖြစ်ပါတယ်။


လွန်ခဲ့တဲ့ ၆ လ ကတည်းက မုန်တိုင်းသင့်ဒေသကို ချောင်းပေါက်မတတ် လာတဲ့ ၀န်ကြီးကြောင့် သာတူညီမျှ ကောင်းစားကုန်တာမဟုတ်ဘဲ သားတူညီများ ဆိုတဲ့ သူနဲ့ ဆွေမျိုးနီးစပ်တွေ ကြီးပွားသည်ထက် ကြီးပွားလာတယ်လို့ သိရပါတယ်။ ရေခဲစက် ကြာဇံစက်ပိုင်သူတွေက သူ့အမျိုးတွေလို့ ဆိုပါတယ်။ နွမ်းပါးတဲ့ ဆွေမျိုး တချို့တလေကိုတော့ ၀န်ကြီး ကိုယ်တိုင်က အရေးမလုပ်ဘဲ သာမန်နင်းပြား ပြည်သူတွေကဲ့သို့ တပြေးညီ ဆက်ဆံပြပါတယ်။


လေဘေးအကူအညီ ပစ္စည်းတွေကို တပ်မတော်က သိမ်းပိုက်ထားပြီး သူတို့ စိတ်တိုင်းကျ ပြန်ပေးဆွဲ ဝေငှနေတာကို အလွန်ဆင်းရဲဒုက္ခ ရောက်နေတဲ့ ဒေသခံများက အလွန် ကျေးဇူးတင်ကြပါတယ်။

အင်န်အယ်ဒီတွေ၊ အနုပညာရှင်တွေ၊ စာနယ်ဇင်းသမားတွေက အဖမ်းအဆီးခံရမှာ စိုးလို့ ရုပ်ဖျက်ပြီး ခိုးကြောင် ခိုးဝှက် အလှူအတမ်း ပြုနေရချိန်မှာ၊ အကူအညီပေးနေရချိန်မှာ ၀န်ကြီးနဲ့ အပေါင်းအပါတွေက ပေါ်ပေါ်ထင်ထင် နိုင်ငံတကာနဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေက တဆင့် ရတဲ့ အလှူတွေကို သူတို့လက်ကတဆင့် လှူနေတာ ဆိုတော့ မသိနားမလည်တဲ့ ပြည်သူတချို့က

“ဟင် … ဘယ်မှာလဲ အင်န်အယ်ဒီက လူတွေ။ ရေဒီယိုမှာတော့ သူတို့တွေ လှူနေကြတယ် ဆို …” ဟု မြည်တမ်းတော့ ၀န်ကြီး ဗိုလ်ချုပ် လွန်းသီက အလွန် ကျေနပ်သွားတယ် လို့ ဆိုပါတယ်။


ကွမ်းခြံကုန်းက လက်ရှိအခြေအနေကို မေးမြန်း စုံစမ်းကြည့်တော့ ၀န်ကြီး ဗိုလ်ချုပ်လွန်းသီက နာဂစ်ကို အကြောင်းပြုပြီးတော့ ၂၀၁၀ အတွက် နိုင်ငံရေး အမြတ်ထုတ်နေတာ ဖြစ်တယ်လို့ ဝေဖန်ကြတာကို ကြားသိရပါတယ်။ ဆောက်ပေးတဲ့ အိမ်ယာတွေကလည်း လမ်းပေါ်က လမ်းကြောင်းသွားတဲ့ (၀န်ကြီး ဖြတ်သန်းတဲ့) နေရာက မျက်နှာစာ အိမ်တချို့ ကို ဆောက်တာ ဖြစ်တယ် လို့ ပြောပြကြပါတယ်။

အလှူရှင်လို့ မဏ္ဍပ်တိုင် မတက်ပြရဲတဲ့ အလှူရှင် အဖွဲ့အစည်းစုံက အစားအစာတွေ၊ အဆောက်အဦတွေ၊ အကူအညီတွေကြောင့် ဒေသခံတွေ ပြန်လည် ထူထောင်လာနိုင်ရတာ ဖြစ်ပေမယ့် ၀န်ကြီးနဲ့ စစ်အာဏာရှင်လက်ပါးစေတွေက နေရာတကာ ပါနေတော့ ပေါ်ပေါ် ထင်ထင် ထုတ်ပြောဖို့ ခွင့်မသာဘူးလို့ မျက်မြင်တချို့က ပြောပါတယ်။


“တကယ်လို့ ကယ်ဆယ်ရေး စေတနာရှင်တွေက မာကျောတဲ့ နှလုံးသားနဲ့ စစ်အစိုးရ လက်ထဲကို ဒီနယ်မြေတွေကို နင်တို့ချည်းပဲ စိတ်ကြိုက် ကယ်ကြပေတော့လို့ ပစ်ထားခဲ့ရင် စစ်အာဏာရှင် ဘီလူးရုပ်ကို ထင်းထင်းကြီး မြင်ကြရမှာပဲ။ အခုတော့ စေတနာရှင်တွေကိုကော ဒုက္ခသည်တွေကိုပါ စစ်တပ်က နိုင်ငံရေးအမြတ်ထုတ်နိုင်ဖို့ စေတနာရှင်တွေက ကျောခင်းပေးနေရသလိုပဲ” လို့ ဒေသခံ နိုင်ငံရေးတက်ကြွသူတချို့က သုံးသပ်ပြပါတယ်။


မည်သို့ပင် ဖြစ်စေကာမူ နာဂစ်အလွန် ဒုက္ခသည်ဒေသတွေမှာ စစ်အာဏာရှင်တွေရဲ့ အသိုင်းအ၀ိုင်းတွေက သြဇာတည်ဆောက်တာ၊ လွှမ်းမိုးဖို့ ကြိုးစားတာ၊ ပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲကို ဦးတည်တဲ့ နိုင်ငံရေးအမြတ်ထုတ်ဖို့ စနစ်တကျ ပြင်ဆင်တာကို တွေ့နေရပြီ ဖြစ်ပါတယ်။


စစ်ဗိုလ်ချုပ်တွေကပဲ ကိုယ်တိုင်ရွေးကောက်ပွဲ ၀င်မှာလား၊ သူတို့ ကျောထောက်နောက်ခံ ပေးလိုက်တဲ့ ဒေသခံ မြို့မျက်နှာဖုံးတွေ၊ လူကြီး ဆိုသူတွေကိုပဲ ရွေးကောက်ပွဲ ၀င်စေမှာလား ဆိုတာကတော့ ကာယကံရှင်တွေကို သတင်းစာသမားက တိုက်ရိုက် မေးခွင့်ရမှ သိမှာပဲ ဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts