>Win Pe Bag – 4

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

ဝင်းဖေလွယ်အိတ် အမှတ် ၎
မြို့မငြိမ်းရဲ့လူသိနည်းတဲ့သီချင်းတပုဒ်
ဝင်းဖေ
အောက်တိုဘာ ၂၂၊ ၂၀၀၈


သောတရှင်များခင်ဗျား
ကျနော်က မန္တလေးသားဆိုတော့ မန္တလေးသားမြို့မငြိမ်း၊ ဦးလေးငြိမ်းအကြောင်းကို ပြောမယ်ဆိုရင် ပြောမဆုံးပေါင် တော်သုံးတောင် ဆိုတာလို အများကြီး ပြောစရာရှိပါတယ်။ ဒါပေမယ့် သောတရှင်တွေ ငြီးငွေ့မသွားဖို့ကလည်း အရေးကြီးပါတယ်။ ဒီတပတ်ပဲ ဆက်ပြီးတော့ ပြောပါရစေ။ နောက်တပတ်တော့ တခုခု ပြောင်းပြောပါ့မယ်။

ကျနော်တို့ ဂီတလောကမှာ အချစ်သီချင်းတွေ အများကြီး ရှိပါတယ်။ အလွန်လူကြိုက်များတဲ့ အချစ်သီချင်းတွေပဲ။ သီချင်းရေးဆရာတိုင်းလိုလို အချစ်သီချင်းတွေကို ရေးခဲ့ကြတာပါပဲ။ အချစ်သီချင်း မရေးဖူးတဲ့ သီချင်းရေးဆရာ အလွန်ရှားပါတယ်။ ဦးလေးငြိမ်းကတော့ “သက်ဝေ” တို့ “နှစ်ယောက်တည်းနေချင်တယ်” တို့၊ “ချစ်လွန်းတင်” တို့ဆိုတဲ့ အချစ်သီချင်းတွေနဲ့ တံခွန်ထူခဲ့ပါတယ်။ “ပျို့မှာတမ်း” တို့၊ “နတ်သျှင်နောင်” တို့လောက် ကြီးကျယ်တဲ့ အချစ်သီချင်းမျိုးတွေကို ဒုတိယတန်းလောက်မှာပဲ ထားလိုက်ပါ့မယ်။

ဦးလေးငြိမ်းဟာ “သက်ဝေ”တို့၊ “ချစ်လွန်းတင်” တို့ကို ဖြတ်ကျော်ပြီး အချစ်သီချင်းတပုဒ်ကို စပ်ဆိုခဲ့ပါသေးတယ်။ ဒီလိုပါ၊ ဦးလေးငြိမ်းမှာ အလွန်ခိုင်ခန့်တဲ့ အချစ်နဲ့ အိမ်ထောင်ရေး ရှိခဲ့ပါတယ်။ ဦးလေးငြိမ်းရဲ့ ရှုမငြီးတဲ့ဇနီးက ဒေါ်ဒေါ်သန်း တဲ့။ ဒေါ်သန်း လို့ ခေါ်ပါတယ်။ ဦးလေးငြိမ်းတို့မှာ သားသမီး တဒါဇင်နီးပါး ထွန်းကားခဲ့လောက်အောင် ချောမွေ့ပြေပြစ်တဲ့ မိသားစုဘ၀ကို ဖန်တီးနိုင်ခဲ့ကြပါတယ်။ ငွေကြေးအခြေခံပေါ်မှာ တိုင်းတာတာ မဟုတ်ပါဘူး။ ပကတိ မိသားစုဘ၀ စည်ပင်ချမ်းမြေ့မှုကို ဆိုလိုတာပါ။ ဒါပေမယ့် ဒေါ်ဒေါ်သန်း အသက်ကလေး အတော်ရလာတော့ မျက်ခမ်းစပ်တဲ့ ပြဿနာ ပေါ်လာပါတယ်။ ဦးလေးငြိမ်းက သူ့ဇနီးကို အလွန် မြတ်နိုးပါတယ်။ ဒီတော့ သီချင်းရေးဆရာ ဂီတသမားပီပီ သူ့အချစ် သူ့သံယောဇဉ်ကို စာဖွဲ့ပါတော့တယ်။ ဒီ အချစ်သီချင်းကလေးကို လူသိနည်းပါတယ်။ ဒါ့ကြောင့်လည်း ပြန်လည် တင်ပြပေးလိုက်ပါတယ်။ အဓိပ္ပာယ်ကို ကြိုပြီးတော့ ပြောပြထားပါ့မယ်။

လူတယောက်ဟာ တဲ့၊ ချစ်မိပြီဆိုရင် ကိုယ့်ချစ်သူ ပိန်တာ ၀တာ ပုတာ ရှည်တာ မည်းတာ ဖြူတာ ဘာမှ မမြင်တော့ဘူး တဲ့။ အရူးအမူး ချစ်တော့တာပဲ တဲ့။ ဆိုကြပါစို့ ကိုယ့်ချစ်သူဟာ မျက်ခမ်းစပ် ဖြစ်နေလို့ မျက်သားတွေ နီရဲနေရင်တောင်မှ မျက်သားနီရဲနေတာကလေးတွေဟာ နှုတ်ခမ်းမှာ သန္တာသွေးလို ရဲနေတာလို သဘောထားပြီး ကြည်ဖြူမှာပါ တဲ့။ နောက် မျက်ခမ်းစပ်နေလို့ ဖြုတ်တွေ ယင်တွေ အုံရင်တောင် ဖြုတ်မောင်း ယင်မောင်း လုပ်ပေးရင်း အချစ်တွေ ပိုကဲလာဦးမှာပါ တဲ့။ နောက် မိမိချစ်သူက ကွမ်းဝါးတာ ကွမ်းစားတာ ကြိုက်တတ်ရင် စားသာစားပါ တဲ့။ ကွမ်းစားလို့ သွားတွေ မည်းကုန်ရင်တောင် ကေသာဆံပင်က ပိတုန်းရောင်လို သဘောထားပြီး ရယ်လိုက်ပြုံးလိုက်လို့ သွားမည်းမည်းကလေးတွေ ပေါ်လာရင်တောင် ဆံကေသာ ပိတုန်းရောင်ကိုချစ်သလို သွားကလေးတွေမှာ ပုလဲမစီဘဲ ပိတုန်းစီတယ် လို့ သဘောထားပြီး ချစ်ပါ့မယ် တဲ့။ နောက်ဆုံး ကုန်ကုန်ပြောရရင် မိုးမျှော်ငရုတ်သီးတောင့်ကလေးတွေကို ခွေထိုးပြီး ခေါင်းမှာ ပန်ဆင်ထားရင်တောင် ကိုယ့်စိတ်ထဲမှာတော့ ဇွန်ကုံးကလေးတွေကို ပန်ထားတယ်လို့ မြင်ပြီး ချစ်နေမှာပါမေရယ် လို့ စပ်ဆိုထားပါတယ်။ ကပ်သီးကပ်သပ် အချစ်သီချင်းကလေးပါခင်ဗျာ။

အခု တေးသွားကိုပါ သီဆိုတင်ဆက်ပေးမှာ ဖြစ်ပါတယ်။ ဖျော်ဖြေရေးမဟုတ်ပါဘူး။ ဦးလေးငြိမ်းရဲ့ အနုပညာကို ပေါ်လွင်အောင် ဖော်ပြဖို့ ကြိုးပမ်းတာသာ ဖြစ်ပါတယ်။ တေးသွားထက် စာသားကို ဂရုစိုက် နားဆင်ကြပါခင်ဗျား။

“အပြစ်ခြောက်ပါး ကင်းလွတ်တယ်ထင်၊ ဘယ်သူဘာပြောပြော ချစ်သောသူ မည်းဖြူ ဆူကြုံ နိမ့်မြင့်ကိုပင် မမြင်ပါလေးကလား၊ ကျနော်တော့ အလှသားပဲထင် စွဲမိရင် ဒီလိုပဲ မြင်။ မေ့မျက်ခမ်း စပ်ပါစေ့ နီလွင် ရီရွှင် သန္တာသွေး နှုတ်ခမ်း၏ အသွေးရောင်လိုပင် ဆွဲကာယူငင် တန်ဆာဆင်ပြန်တော့ ဖြုတ်မောင်း ယင်မောင်း ကောင်းမယ်၊ ပစ်ရက်ပေါင် အိုအောင် ပေါင်းချင်။”

“ကွမ်းဝါးတာ ကြိုက်တတ်ပါရင် ကြိုက်သလိုသာပင် သုံးဆောင်စေချင်၊ ရယ်ရွှင်ပြုံးသလားဆို သွားကလေးတွေ ညိုညိုနက်ပါစေ၊ ဒန္တာဟာ ကေသီပဲပေါ့၊ ပုလဲမကုံးပြီ ပိတုန်းစီသလိုပင် ငရုပ်သီးမိုးမျှော်ခွေထိုးလို့ပန်ဆင် ကျနော့်အမြင်နဲ့တော့မေရယ် ဇွန်ကုံးကလေးကို ပန်တယ်လို့ပဲထင်”

အဲဒါပါပဲ သောတရှင်များခင်ဗျား။ မြို့မငြိမ်း၊ ကျနော်တို့အခေါ် ဦးလေးငြိမ်းက ချစ်မိ စွဲမိပြီဆိုရင် ကိုယ်ထင် ကုတင်ရွှေနန်း ဘာကိုမှ အပြစ်မမြင်တော့ဘဲ အရာရာမှာ အချစ်တွေပဲ ၀င်နေတတ်တော့တဲ့ သဘာဝကို ကွင်းကွင်းကွက်ကွက် ဖော်ကျူးထားတဲ့အကြောင်း ကြိုးစား တင်ပြလိုက်ပါတယ်။ ကျန်းမာ ချမ်းသာကြပါစေ၊ ကျနော် ၀င်းဖေပါ။ ။

(မူရင်း – ဘီဘီစီအသံလွှင့်ဋ္ဌာန၊ မြန်မာပိုင်းအစီအစဉ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts